Monday, November 29, 2010

ဘလော့ဂ်သစ်မိတ်ဆက်

ဘလော့ဂ်သစ်မိတ်ဆက်

အခက်အခဲအမျိုးမျိုးကြောင့် ယခုဘလောဂ့်အား ယာယီရပ်နားလိုက်ပါတယ်
အဲ့ဒီ့အစား https://lunnsetnoemyat.wordpress.com/တွင် ကဗျာအသစ်များ ဆက်လက်တင်ပေးသွားပါမယ်
ဒါ့အပြင် ၀တု/အက်ဆေး/ရသဆောင်းပါးများကိုလည်း https://lunnsetnoemyat.wordpress.com/မှာ
ထပ်တိုးတင်ဆက်ပေးဖို့ စီစဉ်ထားပါကြောင်း
အနယ်နယ်အရပ်ရပ်မှ ဘလော့ဂ်မိတ်ဆွေများအား
ရသစာပေအကျိုး မျှော်ကိုးကာ နှိုးဆော်လိုက်ရပါတယ်ခင်ဗျား။ ။

လွန်းဆက်နိုးမြတ်
၃၀.၁၁.၁၀
မနက် ၁၀း၃၀နာရီ

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လှိုက်လှဲစွာ ကြိုဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လှိုက်လှဲစွာ ကြိုဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လှိုက်လှဲစွာ ကြိုဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လှိုက်လှဲစွာ ကြိုဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လှိုက်လှဲစွာ ကြိုဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လှိုက်လှဲစွာ ကြိုဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လှိုက်လှဲစွာ ကြိုဆိုပါတယ်

Thursday, November 11, 2010

မနက်ဖြန်လာကြမယ်

မနက်ဖြန်လာကြမယ်

မျှော်နေတာကြာပြီ လာမယ့်လာတော့လည်း
ဆိုင်းနဲ့ဗုံကို ကပ်ပြီး ဆင့်ချလာတယ်
အဆက်ကို မနေ့ကမှ ခင်ဗျားက သွယ်လို့ရတာ အရင်ရက်တွေတုန်းကများဆို
ကျွန်တော်ဆက်လိုက်တိုင်း ဧရိယာပြင်ပပဲ တစ်နေကုန် တစ်ရက်ခန်း
သဝေထိုးနေလိုက်တာ ဘယ်လိုမှ သွယ်လို့မရဘူး
ရတော့လည်း ညနေစောင်းလို့တောင် နေပြီဆိုတော့
ရောက်လာကြမယ့် မနက်ကို ဖြန်ရအောင်ရလည်း ကျွန်တော့်မှာ မယ်မယ်ရရ
ကြိုတင်ပြင်ဆင်ချိန်မရ အ၀တ်တစ်စနဲ့ ဘယ်ကြမ်းကိုမှ လိုက်မသုတ်နိုင်
ကြက်မွှေးတစ်လက်နဲ့ ဘယ်အမျှင်ကိုမှ လိုက်မသုတ်အား သူဖွပ်နိုးနိုး ကိုယ်လျှော်နိုးနိုး
တနိုးနိုး တနိုးနိုး အားယူ အလှမွေး အရသာခံထားသမျှ ဧရာမအ၀တ်ပုံကြီးကိုသာ
ဧည့်လာလျှင်ရွှေ့ ဦးစားပေး(၁)အနေနဲ့
တက်သုတ်ရိုက် ဖျောက်/ဖျက်ရတယ်
ဟိုဟိုဒီဒီ လွင့်ချင့်တိုင်း လွင့်နေတဲ့ စကူစတွေအတွက် အရေးပေါ် အမှိုက်ပုံးတစ်ခု
သီးသန့်ပေးရတယ် ဘယ်အသေးကိုမှ မစိတ်နိုင်တော့ဘူး ဘယ်အစိတ်ကိုမှလည်း
အသေးမခံနိုင်တော့ဘူး တော်ရုံအရေးအသားဆို တန်ရုံမျက်စိခပ်လျှမ်းလျှမ်း
တစ်ချက်ကြည့်ပြီး ၀ဲပစ်လိုက်တယ် သာမန်ကိရိယာတန်ဆာပလာတွေအတွက်
ညောင်ညသစ်သားကုတင်အောက် ခြေထောက်နဲ့ ခပ်ပြင်းပြင်းလေး ကန်သွင်းလိုက်တယ်
(ပါးစပ်ကလည်း WaKa WaKa လို့ အော်လိုက်သေး)
သွားစမ်းပါ ဘာအနှာင့်မှ ညီနေစရာမလိုဘူး အပြင်ဖက်ရောက်နေတဲ့
ဖတ်လက်စ/ မဖတ်လက်စ စာအုပ်တွေအကုန်လုံး စာအုပ်စင်ထဲ ထိုးသိပ်သွင်းတယ်
EVDစက်ရဲ့ ဘေးဝဲယာမှာ ရွစိတက် ရွပြီးတော့ စိတက် ရွစိပြီးတော့ တက် တက် တက်
ဘယ်အခွေဟာ ဟောလီးဝုဒ် ဘောလီးဝုဒ် ပြင်သစ် ကိုရီးယား ထိုင်း တရုတ် မြန်မာ
ဂျာမနီ အီတလီ ဘယ်ကာဗာထဲကလဲ
ဘယ်ကာဗာဟာ ဒရမ်မာ ဖန်စီ အက်ရှင် ထရီလာ ကော်မန်ဒီ ထရက်ဂျဒီ ထရူးစတိုရီ ကာတွန်း
မြူးဇစ် ဒုတ်ခွီမန်ထရီ ရှော့မူဗွီ ဘယ်အခွေထဲကလဲ မစဉ်းစားနဲ့ သိမ်းကြုံးထည့် စုပုံရှင်း
မျက်စိနောက်တယ်ထင်တဲ့အရာ ဘာဆိုဘာမှ မထားနဲ့ အကုန်ရုံခါပစ် မျက်နှာလွှဲခဲပစ်
ပစ်သာပစ် အချစ်နဲ့စစ်မှာ မတရားတာမရှိ တရားတာလည်းမရှိ မရှိတဲ့ ပန်းဝယ်ပြီး
ဘုရားတင်ရမယ် အလှအိုးထိုးရမယ် မရှိတဲ့ ရေသန့်ဖြည့်ရမယ် ပန်းကန်အသစ်ထုတ်ရမယ်
အိပ်ယာခင်းအသစ်ထုတ်ရမယ်
စောင်အသစ်ထုတ်ရမယ် ခြင်ထောင်အသစ်ထုတ်ရမယ် ခေါင်းအုံးအသစ်ထုတ်ရမယ်
မြန်မြန်မြန်မြန် လွဲနေတဲ့ တိုင်ကပ်နာရီထဲ ဓာတ်ခဲတစ်လုံးအသစ်ထည့်လိုက် မြန်မြန်
ဒေါက်ယိုင်နေတဲ့ အ၀တ်လှမ်းစင်ကို အုတ်ခဲတစ်လုံးနဲ့ ဖေးထောက်
မြန်မြန် မကြည်လင်တဲ့ ကြည့်မှန်တွေပေါ် ရေစိုအ၀တ်နဲ့ပွတ်တိုက် မြန်မြန် မနက်ကို
ဆိုင်းဆင့်ဗုံဆင့်ဖြန်လာကြမယ့် ခင်ဗျားမိသားစုအတွက်
ခင်ဗျားကြိုက်တဲ့ ၀ီစကီတစ်တောင့် ခင်ဗျားအမျိုးသမီးဖို့ သိုးမွှေးပုဝါ
ပန်းချီဝါသနာပါတဲ့ ခင်ဗျားကလေးငယ် အသိကြွယ်စေဖို့က ရောင်စုံခဲတံ ပုံဆွဲစာအုပ်နဲ့ ချောကလက်များ
တစ်အိမ်လုံး လေ၀င်လေထွက်ကောင်းအောင် အခုကတည်းက ပြတင်းပေါက်တွေ
အကုန်လိုက်ဖွင့်ပစ်တယ် ခန်းဆီးစတွေ အသစ်လဲတပ်တယ်
ဖျာကိုလိပ်ပြီး နံရံထောင့်ထောင် ထီးကိုခေါက်ပြီး တိုင်မှာချိတ်
ကျန်းမာရေးကလည်း ရှိသေးသကိုး အိမ်သာထဲလည်း
ရေနှစ်ပုံး၊သုံးပုံးလောက် ပစ်လောင်းလိုက်တယ်
မနက်ကို ဖြန်တဲ့အခါ ဧည့်ထောက်စကားသံထဲ အပြစ်အနာအဆာကင်းစင်ဖို့
ဆေးချီးမွမ်းခုနစ်ရက် ကြောကဲ့ရဲ့ခုနစ်ရက်အားလုံး
အိုကီဆပ်ပြာနဲ့ စိမ်ပြီး ဆေးပစ်ကြောပစ်တယ် ဒါမှသာ ခင်ဗျားနဲ့ ကျွန်တော် ရှိရင်းစွဲ
ပေါင်းသင်းခေါင်မိုးလည်းလုံ ဆက်ဆံရေးတံစက်မြိတ်လည်း လုံစေမယ်မဟုတ်လား
နောက်ပြီး မကို နငယ် ကသတ်နဲ့ ဖြန်ချိန်မှာ ဒီမြို့က အထင်ကရနေရာတွေ
လိုက်လံပြသဖို့ တောင်းဆိုလာနိုင်ကောင်း
တောင်းဆိုလာတဲ့အခါ အဆင်ပြေရင် ပြေသလို ကြည့်ကျက်မီးစင်ပြီး
က နိုင်ဖို့အရေးလည်း ကြိုတွေးထားရသေးတော့
ဒါ ဒီမြို့မုဒ်ဦး ဒီမြို့ဘုရား ဒီမြို့ဈေး ဒီမြို့ကျောင်း ဒီမြို့မြစ် ဒီမြို့နာရီစင်
ဒီမြို့ဘီယာဆိုင် ဒီမြို့ဇိမ်မယ်တန်း ဒီမြို့ရဲစခန်း ဒီမြို့တရားရုံး ဒီမြို့လူမိုက်လမ်း
ဒီမြို့ဘုန်းကြီးကျောင်း ဒီမြို့ကားဂိတ် ဒီမြို့အဆီ ဒီမြို့အခေါက် ဒီမြို့အရွတ် ဒီမြို့အူ
ဒီမြို့အသည်း ဒီမြို့ကဗျာ ဒီမြို့စကားပြေ ဒီမြို့အက်ဆေး ဒီမြို့ဆောင်းပါး နောက်ဆုံး
ဒီမြို့တည်ဖို့ (မရှိမဖြစ်) ဒီမြို့စုန်းခုနစ်ကောင်နဲ့ အဆုံးသတ် မတော်လေးရယ်မှတဆဖြစ်တတ်တဲ့
သဘောသဘာဝအရ ရေပြောင်းမြေပြောင်းမှာ
ဓာတ်မတည့်စာ ဓာတ်မတည့်ရေ ဓာတ်မတည့်ဓာတုပစည်းတစ်မျိုးမျိုးအား
မတော်လေးရယ်မှတဆ ထိမိကိုင်မိပြီး အလက်ဂျစ်ခေါ် ယားယံဖုများ အရေပြားတစ်လျှောက် ထွက်လာခြင်း
တက်မတတ် ချက်မတတ် ငိုယိုခြင်း အော့အန်ခြင်း ခေါင်းမူးခြင်း ရင်တုန်ခြင်း
စတာတွေ ကင်းဝေးဖို့အတွက် စိမ့်သက်သက် ဂိုးရို့စ်ကော်ဖီမစ်စ်အပြင်
ဆေးသေတာခပ်စုတ်စုတ်လေးတစ်လုံးလည်း ရယ်ဒီအနေအထားလုပ်ရတယ်
ခရေစေ့တွင်းကျတော့လည်း ဘယ်ဟုတ်ပါ့မလဲ
တွင်းနှုတ်ခမ်းပေါ်တစ်ပွင့် တွင်းနဲ့မလှမ်းမကမ်းတစ်ပွင့်
ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့်ပေါ့လေ
တစ်ခုတော့ ရှိတယ် တစ်ခုပါပဲ
မနက်ကို ဖဦးထုတ် ရရစ်နဲ့ ဖြန်ချိန်မှာ တစ်ဖက်က ရွှေပြည်အေးတရားကို
သံတမန်ဆန်ဆန် ပျားရည်နဲ့ ၀မ်းချနေပေမယ့် အခြားတစ်ဖက်မှာ ဘနဖူး သိုက်တူးပြီး
ကျွန်တော့်ရိပ်မြုံဆိပ်ကမ်းလေးပေါ် ခင်ဗျားကောက်ကျစ်စဉ်းလဲ တိုက်လေယာဉ်ပျံတွေနဲ့
အလစ်အငိုက် ပစ်ခတ်လုပ်ကြံဖို့တော့ တင်ကြိုစိတ်ကူးမထားစေချင်တာပါ
ဒါလေးတစ်ခုပါပဲ။ ။

လွန်းဆက်နိုးမြတ်

Sunday, November 7, 2010

နှစ်ပင်လိမ်

နှစ်ပင်လိမ်

ရောင်စုံဘောလုံး ရောင်စုံဖန်ဂေါ်လီ ရောင်စုံခဲတံ ရောင်စုံပလတ်စတစ်
ကစားစရာလေးတွေ ငယ်ဘ၀ကိုယ်စားပြု ရောင်စုံဘောလုံးကတဆင့် ဒီကနေ့
ရောင်စုံလူသားတွေကြားထဲထိ တစ်လုံးငါးပြား သုံးလုံးယူဆယ်ပြားပဲပေး ယုတိဗေဒ
ကို ဖီဆန်လှုပ်နှိုးတဲ့ လေသံ တစ်လုံးဝယ်ရင် တစ်အိမ်လုံးချိုတယ် မွှေးတယ် ချိုမွှေး
လေး ဒီခေတ်ကြီးမှာ တစ်လုံးငါးပြားဆိုတာ ရယ်စရာပြောတာ ငါးလုံးမှနှစ်ထောင်
ဘယ်ဝါဒမဆို ကြိုက်တဲ့အရောင်ရွေးယူ အမျိုးသားဝတ် အမျိုးသမီးဝတ် ဂျော်ရ
ကီးဝတ် သားသားမီးမီးဝတ် စုံတယ် ပေါတယ် စုံပေါလေး ဘယ်လှိုင်းမှာ ရောက်နေ
ပြီလဲ ပို့စ်လွန်လှိုင်းလား ကမာပြားလှိုင်းလား နောက်တစ်လိုင်းအတွက် ကြိုက်တဲ့
အရောင်ရွေးယူ စိမ်း ၀ါ နီ ဖြူ ပြာ ညှက်ရယ်နဲ့ တစ်လုံးငါးပြား အိမ်ကွင်းလား
အဝေးကွင်းလား စကားဝှက်ရိုက်ထည့်ပါ တစ်လုံးဆယ်ပြား မလိမ်နဲ့ ဘုရားမ
ကြိုက်ဘူး စကားဝှက်အမှန်ရိုက်ထည့်ပါ တစ်လုံးငါးပြား။ ။

လွန်းဆက်နိုးမြတ်
၎.၁၀.၁၀
မနက် ၀၁း၀၀နာရီ

Sunday, October 31, 2010

စိတ်ချအဘ

စိတ်ချအဘ

လူအလစ်မှာ ပုဆိုးထုပ်လေးကို ခိုးဖြည်ကြည့်လိုက်တာ မူးသွားတယ် ရူးသွား
တယ် ခေါင်းကို လက်ညှိုးနဲ့ထောက်ခါပြတယ် ခေါင်းမကောင်းဘူး ဒူးမကောင်း
ဘူး သွားလည်း မကောင်းဘူး သွားကြားထဲက အစာအတွက် နေ့စဉ်နေ့စဉ်
တုတ်တစ်ချောင်းနဲ့ ရှာရ ဖွေရ အဘခမျာ အိုမင်းခါးကိုင်းလို့ နေပါပြီကွယ် စပ်ကူးမပ်
ကူးကာလမှာ သတိထားအဘ ဖျားတတ်တယ် နာတတ်တယ် ဓာတ်မကူးစေနဲ့ ကွေးထား
ဒူးနှစ်ဖက်ကို ကပ်ထား ကပ်ထားတဲ့ ဒူးတွေပေါ် လက်နှစ်ဖက်နဲ့ ရစ်ပတ် စောင်တစ်ထပ်
ခြုံ နောက်တစ်ထပ်က အဆီ နောက်တစ်ထပ်က အသား ငါးထပ်ကအခန်း ငှားမလား
စုံစမ်းကြည့် မေးကွဲမကွဲကြည့် ပါးစပ်ပြဲမပြဲကြည့် ပြဲနေတဲ့ ကမာကို အချိန်မှီချုပ် ဘ၀တွေ
ဘ၀တွေ အစုတ်သက်သာ စုတ်တဲ့ထဲက တစ်စွန်းပေါ်ရင် အလွယ်တကူ တစ်စမြင်သွားမယ်
တွေ့သွားမယ် မိသွားမယ် သတိထား ဖြတ်မကူးခင် ဟိုဖက်ကား ဒီဖက်ကားကြည့် ယာဉ်ထိန်း
ရဲကိုလည်း ကြည့် မမိစေနဲ့အဘ စိတ်က စိတ် ပုတီးက ပုတီး အဲဒီ့စိတ်ပုတီးတစ်ပတ်ထိ တစ်က
နေတစ်ရာထိ တစ်ယာနဲ့တော့ မရဘူး တစ်နေ့တစ်နေ့ အယာအစိတ်လောက် ၀ါးရမှ ဒီမှာ
ချိုးတွေတောင်တက်လို့ တက်နေတဲ့ ချိုးတွေ ပိုက်ပြင်သမားအမြန်ခေါ်ခွာခိုင်းမယ် မယား
ဆိုပျိုမှ သမားဆိုအိုမှ (ဂျိုးဖြူရေ ဘယ်မခန်း)မယ်ထွေးအမိဖမ်းပြမှ တူတူရေ၀ါး သားသားရေ၀ူ
ဆင်ကြီးမိုမိုသီချင်းဆိုပြ လိုင်စင်ဓာတ်ပုံပါလားပြ ပါရင် ဟိုမှာ ဖောင်ဝယ်ပြီးဖြည့် မပြည့်ရင်
ပြည့်တဲ့ထိဖြည့် မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ် ဘောင်ဘင်ခတ်သည်ဖြစ်စေ မခတ်သည်
ဖြစ်စေ ဖားတစ်ကောင်ခုန်ချရင်တော့ ပလုံမြည်သံကြားရ ငါ့သိမှုဗေဒစကားအရေးအသား
နွားရ အမြီးရရ ခေါင်းရရ ဘာပဲရရအဘ ဟိုနားတင်မရ ဒီနားထားမရရင်တော့လည်း
စိတ်ကိုချအဘ စိတ်ဒုံးဒုံးချ စိတ်သာချ ကောင်းလေစွ ကောင်းလေစွ
ကောင်းလေစွ။ ။

လွန်းဆက်နိုးမြတ်
၂၄.၉.၁၀
ည ၁၁း၀၀နာရီ

Tuesday, October 19, 2010

တောကစားထွက်ခန်း

တောကစားထွက်ခန်း

ကင်မရာထဲ ၀င်လာသမျှ အကုန်ပစ်ချလိုက်တယ်
ထုံးစံအတိုင်း ကောင်းကင်မပြာ့တပြာမှာ
ငွေရောင်မပေါက်တပေါက်တိမ်စိုင်တွေ ဘာတွေကို အရင်ဆုံး(အရင်ကတည်းက
ဆုံးနေတာလား) ရသပေါ့ ချောင်းနံဘေး ဓာတ်တိုင်ပေါ် စုပြုံနားခိုနေတဲ့ ပျံလွှားဆန်ဆန်
ငှက်ကလေးတွေ(ငှက်တွေကို အမျိုးအစားသိပ်မခွဲတတ်) ငှက်ကလေး ကြက်ကလေးလို
လူကိုဆက်ဆံချင်လို့ ရမလားဟဲ့ အကောင် နင် ငါ့ခန္ဓာကိုယ်ပဲ ရမယ် ငါ့အချစ်တော့မရဘူး
ဒါကိုလည်း ရသပေါ့ မျက်လုံးကတဆင့် အချက်ပေးစနစ်အရ “အစိမ်းရောင်”
နောက်ဆက်တွဲ “မြ”ဆိုတာက သိမှုမှာ အလင်္ကာထပ်တူပြုလိုက်ခြင်းတဲ့
အဲဒီ့ စိမ်းမြနေတဲ့ လယ်ကွင်းတွေကြား ၀ါးလုံးတိုင်မှာ ရှပ်လက်ရှည်အဖြူတစ်ထည်
ချည်နှောင်ထားတဲ့(စောစောကလို ငှက်တွေ အပါအ၀င် မည်သည့် ငှက်အမျိုးအစား
အတွက်မဆို အထူးရည်ရွယ်လျက်) ဒေသခံအခေါ်အဝေါ်အားဖြင့် စာခြောက်ရုပ်ကို
လည်း အလင်းပွင့်တယ် ချောင်းထဲက မဗေဒါဟာ တစ်ဖုတ်တည်း အဲ မှားလို့ တစ်ပင်
တည်း မဟုတ်ဘဲ အုံလိုက်ဖုတ်လိုက် မှားပြန်ပြီ အုံလိုက်ကျင်းလိုက် ဒါကိုလည်း
ခလုတ်တစ်ချက်ဆွဲလိုက်တယ် ရွှံ့လူးအိုင်ထဲမှာ အများမညီလည်း သဘာဝကျကျဖြစ်မြဲ
ကျွဲတွေ ကျောပြောင်ပြောင်ပေါ် ကျီးမည်းတစ်ကောင်တစ်လေ နားနေတယ်
(ကျီးဖြူဖြူကျီးမည်းမည်း ကျွဲကျောပေါ်မှာ နားရဖို့သာ အဓိက)
အဲဒီ့ကျွဲတွေ ချောင်းထဲဖြတ်ကူးတော့ ရေပါတယ် မီးပါတယ် ကျောင်းနဲ့နီးတယ်
ဈေးနဲ့နီးတယ် ရဲစခန်းမဝေးဘူး တစ်ချက်ပစ်ရင် တစ်ကောင်ကျ ကင်မရာချောင်း
ကြည့်ပေါက်က ပစ်တယ် ကျွဲကျောင်းသားက ပုလွေမမှုတ်ဘူး အီမိုကေနဲ့ ဂစ်တာတစ်လက်
ကျောမှာ လွယ်ထားတယ် စီးနေတဲ့ ချောင်းရေထဲ ပလတ်စတစ်ဘိုမရုပ်လေး
ဝတ်လစ်စလစ်မှောက်ခုံမျောသွားတာ မိလည်းမိ ရလည်းရအောင်
မိမိရရ လှမ်းကလစ်(ခ်)တော်မူလိုက်တယ်။ ။

လွန်းဆက်နိုးမြတ်
၃.၁၀.၁၀
မနက် ၀၀း၁၅နာရီ

Thursday, October 7, 2010

ချက်ကော့ရဲ့ သေနတ်

ချက်ကော့ရဲ့ သေနတ်

အခန်းနံရံမှာ သေနတ်တစ်လက်ချိတ်ထား ဇာတ်ဆောင်အမျိုးသား
တစ်ဦးဝင်လာ နံရံပေါ်က သေနတ်ကို ဖြုတ် ပြောင်းတိုက် တစ်စစီလုပ်
ချေးချွတ် တစ်စစီပြန်တပ် နံရံမှာ ပြန်ချိတ် အခန်းပြင်ပြန်ထွက် ခဏနေတော့
အခန်းထဲ ဖင်ထိုင်ခုံတစ်လုံး မနိုင့်တနိုင် တရွတ်ဆွဲပြီး ကလေးတစ်ဦး
ဝင်ရောက်လာ နံရံမှာ ဖင်ထိုင်ခုံကို ကပ်မှီ ပြီးတော့ခုံပေါ်တက် သေနတ်ကိုဖြုတ်
သဘောကျ ၀မ်းသာ တအားပြုံး ခုံပေါ်ကဆင်း ပတ်ပြေး “ဒိုင်းညှောင့် ”
“ဒိုင်းညှောင့်” အော် ခဏရပ် “ဘွန်း...မိုင်နိမ်းအစ်စ်ဂျိန်းဘွန်း”လို့ ပြော
ရုတ်တရက် တစ်ခုခုကို သတိရ ခုံပေါ်ပြန်တက် အလျင်စလိုသေနတ်ပြန်ချိတ်
အခန်းပြင် ထွက်ပြေး ကွမ်းတစ်ယာညှက် ကြာလတ်သော် ခြေသံဒေါက်ဒေါက်
ကြား အခန်းထဲ ပေါင်တံရှည်မတစ်ယောက် ၀င်လာ ဖင်ထိုင်ခုံကိုကြည့် နံရံက
သေနတ်ကို ကြည့် နှုတ်ခမ်းကိုက် မျက်မှောင်ကြုတ် အနေအထားမမှန်တဲ့
သေနတ်ကို ပြန်ဖြုတ် ဖင်ထိုင်ခုံမှာထိုင် ဘာစိတ်ကူးပေါက်တယ်မသိ သေနတ်
ပြောင်းရှည်သလောက်နဲ့ အာသာဖြေ နှီးနှော ပြီးသော် သေနတ်ကို တစ်ရှူးနဲ့
အရည်စင်အောင်သုတ် ရှက်ကိုးရှက်ကန်း မလုံမလဲ အခန်းပြင်ပြန်ထွက်
မကြာခင်မှာ ညောင်နာနာလူတစ်ယောက် အခန်းထဲ ထပ်ရောက်လာ ပုံစံယောင်
ချာချာ ဟိုဟိုဒီဒီကြည့် သေနတ်ကိုမြင်သွား လှမ်းဖြုတ် သေနတ်ပြောင်းဝကိုနမ်း
သေနတ်ခါးကိုချိုး အိတ်ထဲက ဖြူဖြူအမှုန့်လေးတွေ ပြောင်းဝသိပ် ပြောင်းရဲ့ အခြား
တစ်ဖက်မှာ နှာခေါင်းကိုတေ့ နိဗ္ဗာန်ထိ တဆုံးရှိုက် ပါသမျှ အမှုန့်ကုန်အောင်ရှိုက်
ခုံမှာ ဖွဲတစ်အိတ်လို ပစ်ထိုင် မိန်းမော တော်တော်ရောက် အချိန်တရွေ့ရွေ့ကုန်
ခေါင်း ဆတ်ခနဲခါ မျက်လုံးရီဝေေ၀ နိုးထ အသက်ဝင် သေနတ်ကို အင်္ကျီလက်စနဲ့ပွတ်
အနေအထားမပျက် နံရံမှာပြန်ချိတ် နှာရှုံ့သံပြင်းပြင်း ခန္ဓာကိုယ်အနှံ့ လျှောက်ကုတ်
လျှောက်ပွတ် လေးလံနှေးကန် ပြန်ထွက်သွား ခဏအကြာ အခန်းထဲ သူခိုးမှန်းသိ
အောင် မျက်နှာအ၀တ်မည်းစည်းထားသူတစ်ဦး အသာအယာ ခြေဖော့ လှမ်းဝင်လာ
ဂနာမငြိမ် သေနတ်ကို လှမ်းဖြုတ် ဖင်ထိုင်ခုံပါ ချန်မထား ဆွဲယူမ ကျီးကြည့်
ကြောင်ကြည့် အသာအယာ သယ်ဆောင်ထွက်ခွာ။ ။

လွန်းဆက်နိုးမြတ်
၈.၁၀.၁၀
မနက် ၀၀း၄၅နာရီ

Monday, September 27, 2010

အရည်မလာလို့...။

အရည်မလာလို့...။

အရည်မလာဘူး(လား)အရည်(ဧကန်ဧက)လာအောင် အရည်ကို ဘာနဲ့မျှား
(တီကောင်/ဒေါ်လာ/ဘုရားသခင်/ဘာသာစကား/လျှာချင်းလူးလှိမ့်မှု)
နှစ်သက်ရာရာ ရွေးချယ်ဖြည့်စွက်နိုင်သော်ငြား အရည်ဆိုတာမျိုးက အခက်
သားကလား ပိုက်လိုင်းတစ်လျှောက် တဝေါဝေါလေတိုးသံတွေ အရင်နားစွင့်
လေတိုးသံတွေလာပြီးရင် နောက်ပါးထပ်ကျပ်မကွာ အရည်ကပ်လိုက်လာ(မယ်)
အရည်ဗေဒ အရည်လေ့လာချက် အရည်ဖြစ်ပေါ်တိုးတက်မှုသမိုင်း ဘာတစ်ခု
မှ လမိုင်းမကပ်တဲ့အခါ ပိုက်ဝဟာ (ခုများမှာ)အေးစက် ကြမ်းရှ သွေ့ခြောက်
အသေအချာစမ်းကြည့်ရင် ပိုက်ထိပ်ဟာ ပူနွေးလို့(တောင်)မနေ ပရီးမီးယား
လိဂ်အရည် ချန်ပီယံလိဂ်အရည် လိဒ် ချစ်စမ်းမောင် ကီးဘုတ် ဗညားနိုင်
တယော ဦးတင်ရီ အရည်မလာဘူး(ကွယ်) သံသရာလည်သလို အရည်လည်
လာမယ့်နေ့ကို မျှော်တလင့်လင့် လေရူး(တ)သုန်သုန် ၀သုန်မြေဆုံးစေတော့
အရည်ကို ရှာမလေ ရေခွန် မီးခွန် ဆန် ဆီ ဆား ငရုတ် ကြက်သွန် နေစရိတ်
စားစရိတ် သွားစရိတ် လာစရိတ် အရည်ကလေး စိမ့်စိုစေကြောင်း ဆုထူးတွေ
တောင်းမလေ စာတမ်းထိုးအရည်ဒီဗွီဒီ အင်တာနက်ပုံပြအရည်ပူစီ ဘလော့ဂ်
ကဗျာအရည်အရေးအသား ကလေးကလားနဲ့ ဈေးမသွားနဲ့ အမေတို့ ငယ်ငယ်
ကတည်းက သုံးတာ အရည် အကြည် အနောက် အပြောင် အပျက် အဖျက်
အမှောင့် အရည်မလာဘူး(နော်) ပိုက်ဝကို ပွတ်သပ်ချော့မြူ ပိုက်နှုတ်ခမ်း
သားဘေး လက်ကလေးနဲ့ ၀ိုက်ပေး နောက်ပြန်ပေး အမြှောက်ကန်တင်ပေး
ခေါင်းတိုက်ပေး အရည်လေးများ စိမ့်ထွက်လာလိုလာငြား အားထုတ် လုပ်
ဆောင် ၀ါယမစိုက် ကောက်စိုက် အနှစ်မရှိတဲ့တော မင်းမူတဲ့အပင်စိုက်
အရည်မလာ(သရွေ့)တော့ လက်ထဲက ပိုက်ဟာ ငိုက်စိုက် ငိုက်စိုက်။ ။

လွန်းဆက်နိုးမြတ်
၂၆.၉.၁၀
နေ့ ၀၂း၀၀နာရီ

Monday, September 13, 2010

ဟမ္ဘာဂါကိစၥ

ဟမ္ဘာဂါကိစၥ

ဒီမှာတော့ ဟမ်ဘာဂါဆိုတာ အောက်ခြေလူတန်းစား လွယ်လင့်တကူ ၀ယ်
မစားနိုင်တဲ့ အစားအစာဖြစ် တချို့ဆို စားတောင်မစားဖူး တစ်နေ့မှာ အဲဒီလို
အနေအထားမျိုးရှိတဲ့ တစ်ယောက်ယောက်ဆီ ဟမ်ဘာဂါဟာ တစ်နည်း
တစ်ဖုံနဲ့ရောက်ရှိလို့သွား သူဟာ ဟမ်ဘာဂါကိုရ သူဟာ ဟမ်ဘာဂါဆီရောက်
ဟမ်ဘာဂါဟာ သူ့ပါးစပ်ထဲမှာ သူ့လက်ထဲမှာ တစ်စစီ တစ်ပိုင်းစီ တစ်ဘ၀လုံး
လုံး ငြိုးမာန်ဖွဲ့ထားခဲ့လေသမျှ ဟမ်ဘာဂါကို ဒေါသတကြီး သူရင်ဆိုင် ရန်သူ
ကို ချေမှုန်းသလို ဟမ်ဘာဂါကို သူချေမှုန်း မျက်လုံးပြူး မျက်ဆံပြူး
ဝင်သက်ပြင်းပြင်း ထွက်သက်ပြင်းပြင်း ပလုတ်ပလောင်း တနင့်တပိုး တစ်ဖြဲ
နှစ်ဖြဲ လူပါးခပ်၀၀။ ။


(ရည်ညွှန်း-ဟမ်ဘာဂါစားသူ၊အောင်ချိမ့်)
လွန်းဆက်နိုးမြတ်
၂.၉.၁၀ ည၁၁း၄၅

Sunday, September 5, 2010

ဘာ...ဘာမှန်...

ဘာ...ဘာမှန်...

ဓာတ်မှန်ကို မလိပ်ရ မခါက်ရ ရေမစိုစေရ
သတိပေးချက်စာသားက အညိုရောင်စက္ကူအိတ်ပေါ်မှာ သိသာထင်ရှား
မိုးဦးလေဦး အိမ်ခေါင်မိုးသွပ်ပြားကို လေတိုးတဲ့ အသံဟာ
ဓာတ်မှန်ဖလင်ကော်ပြားကို ဆွဲထုတ်လိုက်တော့ ထွက်လာ
ကော်ပြားရဲ့ တစ်ဖက်မှာ အင်္ဂလိပ်ဘာသာနဲ့ သိကျွမ်းပြီးသား အမည်နာမတစ်ခု
တစ်ဖက်မှာက အစီအစဉ်မကျတဲ့ အင်္ဂလိပ်နံပါတ်ကို 26 10 L + 144 ဆိုပြီးတွေ့ရ
အင်္ဂလိပ်လိုရေးထားတဲ့ နာမည်ဟာ ညာဖက်ကလား 26 10 L + 144 ကိုပဲ ညာဖက်ထားရမလား
ဘယ်အနေအထားဟာ ဓာတ်မှန်ကော်ပြားရဲ့ အတည့်ဖြစ်မှု/မဖြစ်မှု
အတည့်ရတော့ ပြောင်းပြန်ပါရ ပြောင်းပြန်ရတော့ ဇောက်ထိုးပါရ
အားလုံးရတော့လည်း လက်ထဲက ဖလင်ကော်ပြားဟာ
ဖလင်ကော်ပြားကလွဲလို့ ဘာမှဖြစ်မလာ
ဆေးပညာနဲ့ ပတ်သတ်ရင် ဗဟုလည်းမရှိ သုတလည်းမရှိတော့ ရှက်ဖွယ်
နက်မှောင်နေတဲ့ ကော်ပြားအရောင်အဆင်းထဲမှာ အရိုးတွေ အဆစ်တွေကသာ
အဖြူရောင်နည်းနည်းဖောက်ထားသလို ဖြစ်နေတော့ ရေတွက်ကြည့်လို့တောင်မှရ
အဲဒီ့ကောင်ကို ကြည့်ပြီး အခိုက်အတန့် မှင်သက်သွား တရားတော်နဲ့ နီးစပ်မယ်ဆို
နီးစပ်သွားစေနိုင်တဲ့ အတွေ့အကြုံထူးကို ကော်ပြားက ပေးအပ်နေသလိုလို ဘာလိုလို
ကော်ပြားဟာ မသတီစရာကောင်းနေသလား/ခေတ်သစ်ပန်းချီကားတစ်ချပ်လား
အား...ကော်ပြားထဲမှာ ပုံဖော်ထားတဲ့ အရိုးစုတစ်စိတ်တစ်ပိုင်းက ချောက်ချားစရာ
ကုန်လွန်ခဲ့တဲ့ နှစ်ကာလတွေမှာ ကော်ပြားဟာ ဘယ်အနာရောဂါကို
ကိုယ်စားပြုထားခဲ့ရသလဲ
အဖြေပြန်ဖော်မရ ပြန်အဖြေဖော်မရ ဖော်ပြန်အဖြေမရ ပြန်ဖော်အဖြေမရ
မရတဲ့ အဖြေကို မစဉ်းစားနိုင် ဘာဇာတ်ကြောင်းကိုမှလည်း နောက်ပြန်မလှန်အား
အားနေတဲ့ ကျီးကန်းကမှ တအားအား တအားအား တအားအားလို့အော်မှာ
အထောက်အထားတွေကနေတဆင့် သဲလွန်စတွေကနေတဆင့်
အနက်ဂယက်အဆင့်ဆင့် ဆင့်ကဲဆင့်ကဲ ဘယ်ကဲ့သို့စစ်ချ စစ်ချ
ဘယ်ချမ်းသာသဲ့ယူ သဲ့ယူ ဓာတ်မှန်ဖလင်ကော်ပြားဟာ
ဓာတ်မှန်ဖလင်ကော်ပြားကလွဲလို့ ဘာမှမဟုတ်
ပလုတ်တုတ် ဂျိုးရုပ် အိုးပုတ်
ဘဲရုပ် တဲကုတ် ပဲပြုတ်။ ။


လွန်းဆက်နိုးမြတ်
၃.၉.၁၀ ည ၁၀း၀၀နာရီ

Thursday, August 26, 2010

ငါး

ငါး

လွတ်တဲ့ငါး ကြီးတယ်လို့ ပွတ်ကျွတ်ပွတ်ကျွတ်မလုပ်နဲ့...ငါမုန်းတာ အဲဒါတွေပဲ တကယ်ဆို လွတ်တဲ့ ငါးက လွတ် သွားပြီထားလိုက်တော့ပေါ့ နေပစေတော့ပေါ့ ဘာဖြစ်လို့ နောင်တလောင်ရာ စကားပုံပင့်နေရတာလဲ ဒီချောင်း ထဲမှာ ဒီငါးတစ်ကောင်ပဲ အရွယ်ကြီးသလား တခြားငါးတွေ သူ့လောက်မကြီးတော့ဘူးလား ရတယ် လွတ်တဲ့ငါး ကြီးတယ်ပဲထားဦး ဒီချောင်းကိုပစ်ပြီး ဟိုမြစ်ကိုရှာပေါ့ ဟိုမြစ်မှာ ဒီချောင်းက လွတ်တဲ့ငါးထက် ပိုကြီးတဲ့ ငါးတွေ တွေ့လိမ့်ဦးမပေါ့ ရှိလိမ့်ဦးမပေါ့ ဘယ်လိုပြောတယ် ဒီချောင်းကို ပစ်ရမှာကလည်း အဆီတ၀င်းဝင်း မျှားရမှာ လည်း သဲတရှပ်ရှပ်ဟုတ်လား လာ ထမင်းထုပ်ဆွဲ ဟိုမြစ်ကို သွားမယ် တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့လေ မလိုက်ချင်ဘူးဟုတ်စ ရေသာများပြီး ငါးမတွေ့မှာ စိုးတယ်ဟုတ်စ ငါ့နှယ် မစားရ၀ခမန်းပြောတာ မဟုတ်ရပါဘူး ကွယ် သေချင်တဲ့ကျား တောပြောင်းတာလည်း မဟုတ်ရပါဘူးကွယ် ကဲကဲ မယုံရင်လည်း ငါ့အသပြာထုပ်လေး ယူကိုင်ထား ဟိုမြစ်ရောက်မှ ဒီချောင်းထဲက လွတ်တဲ့ငါးထက် ပိုကြီးတဲ့ငါးတွေရကာမှ ပြန်ပေးဟုတ်ပြီလား ရော် ဖြစ်ရပြန်ပြီ မြစ်စိမ်းမြင် ချောင်းကင်ပစ်ရတယ်လို့ ရုပ်ကိုက ငါးပြေမဆားပက်သလိုရုပ်နဲ့ ဘာဖြစ်လို့ ကြောင်မိုက် ဖြစ်ချင်ရတာလဲ ဟိုမြစ်မှာ စိတ်ကူးပွက်ရာ စကားလုံးချကြတဲ့အခါ ဒီချောင်းထက် ပိုကြီးတဲ့ ငါးတွေရလာမှာပေါ့ အဲဒီ့တော့ငါးကြော်တွေလည်း အများကြီးရလာမယ်လေ ငါးရံ့ရတော်လှန်ရေးကာလတစ်လျှောက်လုံး အတူတူ လက်တွဲခဲ့ပြီး ငါးခူရနည်းပညာခေတ်ကြီးရောက်မှ ဘာလို့ ခွဲခြမ်းခွဲခြမ်းလုပ်ချင်ရတာလဲ တံငါလေးလုံးစပ်နားနီး တံငါလေးလုံးစပ် မုဆိုးခေတ်ပေါ်ကဗျာနားနီး မုဆိုးခေတ်ပေါ်ကဗျာဖြစ်လာပြီးမှတော့ ဘာသာစကားဆီနဲ့ ဘာ သာစကားကြော်ကြတာပေါ့ လာပါ ငါ့ဗူးသီးခြောက်ရေဗူးကလေးလည်း ယူထားကွာ ဒါနဲ့မှ မလုံလောက် သေးရင် လည်း ငါ့မြက်ခြောက်ဦးထုပ်ကလေးလည်း ယူဦး ဘာဖြစ်တယ် မလိုက်ရေးခခွေးယပင့်ရေးချမလိုက် ဟုတ်လား ဘာသာစကားမပိုင် အရေးအသားဝက်မွေးဟုတ်လား ခက်တယ်ကွယ် ဒီချောင်းမှာဆို လွတ်တဲ့ငါး ကြီးနေဦးမှာပဲ ဟိုမြစ်မှာဆို အနည်းဆုံးတော့ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ပဲ ဘာဖြစ်လို့ မစိုက်သေးဘဲ အညှောက်သန်နေ တာလဲ ဘာဖြစ်လို့ လွတ်တဲ့ငါး ကြီးတယ်လို့ ပွတ်ကျွတ်ကျွတ်လုပ်နေရတာလဲ အဲဒါတွေပဲ ငါမုန်းတာ အဲဒီ့စကား တစ်ခွန်းကြောင့်နဲ့တော့ ငါတိုရဲ့ ရှိပြီးသားဆက်ဆံရေးတစ်လှေလုံးမပုပ်ချင်ဘူး လာ ငါ့လက်ကိုတွဲ ဟိုမြစ်ဆီသွား မယ် လုပ်ပြန်ပြီ ဘာကလိမ်မှလည်းမစေ့ရပါဘူး ဘာငြမ်းမှလည်း မဆင်ရပါဘူး ငါ့မှာ ကျားလည်းကြောက်ရ ကျား ချေးလည်း ကြောက်ရပါလား ဘာရယ် ဘာရယ် ဟိုရောက်မှ လွတ်တဲ့ငါး ထပ်ကြီးနေရင် ဘယ်လိုလုပ်မလဲဟုတ်စအဲဒါဆိုလည်း ငါတို့ ဟိုမြစ်မှာ ဟိုဒင်းဟိုဥစ္စာမရ ဟိုပစ္စည်းဟိုအ၀ှာလုပ်ပြန်ကြတာပေါ့။ ။

လွန်းဆက်နိုးမြတ်
၂၈.၆.၁၀

Monday, August 16, 2010

အိမ်ပြောင်းမလို့...။

အိမ်ပြောင်းမလို့...။


အောက်ခင်းဖို့က ဖယောင်းပုဆိုးလိုမယ်
တစ်ကိုက် ၁၆၀၀/၁၇၀၀လို့ ပြောတယ်
အစားစားပဲ လာမယ့်တနင်္ဂနွေနေ့လောက် မီးချောင်းတွေ
ဆင်ဖြစ်မလား မပြောတတ်ဘူး ပြတင်းပေါက်တွေကို ဘာရောင်သုတ်မလဲ
နီညိုရောင်ဆိုရင် ကောင်းမလား လာကြည့်ဦး သံပန်းတွေ သံချေးတက်
နေပြီ အုတ်နံရံတွေက အသားမကောင်းလို့ သံရိုက်ရင် ကွာကျနိုင်တယ်
ဘေးအိမ်ကို ခုနကမေးကြည့်တော့ ရေက မီးလာမှ လွှတ်တာတဲ့ ပန်းအိုးလေးတွေ
ထားချင်တာ နေရာမရှိဘူး ထမင်းဘယ်နားမှာ စားကြမလဲ စာအုပ်စင်ခပ်တောင့်
တောင့် နှစ်စင်လောက်လိုမယ် ဒီပေါင်မှာ ပန်းချီကားတွေကို တန်းစီချိတ်ထား
ရအောင် အိမ်သာက တံခါးချက်အသစ် တပ်ကိုတပ်ရမယ်
တမံတလင်းတွေ ဆပ်ပြာရေနဲ့ဆေးပြီးရင် သံဘရပ်ရှ်နဲ့ ထပ်တိုက်ဦးမှ
ဆေးကွာတဲ့ နေရာတွေပေါ် ပိုစတာတစ်ခုခုကပ်ပစ်ရမယ်
ကြွေချေးချွတ်ဆေးက မလောက်ဘူးနဲ့ တူတယ် အ၀တ်လျှော်ပြီးရင်
လှမ်းဖို့အတွက် နေရောင်များများလိုမယ် ဒီမှာ ဒီမှာ
ဘယ်သူက နံရံကို ခြေထောက်နဲ့ကန်သွားလဲမသိဘူး
ခြေရာကြီး။ ။


လွန်းဆက်နိုးမြတ်

စရဏ၊ဂျူလိုင်၊၂၀၁၀
(၆နှစ်ပြည့်အထူးထုတ်)

Friday, August 6, 2010

ရေးသူ့လူ့အဖွဲ့အစည်း

ရေးသူ့လူ့အဖွဲ့အစည်း


ကိုယ် ကဗျာရေးမှန်းသိသွားတော့ ဒင်းမျက်လုံးဟာ ၀ိုင်းစက် ပြူးကျယ် ပါးစပ်က အဟောင်းသား(ဘယ်ပါးစပ်က သစ်လို့လဲ) တစ်ခုခုပြောဖို့ ဆွံ့အ ပြောလည်းပြောချင် ပြောလည်း မပြောချင် အခုရောက်နေတဲ့ အရပ်နဲ့ ကိုယ်နဲ့ ဘယ်လိုမှ မအပ်စပ်သယောင် ဟိုအရင်နေ့တွေတိုင်း လာရောက် ထိတွေ့ ရင်းနှီး သိကျွမ်းနေတဲ့ ကိုယ့်ဖြစ်တည် မှုဟာ ဒီကနေ့ ကိုယ်ကဗျာဆရာမှန်းသိသွားတော့ ဒင်းအမြင်ထဲ ကိုယ်ဟာ အံသြစရာကောင်း ထူးဆန်း အိပ်မက် ဆန် လက်တွေ့မရှိ စိတ်ကူးယဉ်သူတစ်ဦးအဖြစ် ရွေ့လျှော ထိုးကျ သက်ဆင်းသွားရရှာ ကိုယ်ကလည်း ဒါကို အတွေ့အကြုံအရ အတိုင်းသား ဆင်ခြင် သိမြင် စိတ်ပျက်သွာပြီး ၀မ်းနည်းရ စိတ်မကောင်းဖြစ်ရ သာမန်လူ့အဖွဲ့ အစည်း ကဗျာရေးသူတစ်ဦးအဖြစ် ကျင်လည် ရှင်သန် ရုန်းကန် နေထိုင်ခြင်းမှာ မှားယွင်းနေတဲ့ ဘာသာတရား တစ်ခုအပေါ် သက်ဝင် ယုံကြည် လေးမြတ်မိသူလို ယူဆခြင်းခံရ (အထူးသဖြင့် ဒီကဗျာရေးသားခြင်းဆိုတဲ့ အလုပ်ကို သာမန်လူ့အဖွဲ့အစည်းမှာ ဘယ်ဒင်းကမှ အလုပ်တစ်ခုအဖြစ် အထင်တကြီး တရေးတယူ လောက် လောက်လားလား နေရာပေးတယ်ဆိုတာမရှိခဲ့လေတော့)ဖွင့်ပြောမိသူကိုယ့်အမှားသာလျှင်ဖြစ်ကြောင်း အိပ် ယာဝင်တိုင်း တနုံ့နုံ့ စဉ်းစား တွေးခေါ် မြော်မြင်ရတာလည်း မီးခိုးရော မိုးရောမဆုံးနိုင် ဒီလိုမှန်းသိရင် ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ အစကတည်းက ဓာတ်ရှင်မင်းသားပဲဖြစ်မြောက်အောင် လုပ်ခဲ့အကောင်းသား ကိုယ့်အသံ ကိုယ့်ဟန်နဲ့ ကာလပေါ်အဆိုတော်သာလုပ်ခဲ့အကောင်းသား သြော် ကိုယ်နေထိုင်ရာ သာမန်လူ့အဖွဲ့ အစည်းကြီး ကဓာတ်ရှင်မင်းသားနဲ့ ကာလပေါ်အဆိုတော်များကိုသာ အနုပညာရှင်အဖြစ် ကိုးစား ယုံကြည် ထင်မှတ်နေရှာပုံ များပြောပါတယ် ဒါကလည်း ဟောလီးဝုဒ်ဇာတ်ကားဆိုရင် ဗန်ဒိန်းနဲ့ ဂျက်ကီချန်း မြန်မာဗွီဒီယိုမှာ ဟိန်းဝေယံနဲ့ မိုးဟေကို ရုပ်သံဇာတ်လမ်းကျတော့ ကိုရီးယားလမ်းကိုပဲ ၀ိုင်းနီးကြ စာအုပ်ဖတ်တော့ ဗျူးနဲ့ နက္ခတ္တရောင်ခြည် နိုင်ငံခြားတေးသီချင်း နားထောင်ရင် အေကွန်နဲ့ တေလာဆွစ် မြန်မာသီချင်းကျတော့ Rဇာနည်နဲ့ Aသင်ချိုဆွေ လောက်သာ အနုပညာရတဲ့ ကိုယ့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီးထဲ ဒါရိုက်တာဇောင်ယီမုနဲ့ ရိုမန်ပိုလန် စကီးကို မသိတာ မင်းသားကြီးမာလွန်ဘရန်ဒိုနဲ့ ဘန်နစီယိုဒယ်လ်တိုရိုကိုမသိတာ ဒေါက်တာဇီဗားဂိုးဓာတ်ရှင်နဲ့ ပီယားနစ်စ်ဓာတ်ရှင်ကို မသိတာ စာရေးဆရာဂျွန်စတိန်းဘက်နဲ့ ကဗျာဆရာဂျွန်အက်ရှဘရီကို မသိတာ ဂီတပါ ရမီရှင်မိုးဇက်နဲ့ ကတ်ကိုဘိန်းကို မသိတာ အဲဒီ့မသိတာတွေအားလုံး သတ္တုချ စဉ်းစား တွေးခေါ် ကြည့်လိုက် တော့လည်း ဒီအဖွဲ့ ဒီအစည်းကြီးကို အပြစ်လို့မဆိုသာပြန် ခက်နေတာက ကိုယ်ကဗျာရေးမှန်းသိပြီးနောက် နဂိုပုံမှန်လည်ပတ်နေတဲ့ ဒီအဖွဲ့ ဒီအစည်းကြီးက ကိုယ့်အပေါ် လွဲချော်စွာ တုန့်ပြန် ဆက်ဆံ သဘောထား စာရင်း မှတ်လိုက်တဲ့ ကိစ္စ၀ိစ္စတွေရှိနေသေးရာ ကိုယ်က ကဗျာယောင်ယောင် စာယောင်ယောင်အပြင် အများသူ ငှာနဲ့ တန်းတူ အားကစားဝင်လုပ်တာကိုပဲ အံ့အားသင့် နားမလည် ဆန်းကြယ် ကိုယ်ကဗျာဆရာဖြစ်နေလို့ အများသူ ငှာအိမ်ထောင်ဦးစီးများလို ကိုယ့်အိမ်ကိုယ့်ယာအတွက် လိုအပ်တဲ့ အလုပ်ကြမ်းတွေ (ဥပမာ-ရေစည်တွန်း၊ ထင်းခွဲ) လုပ်တာမျိုးအပေါ် မေးငေါ့ ခေါင်းခါ ပြက်ရယ်ပြု ရယ်သွမ်းသွေး ကိုယ်ကဗျာတွေ ရေးတဲ့ အတွက် ကိုယ်ဟာ အလိုလိုနေရင်း လူ့အသိုင်း လူ့အ၀ိုင်းထဲ ကျင်လည် ကျက်စား လှုပ်ရှား သွားလာတဲ့နေရာမှာ အများ သူငှာနဲ့မတူ တစ်မူးလိုနေသယောင် တစ်မတ်လိုနေသယောင် လန့်ဖျပ် သွေးတိုး စိုးရိမ် ကိုယ်ချင်းစာ သနား စဖွယ်အကြည့်များအားလည်း ရရှိ လက်ခံ ပေးဆပ် နားလည် ကိုယ်က ကဗျာကောင် စာကောင်ဖြစ်နေ ခြင်းမှာ အများသူငှာလူတွေလို ဒေးလီးနော်မာန် အလုပ်သွား အလုပ်ပြန်တာမျိုး မကြား မတွေ့ မမြင်ကြလေတဲ့အခါ ၁၀၉ကောင် ၁၁၀ကောင်အဖြစ် လက်ခါ အထင်သေး နှာခေါင်းရှုံ့ စုတ်သပ်စရာ လူသားမျှသာဆိုတော့ ကဗျာရေးတဲ့ ကိုယ်ဟာ အိပ်ယာဝင်အိပ်ယာထ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ်ကြားအောင် ကဗျာပဲအသားလွတ် ရွတ်ရမလား ဖင်မီးခိုးထွက်တဲ့ထိ ဖက်ကြမ်းဆေးပေါ့လိပ်ဖွာ ခေတ်ဆွေးလွယ်အိတ်ကြီးလွယ် ပြတ်ခါနီးဖိနပ်တစ်ရံ စီး မဂ္ဂဇင်းတိုက်တကာအနှံ့ နေ့စဉ်ခြေတိုအောင်ပဲ လမ်းသလားပြရမလား ဖြစ်ရပုံများ ကိုယ်ဟာ ရှမ်းဖြစ်လို့ ခေါက်ဆွဲပဲ ရောင်းရတော့မလိုလို ရခိုင်ဖြစ်လို့ မုန့်တီပဲ ရောင်းရတော့မလိုလို ကဗျာဆရာဖြစ်လို့ အများအမြင် လှ အောင် ကဗျာလက်သုပ်စုံ အထမ်းကလေးပဲ ပုခုံးပေါ် တင်လိုက်ရတော့မလို ကဗျာကုမ္ပဏီပဲထောင်လိုက်ရတော့ မလို ပြောမယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်လူ့အဖွဲ့အစည်းကြီးနဲ့ တယ်အံဝင်ခွင်ကျရှိလှချည်ရဲ့လို့တော့မဟုတ် ဒါပေမယ့် လည်း ဒီအဖွဲ့ ဒီအစည်းဆိုတာ ကဗျာရေးသူ ကိုယ်နဲ့က တစ်ဘ၀လုံးလုံး ဒီလိုပဲ တစ်သွေးတည်း တစ်သံတည်း လွဲချော်မှုတွေ အသားကျနေလေတော့ကာ ကိုယ်ကလည်း ကိုယ်ဖြစ်လျက် ဒီအဖွဲ့ ဒီအစည်းကြီးကလည်း ဒီအဖွဲ့ ဒီအစည်းကြီးဖြစ်လျက် ရေးသူနဲ့ လူ့အဖွဲ့အစည်း ခါးတောင်းကျိုက်တလွဲ ဟိုအ၀ှာတလွဲ အံချော် စံလွဲ ကွဲပြား ချွတ်ချော် နေမြဲသာတည့်။ ။


လွန်းဆက်နိုးမြတ်
26.7.10
မနက်၀၁း၁၀နာရီ

Monday, July 26, 2010

ကိုယ့်ဘ၀က Waka Waka

ကိုယ့်ဘ၀က Waka Waka

ဒီအရပ်မှာနေတော့လည်း ဒီဇာတ်ပဲခင်းရတော့မှာပေါ့ ဘယ်ရမလဲ ကိုယ်လည်း တစ်ချိန်ကWaka Wakaပဲ ဇာတိ မှန်မပြချင်လို့သာ ဒီဇာတ်ကို ဘယ်သူမှ မသိအောင် တိတ်တဆိတ် မြှပ်ထားရတာ နှံထားရတာ ခုတော့ ကိုယ် လည်း တယ်သည်းမခံချင်တော့ဘူး ဒါမျိုးလာလုပ်လို့ဘယ်ရမလဲ အပျော့ဖက်ကစမ်းသမျှ ကိုယ်လိုက်ပျော့ခဲ့ရ ပြီး ပြီ ခုလိုမာရေနဲ့ကျောရေလာစမ်းတော့လည်း ကိုယ်က မာနဲ့ကျောနဲ့ရေနဲ့ပါပဲWaka Wakaပါပဲ လာထား ပေါက် လို့ရမယ့် တူးလို့ရမယ့် ပေါက်တူးတစ်လက်ဆွဲလို့ ကိုယ်မြှပ်ထားတဲ့ ဇာတ်ကို ကိုယ်ပြန်ဖော်တယ် လာထား ကိုယ့် ဇာတ်က အရှင်လတ်လတ် အကောင်းကြီးအတိုင်း အပြင်ထွက်လာတယ် “ဘယ်သူလဲကွ ငါ့အခန်းရှေ့ ကြွပ်ကြွပ် အိတ်နဲ့ထုပ်ထားတဲ့ ထမင်းကျန်ဟင်းကျန်တွေ လာလာချခဲ့ပြီး ခွေးစာဆင်းကျွေးသွားတာ” အပေါ်က တိုက်ခန်း တွေဆီ မော့ကြည့်ရင်း ပါဝါအပြည့်အသိပ်ထည့်ကာ ကိုယ်ကျုံးအော်လိုက်တယ် အော်သံကြောင့် ပြတင်းပေါက် အသီးသီးကနေ ခေါင်းအသီးသီးထွက်လာပြီး ကိုယ့်ကို နဝေတိမ်တောင် ငုံကြည့်ကြတယ် ဘာလဲပေါ့ Waka Waka လားပေါ့ ကိုယ့်အော်သံကြားလို့ ကိုယ့်ရဲ့ ချစ်လှစွာသော မိန်းမက အခန်းတံခါးရှေ့ပြေးထွက်လာတယ် အဲ ဒီမှာ မြေကြီးထဲက ပြန်ဖော်ထားလို့ ဖုန်တွေ သဲတွေ ပေလူးနေတဲ့ ကိုယ့်ဇာတ်ကို သူမြင်သွားတယ် အခြေအနေ ကို သဘောပေါက်ပြီး ဇာတ်ရည်လည်သွားတယ် “ဟောဒီမှာ ခင်ဗျားတို့ ကျွေးထားတဲ့ ခွေးစာထုပ် ကျွေးချင်ရင် တိုက်အောက်မြေကြီးပေါ် ဆင်းကျွေး ဘာဖြစ်လို့ ပထမထပ်ငါ့အခန်းရှေ့မှာတင် ရပ်ပြီး ခွေးစာအမှိုက်ချခဲ့ရတာ လဲ”နောက်တစ်ခေါက် အပေါ်ထပ်တွေဆီ ကိုယ်မော့ကြည့်ရင်း ကျုံးအော်တယ် လက်ထဲက ခွေးစာအကျန်ရှိတဲ့ ကြွပ်ကြွပ်အိတ်ကို တိုက်အောက်လမ်းမပေါ် ကိုယ်လွှင့်ပစ်ပြလိုက်တယ် ဒီတော့မှ ကိုယ်ခင်းတဲ့ အလုံးစုံသော ဇာတ်ကို သူတို့အားလုံး Waka Wakaဖြစ်သွားပုံရတယ် “မပြောချင်လို့ ကြည့်နေတာကြာပြီ တစ်ရက်လည်း မ ဟုတ် နှစ်ရက်လည်းမဟုတ်နဲ့ -ီးပဲ”ကိုယ့်ဇာတ်ရှိန်မြင့်တက်မှုကြောင့် မိန်းမက တံခါးကပြေးထွက် ကိုယ့်လက် လာဆွဲတော့ အခန်းထဲ ကိုယ်ပြန်လိုက်ဝင်တယ် ဧည့်ခန်းထဲက ဖင်ထိုင်ခုံမှာ ရှူးရှူးရှားရှားနဲ့ ထိုင်ချလိုက်ရင်း ကိုယ်တော့ Waka Waka ဖြစ်နေပြီလို့ တွေးမိတယ် ကိုယ့်ဇာတ်ကို ဒီအရပ်မှာ ပြန်မြှပ်လို့ ရနိုင်တော့မယ်မထင် ဘူး တတ်နိုင်ဘူး မြှပ်မရတော့လည်း ဒီဇာတ်နဲ့ပဲ ဒီအရပ်မှာ Waka Waka ရမှာပဲ လာထား။ ။


လွန်းဆက်နိုးမြတ်
၁၉.၇.၁၀
နံနက်၁၂း၅၀နာရီ

Thursday, July 22, 2010

(အင်)(ဖော်)(မေး)(ရှင်း)

(အင်)(ဖော်)(မေး)(ရှင်း)

ဟင့်အင်း ငါမပြောဘူး ဒါငါပြောတာ မဟုတ်ဘူး ခက်တယ်
ငါပြောတယ်လို့ မင်းထင်နေတာ ခက်တယ် အဲဒီ့လူ အမှတ်မှားတာပဲ
ဖြစ်မှာပါ မင်းသေချာအောင် ပြန်မေးစမ်းပါဦး ဘာရယ် သေချာတယ်
ငါမှငါဟုတ်လား ဟောဗျာ ဘယ်လိုဖြစ်ရတာလဲ မင်းကွယ်ရာမှာ ဒီစကား
မျိုး ငါပြောပါ့မလား အံသြတယ်လား အေး ငါလည်း အံသြတာပဲမောင်
အဲဒီ့လူအမှတ်မှားတာမဟုတ်ရင် မင်းကိုယ်တိုင် နားကြားလွဲတာရော
ဘာ မဖြစ်နိုင်ဘူးဟုတ်လား သေချာလှချည်လား ဒါပေမယ့် ငါက
ကာယကံရှင်ပါကွ ငါဟုတ်မှ မဟုတ်တာ ဒါသက်သက်မဲ့ ငါ့ကို အဲဒီ့လူ
ချောက်ချတာ နေပါဦး ဘာဖြစ်လို့ မင်းက အဲဒီ့လူနာမည်ပြောမပြနိုင်ရ
တာလဲ ဟား ဟား ဟား ဟား ဟား ဟား ရယ်ရတယ်ကွာ ငါရန်သွားပြုမှာ
စိုးလို့တဲ့လား မဟုတ်သေးပါဘူးကွာ ဒီလိုလုပ် ငါကတိပေးတယ် အဲဒီ့လူ
ဘာမှမဖြစ်စေရဘူး မင်းနဲ့ ငါ အခုပဲ အဲဒီ့လူဆီသွားပြီး သုံးယောက်စုံ
ရှင်းကြမယ် ဘယ်လိုလဲ ဘာပြောလိုက်တယ် မဖြစ်နိုင်ဘူး ဟုတ်လား
ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ ဘာကွ အဲဒီလူက အဲဒီလိုပြောသလား
အဲဒီလူက မင်းနဲ့ငါနဲ့ကြား နောက်ထပ်ဝင်မပါချင်ဘူးပြောတယ်ပေါ့
ဟုတ်ပါပြီ မင်းက ဘယ်ကကြားလာမှန်းမသိတဲ့ ပေါက်တတ်ကရလူ
ပြောတာတော့ ယုံတယ် ငယ်ပေါင်းကြီးဖော် ငါပြောတာကျ မယုံဘူး
ဘာဖြစ်တယ် အဲဒီလိုမဟုတ်ရပါဘူးတဲ့လား ဒါဖြင့်ဘာလဲ ငါဟုတ်လား
မဟုတ်ဘူးလား သိချင်လို့ မေးကြည့်ရုံသက်သက်ပဲပေါ့ ဟေ့ကောင်
အဲဒါ ငါမဟုတ်ဘူးလို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ ဘာပြောလိုက်တယ်
မင်းခုလို ဖွင့်မေးလိုက်ရင် ၀န်မခံဘဲ ငါငြင်းလိမ့်မယ်လို့ အဲဒီ့လူက
ပြောလိုက်သေးတယ်ဟုတ်လား ခွေးမသား။ ။

လွန်းဆက်နိုးမြတ်
၂၁.၇.၁၀
မနက်၀၁း၀၀နရီ

Friday, July 16, 2010

အစပြုခြင်း

အစပြုခြင်း


အစကို ဘယ်လို ပြုရမှန်းမသိ
မသိလို့ ရမ်းသမ်းပြုလိုက်တဲ့ အစဟာ လူပုဂ္ဂိုလ်တစ်ယောက်ယောက်
အဖွဲ့အစည်းတစ်ခုခု ရှိပြီးသားအနုပညာလက်ရာပစ္စည်းတစ်မျိုးမျိုး ဒါမှမဟုတ်
တည်ဆဲဥပဒေသတစ်ရပ်ရပ် အများစုလက်ခံကျင့်သုံးလျက်ရှိတဲ့ သဘောတရားကျမ်း
တစ်ဆူဆူ စတာတွေအပေါ် ထိခိုက်သွားမှာ နစ်နာသွားမှာ ခံစားသွားရမှာကို မလိုလား
ဆိုကြပါစို့ ပြုလိုက်တဲ့ အစဟာ အထက်ပါအရာ ဘာနဲ့မှ ငြိမနေ တွယ်မနေဘဲ လွတ်လပ်ကင်းရှင်း
သီးခြားဖြစ်တယ်ပဲထား အဲသလိုဆို အစဟာ အစမှာကတည်းက ပျင်းရိစရာကောင်းမနေနိုင်ဘူးလား
ပြုလိုက်တဲ့ အစဟာ သိုက်သိုက်ဝန်းဝန်း ခမ်းခမ်းနားနားကြီး မဟုတ်တောင် စည်စည်ဝေေ၀ လွင်လွင်
ဆာဆာလေးတော့ ရှိသင့်တယ်မဟုတ်လား စကတည်းက ပျင်းစရာကောင်းတဲ့ အစကို ဘယ်သူက
စိတ်ဝင်စားမှာလဲ ဘယ်သူကမှ စိတ်မ၀င်စားတော့ ဘယ်လိုလုပ်ပြီးတော့ အစဟာ အောင်မြင်
မှုရမှာလဲ မအောင်မြင်တဲ့ အစအတွက် ရွှေတံဆိပ်မရှိ မဂ္ဂဇင်းမှာ မျက်နှာဖုံးမရှိ လူကြားထဲ လက်လာ
ဆွဲမယ့်သူမရှိ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာမရှိ အစဟာ သနားဖို့တောင်ကောင်းသေးတော့
တကယ်လို့များ အစဟာ စပြီဆိုတာနဲ့ စပယ်ရှယ်ဝမ်းလို့ ကိုယ်ရည်သွေး နားလည်ရင်ဖတ် နားမလည်
ရင် မဖတ်နဲ့လို့ ခပ်ပြတ်ပြတ်ပြော နိုဘယ်ဆုကိုတောင် လက်မခံငြင်းဆန်မယ်ဆိုရင်လည်း သာမန်အသိ
လောက်သာရှိတဲ့ အနှေးယာဉ်မောင်းသမားလှကြိုင်လိုလူတွေအတွက်ကျတော့ အစဟာ သိရအတော်
ခက်မသွားပေဘူးလား စကတည်းက ယဉ်သကိုဆိုတာမျိုး ဖြစ်မသွားပေဘူးလား အများ
သူငါလည်း နားလည်လွယ် အဆင့်အတန်းလေးလည်းရှိ ဆွေဂုဏ်မျိုးဂုဏ်လည်းမသေး ဟန်ဟန်ပန်ပန်
လည်းဖြစ် အထိုက်အလျောက်လေးလည်းလူဝင်ဆံ့ အတော်အသင့်လည်းရောင်းအားကောင်းတဲ့
အစမျိုးကျတော့ ထင်သလောက် ပြုလို့မရ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နေတတ်ပြန်
အစဟာ ၀မ်းရေးအတွက် ပရိသတ်ကြိုက်တာလေးလည်း တစ်စလုပ်ပြရ အနုပညာကျန်တာလေး
လည်း ကိုယ့်အတွက်တစ်စလုပ်ရနဲ့ အလေးချိန်မျှအောင် ပြုကျင့်နေထိုင်ချင်ပေမယ့်လည်းပေါ့နော်
ဟိုပြောမရ ဆိုမရ ပြင်မရ ပြုမရတဲ့ ခေတ်ကာလသားသမီးတွေအတွက် အမှိုက်ကစ ပြသဒ်မီးလောင်
မဖြစ်ရလေအောင် အနှောင်းဆိုတာ အစကောင်းမှသေချာမယ့်အကြောင်း တတွတ်တွတ်
ရွတ်ပြမဆုံး ဆုံးမရင်း ကိုယ့်အစကို ကိုယ်ပြန်ပြုမလို့ လှည့်ကြည့်တော့
တစ်စက ခြင်ထောင်ကြိုးချည်ဖို့ တစ်စက ဖိနပ်ကြိုးလုပ်ဖို့ပဲ
ဖြစ်ခဲ့။ ။


လွန်းဆက်နိုးမြတ်
၂၃.၆.၁၀
မနက်၀၁း၂၅နာရီ

Monday, July 12, 2010

တွေး-သိ-မေ့

တွေး-သိ-မေ့

တွေးပြီးမှ သိခြင်းဖြစ်လာ သိပြီးတော့တစ်ခါ မေ့ဖို့ဖြစ်လာ
မတွေးရမနေနိုင် မသိရမနေနိုင် မမေ့ရမနေနိုင်တဲ့ ဦးခေါင်း
တောင်စဉ်ရေမရလျှောက်တွေး ဒါကိုပဲ သိလှပြီ မှတ်နေ မမေ့သေးခင်ထိ
မနေ့က ဘာဟင်းနဲ့ စားခဲ့သလဲ တွေးစမ်း သိရင်ပြော မေ့ရင်ပြော အတွေးတွေဟာ
ညဖက်မှာ အိပ်မက်အဖြစ်ပြန်သိ နိုးလာတော့ သေချာမမှတ်မိ နှဖူးပေါ်လက်တင်ပြီးတွေး
ဆိုတဲ့စကား ကြားဖူးသား အဲဒီ့စကားကို ဘယ်နေရာမှာ ဘယ်အရွယ်တုန်းက ကြားဖူးခဲ့တာလဲ
အဲဒီ့အသိကိုရော ဘယ်ချိန်ကစ မေ့ပစ်ရတာလဲ တွေးပြီး သိတယ် သိပြီး မေ့တယ်
တွေးသိပြီး မေ့တယ် တွေးတွေးပြီး သိသလိုနဲ့ မေ့တယ် သိသိပြီး တွေးသလိုနဲ့ မေ့တယ်
မေ့ပြီးမှ ပြန်တွေးသိတယ် မေ့ပြီးမှ ပြန်သိတွေးတယ် အတွေး အသိ အမေ့ တွေး သိ မေ့ တွေး မေ့ သိ တွေးတွေး သိ မေ့ သိသိ တွေး မေ့ သိ တွေးတွေး မေ့ တွေး သိသိ မေ့ သိ မေ့မေ့ တွေး သိ တွေးတွေး မေ့ တွေး သိသိ မေ့ တွေး မေ့မေ့ သိ တွေး မေ့ သိ တွေး သိ မေ့ တွေးတွေး သိသိ မေ့မေ့ သိသိ တွေးတွေး မေ့မေ့ သိ မေ့မေ့ တွေး မေ့ သိသိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ မေ့ တွေး သိ မေ့ တွေး မေ့ သိ တွေးတွေး သိ မေ့ သိသိ တွေး မေ့ သိ တွေးတွေး မေ့ တွေး သိသိ မေ့ သိ မေ့မေ့ တွေး သိ တွေးတွေး မေ့ တွေး သိသိ မေ့ တွေး မေ့မေ့ သိ တွေး မေ့ သိ တွေး သိ မေ့ တွေးတွေး သိသိ မေ့မေ့ သိသိ တွေးတွေး မေ့မေ့ သိ မေ့မေ့ တွေး မေ့ သိသိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ မေ့ တွေး သိ မေ့ တွေး မေ့ သိ တွေးတွေး သိ မေ့ သိသိ တွေး မေ့ သိ တွေးတွေး မေ့ တွေး သိသိ မေ့ သိ မေ့မေ့ တွေး သိ တွေးတွေး မေ့ တွေး သိသိ မေ့ တွေး မေ့မေ့ သိ တွေး မေ့ သိ တွေး သိ မေ့ တွေးတွေး သိသိ မေ့မေ့ သိသိ တွေးတွေး မေ့မေ့ သိ မေ့မေ့ တွေး မေ့ သိသိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ မေ့ တွေး သိ မေ့ တွေး မေ့ သိ တွေးတွေး သိ မေ့ သိသိ တွေး မေ့ သိ တွေးတွေး မေ့ တွေး သိသိ မေ့ သိ မေ့မေ့ တွေး သိ တွေးတွေး မေ့ တွေး သိသိ မေ့ တွေး မေ့မေ့ သိ တွေး မေ့ သိ တွေး သိ မေ့ တွေးတွေး သိသိ မေ့မေ့ သိသိ တွေးတွေး မေ့မေ့ သိ မေ့မေ့ တွေး မေ့ သိသိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိသိ မေ့ တွေး သိ မေ့ တွေး မေ့ သိ တွေးတွေး သိ မေ့ သိသိ တွေး မေ့ သိ တွေးတွေး မေ့ တွေး သိသိ မေ့ သိ မေ့မေ့ တွေး သိ တွေးတွေး မေ့ တွေး သိသိ မေ့ တွေး မေ့မေ့ သိ တွေး မေ့ သိ တွေး သိ မေ့ တွေးတွေး သိသိ မေ့မေ့ သိသိ တွေးတွေး မေ့မေ့ သိ မေ့မေ့ တွေး မေ့ သိသိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ တွေး သိ မေ့ သိ တွေး မေ့ သိ တွေး မေ့ တွေး သိ ေ မ . သ ိ ေ တ ြ း သ ိ ေ တ ြ း ေ မ ့ သ ိ ေ တ ြ းေ မ ့ ေ တ ြ း သ ိ ေ မ ့ ။ ။


လွန်းဆက်နိုးမြတ်
၆.၁၀.၀၉
နံနက်၀၉း၃၆နာရီ

ကလေးရှေ့ရေးစာအုပ်

ကလေးရှေ့ရေးစာအုပ်

ရှင့်ကိုကြည့်ရင် စာအုပ်တွေချည်းပဲ
စာအုပ်တွေထဲပဲ ရှင် ခရီးရောက်တယ်
စာအုပ်တွေထဲပဲ ရှင် စိတ်ကူးရောက်ပြီး ပန်းခြံစိုက်တယ်။
ရှင့်မျက်စိထဲမှာ ကျွန်မဟာ
စာအုပ်မျက်နှာဖုံးစာလောက် မဖွဲ့နွဲ့ဘူး။
ရှင့်အတွေးထဲမှာ ကျွန်မဟာ
စာအုပ်မာတိကာလောက် အစီအစဉ်မကျဘူး။
ကျွန်မပြောတဲ့ စေတနာ
ကျွန်မပြောတဲ့ ဝေဒနာ
ကျွန်မတုန်လှုပ်လို့ ထွက်ကျလာတဲ့ စကား
ရှင့်စာအုပ်ထဲက စကားလုံးတွေလောက်
ရှင့်ကို မလေးနက်စေဘူး။မတုန်လှုပ်စေဘူး။
စီးပွားရေး၊လူမှုရေး၊ အိမ်ထောင်ရေးဆိုတာ
ရှင်နဲ့ဆို တောင်မင်းမြောက်မင်းပဲ။
ကျွန်မ မအိပ်စက်တဲ့ ညတွေထဲ ရှင့်ကို
ကျွန်မ အနမ်းတွေနဲ့ လုံခြုံရေးပေးမိတယ်။
ဒါပေမယ့် ရှင်က
မမြင်ရတဲ့ ကြယ်တွေထဲ ကြွေဆင်းတယ်
ရေမရှိတဲ့ လရောင်ထဲ ပျော်ပါးတယ်
ကမ္ဘာမကျော်တဲ့ ပုံပြင်တွေထဲ အိပ်ပျော်တယ်။
မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့
ရှင်က စာအုပ်ကို သွားတိုက်တံရှာသလို ရှာတော့တာပဲ။
စာအုပ်ထဲက စာသားတချို့ အဓိပ္ပါယ်တချို့
ရှင့်ရင်ထဲ ရောက်မလာသေးတဲ့ နေ့တွေဆို ညတွေဆို
ရှင့်ရှေ့မှာ ကျွန်မဟာ အသက်၀၀ရှူလိုက်ရတာထက်
အသက်အောင့်ထားရတာ ပိုများတယ်။
ရှင့်ရင်ထဲက စာသားတွေ ရည်ရွယ်ချက်တွေ
အဝေးပြေးသွားသလို ရှာဖွေလို့ မရတဲ့
နေ့တွေဆို ညတွေဆို
ရှင့်ရှေ့မှာ ကျွန်မ ခလုတ်မတိုက်မိအောင်
အပြစ်မဖြစ်အောင် အရာရာအစစ သေဆုံးပေးရတယ်။
ရှင့်မျက်ဝန်းထဲ စကားလုံးတွေ လှိုင်းထန်လို့
ထွက်ပေါက်တစ်ခုလို ကျွန်မကို ရှင်လှမ်းကြည့်ရင်
ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်
မိန်းမသားမှန်းမသိအောင် ကျကွဲတော့တာပဲ။
ခုဆိုရင် ကလေးတစ်ယောက်ရပြီ။
စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်
ရှင် ပြောင်းလဲဖတ်သွားတယ်
ရှင် မပြောင်းလဲဘူး။
ကလေးကို ချစ်တယ် ချစ်တယ်ပြောတယ်
အသည်းထဲ အိမ်ဆောက်ပြီး ထားထားချင်တယ်ပြောတယ်
ဘယ်မှာလဲ ကလေးအတွက်
နို့မှုန့်ဗူး၊မူကြို၊ဘွဲ့လက်မှတ်၊မိဘ၀တ်
ရှင့်စာအုပ်တွေ ရောင်းလိုက်မှ
ရှင့်ကလေးလက်ထဲ ကျလာမယ့် ရှေ့ရေး
ရှင့်လက်ထဲမှာပဲ ရှိတယ်။ ။

ပိုင်သစ်နွယ်
မဟေသီ၊ဇူလိုင်၊၂၀၀၆၊စာ-၁၁

လွမ်းလို့ရေးထားတဲ့ ကဗျာ

လွမ်းလို့ရေးထားတဲ့ ကဗျာ

အိမ်ခေါင်မိုးကို ဖျက်ချလိုက်သလိုမျိုး
ဧပြီမှာ...
သမီးတို့
လိမ့်နေအောင် အပူလောင်ခဲ့ကြ။

ဘယ်လို ဖြောင့်ချက်ကမှ
အမေ့ကို ပြန်မဆွတ်နိုင်တော့ဘူး...
အဖေ့သင်္ဘောက
အမေ့ဆိပ်ကမ်းကနေ တရွေ့ရွေ့
ဆိပ်ကမ်းသစ်ကလေးအရှေ့မှာ
ကျောက်ချ ရပ်နားပစ်လိုက်တာ...ခုထိ
အမေ့ကောင်းကင်မှာ အလင်းတွေ ညို့ကျသွားပေမယ့်
အမေ့မာနတွေကတော့ ရဲရဲလင်းလင်း ၀င်းပ
ဘာ-မှ-မ-လို-ဘူး ဆိုတာ
အဖေ့အတွက် နောက်ဆုံးစကား...တဲ့
အမေ့ပုခုံးသားတွေ ညွတ်ကျသွားလောက်အောင်
ဘ၀တွေက သိပ်လေးလံခဲ့မှာ...
သမီးခမျာ ငယ်သေးတော့ မသိတတ်ခဲ့ဘူး။“
အခု...
အဖေ မတ်တတ်စမ်းပေးခဲ့တဲ့ ခြေဖ၀ါးမှာ
သမီး မားမားရပ်လို့
အဖေတွဲကူခဲ့တဲ့ လက်ချောင်းသေးသေးလေးတွေက
ကွန်ပျူတာ တဖြောင်းဖြောင်းရိုက်နေပြီ
အဖေ အစာခွံ့ခဲ့တဲ့ နှုတ်ခမ်းကလေးမှာ
နှုတ်ခမ်းနီဆိုးတတ်နေပေမယ့်
အဖေပေးခဲ့တဲ့ သင်ခန်းစာက
သမီးကို ခပ်မာမာ ပြဋ္ဌာန်းထားခဲ့တော့...။

အဖေ မေ့နေခဲ့တာလား...
အဖေ့မှာ သားတွေ၊သမီးတွေ များနေနိုင်ပေမယ့်
သမီးမှာ အဖေတစ်ယောက်ပဲ ရှိတယ်ဆိုတာလေ
အဖေ့အသစ်စက်စက် သားငယ်လေးအတွက်
သမီးကို ချော့မြှူခဲ့တဲ့ တေးချင်းတွေက အဆင်သင့်
သမီးကြိုက်တဲ့ ပုံပြင်တွေနဲ့လည်း
အဖေ့သားလေး အိပ်တတ်ခဲ့ရောပေါ့...။

အဖေပျော်နေတယ်မဟုတ်လား...

သမီးတို့ အသည်းနှလုံးမှာတော့
ကျွဲပုခုံးကို...ထလို့။ ။


အိန္ဒြာ
မဟေသီ၊ဇူလိုင်၊၂၀၀၆၊စာ-၁၅

ငွေထုပ်ကြီး

ငွေထုပ်ကြီး

ငွေထုပ်ကြီး
ငွေထုပ်ကြီးဟာ အကြီးကြီး
အကြီးကြီး ငွေထုပ်ကြီးဟာ ကျွန်တော့်ရင်ဘတ်ပေါ်ကျလာ
ဘယ်ကမှန်းမသိ၊မိုးပေါ်ကလား
အိမ်ခေါင်မိုးပေါ်ကလား
ငွေထုပ်ကြီးက ကြီးပြီးများလွန်းလို့
ကျွန်တော့်ရင်ဘတ် နည်းနည်းအောင့်သွား
အောင့်သွားစမ်းပါစေ
သည့်ထက်များ သည့်ထက်ကြီး သည့်ထက်လေးလံ
ကျွန်တော့်ရင်ဘတ် သည့်ထက်အောင့်သွားစမ်းပါစေ
ငွေထုပ်ကြီးနဲ့ကျွန်တော် ဟိုတယ်ကြီးပေါ်
ဝယ်စားဝယ်သောက်၊အကုန်လုံး၊လိုချင်တာတွေ အကုန်လုံး
တွေ့တဲ့လူတွေကို တိုက်ကျွေး
ပန်းကုံးတွေဝယ်၊သီချင်းမဟုတ်တာတွေဝယ်၊
အရှင်လတ်လတ် အသေကောင်တွေဝယ်
နှုတ်ခမ်းနီဆိုးထားတဲ့ ပါးစပ်တွေကိုဝယ်
ပေါင်သားဖြူဖြူတွေကိုဝယ်
ချစ်ခြင်းမေတ္တာမှတစ်ပါး အားလုံးကိုဝယ်
HIV/AIDS ၀ယ်တယ်
သည်မှာ ငွေထုပ်ကြီး ငွေထုပ်ကြီးဟာ အကြီးကြီး
အကြီးကြီး ငွေထုပ်ကြီးဟာ
ကျွန်တော့်ရင်ဘတ်ပေါ် နောက်တစ်ကြိမ်ထပ်ကျလာ
အကုန်လုံးကို ကျွန်တော်ဝယ်ပြန်ရော
ငွေထုပ်ကြီးက ထပ်ကျလာလိုက်
ကျွန်တော်က အကုန်လုံးကို ၀ယ်လိုက်
ငွေထုပ်ကြီးက ထပ်ကျလာလိုက်
ကျွန်တော်က အကုန်လုံးကို ၀ယ်လိုက်...။ ။


ပိုင်စိုးဝေ
ရုပ်ရှင်တေးကဗျာ၊ဇူလိုင်၊၂၀၀၆၊စာ-ရ

တစ်ခွက်တစ်ဖလား

တစ်ခွက်တစ်ဖလား

ညနေစောင်းရင်
လေက ရွက်ဖောင်းအောင်တိုက်တယ်။
ရောဂါတစ်ခုလို
အရက်ဆိုင်ဘက်လှည့် လှည့်နေတဲ့ ခြေလှမ်းတွေကို
ရာသီကလည်း အလိုလိုက်လွန်းတယ်။
ဒီစည်းစိမ်က
ဆက်ရက်မင်းစည်းစိမ်
မိသားစုဘ၀နဲ့ဝယ်မှ ရတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း အပေါင်ပေးရတယ်။
ပင်စင်စားတစ်ယောက်လို
လူ့ဘ၀ကြီးကပဲ အဓိပ္ပါယ်မရှိတော့သလိုလိုအတွေးနဲ့
မြင်နေကျရှုခင်းတွေကို စိတ်ကုန်တယ်
အရက်ဆိုင်ဟာ ငါ့ညနေကို အဆိပ်ခတ်ခဲ့ပြီ။
မမူးခင်တော့
ကော်ဖီဆိုင်က ကော်ဖီထက်ချိုတဲ့
ဆိုင်ရှင်ကောင်မလေးရဲ့ နှုတ်ခမ်းက
နှင်းဆီပွင့်ပဲတွေ့တယ် ဆူးမမြင်ဘူး
သူစီးတဲ့ ဆိုင်ကယ်ထက် အသံပိုကျယ်တဲ့
ဆိုင်ကယ်စီးတဲ့ သူတွေရဲ့ မျက်နှာ
ပုလင်းပဲတွေ့တယ် လွတ်နေတာမမြင်ဘူး။
လူရှုပ်ရင် ညိုလာတဲ့ မိုးက
ရပ်ကွက်ထဲမှာ လာရွာချတာ
သီချင်းပဲကြားတယ် key မမှန်တာ မသိဘူး
မူးလည်း လာရော
(ဆူးစူး၍ပင်
ဆူးနဲ့ထွင်မည်
အသင် ဘာပြောချင်သနည်း)ဆိုတဲ့
ကဗျာရွတ်ဖို့
ကိုယ့်နှုတ်ခမ်းတွေ
ကွမ်းစားထားတဲ့ နှုတ်ခမ်းတစ်စုံထက်
ပိုပို ရဲလာကြပြန်တာ ခက်တယ်။ ။


(ပရမတ္တ လွမ်းဖွယ်နေ့များသို့)
ပန်းလှိုင်စိုး(ကျုံပျော်)
ရယ်စရာ၊မတ်၊၂၀၀၆၊စာ-၉

တစ်ယောက်တည်း ပြဇာတ်တိုက်တဲ့နေ့

တစ်ယောက်တည်း ပြဇာတ်တိုက်တဲ့နေ့

တိုနေတဲ့ခဲတံ ချွန်ရသလို
လက်ကို ဓားမရှအောင်
သတိထားချွန်နေရတဲ့ လူမှုရေးထဲ
စောင်းကြိုးကို ညှိရင်း
စောင်းတစ်လက်လုံး ကျိုးသွားသော ဘ၀...
ဥာဉ်ဆိုးနဲ့လူလည်း ပညာသင်သား
ဥာဉ်ကောင်းနဲ့လူလည်း ပညာသင်သား
အပွင့်အသီးအားလုံးစုံပြီ
ငါ့သက်တမ်းတစ်လျှောက် စုခဲ့သမျှ
စုဘူးတိုင်းကို မပြည့်ခင်မှာဘဲ ခွဲဆုံးခဲ့ရ
မြင်နေရပြီး လွဲနေတဲ့ လမ်းကို
အော်မခေါ်ချင်တော့ဘူး ငါ
ကျောရိုးမတူတဲ့ ရယ်သံတွေကြားမှာ
ငါလည်း သွားတတ်လာတတ်တော့ ရှိနေပါပြီ
ဘယ်တုန်းကမှ မလှုပ်ရှားတတ်တဲ့
စိတ်နဲ့

ညအိပ်ယာဝင်တိုင်း
ငါ့ခြုံစောင်ထဲမှာ
ငါ့လက်သီးနှစ်လုံးထက်ပိုတဲ့ လက်သီးတွေ
ငါ့အားနာတတ်မှုအရှိုက်ကို ပင့်ပင့်ထိုးနေကြ
အခုဘ၀အကြောင်း ပြောပြပါဆိုရင်
အခုလောက်ပဲ ပြောပြမှာပါ။ ။

ရိုးသက်
ရယ်စရာ၊မတ်၊၂၀၀၆၊စာ-၈

အလံတိုင်

အလံတိုင်

စက်မှုလယ်ယာ မွှေနှောက်လို့
ကိုယ့်မြေကိုယ့်ယာစွန့်
နယ်သစ်ပယ်သစ် အလုပ်အကိုင်သစ်ရှာရတယ်
ငါဟာ“အုတ်ကီး”လား။
အခြေမဲ့ အနေမဲ့မို့ ရောက်ရာအိပ် တွေ့ရာစား
ခြေထောက်ကြို ခြေထောက်ကြား
မျက်တောင်ညို မျက်ထောက်ဆိုးတွေကြား
ကိုယ့်အတတ်နဲ့ကိုယ် ခရီးလှည့်လည်သွားရတယ်
ငါဟာ“ဂျစ်ပစီ”လား။
ဒီနေ့လည်း မသေချာ
နက်ဖြန်အတွက်လည်း မသေချာ
ဝင်ငွေရစရာ အလုပ်အကိုင်မရှိ
လူဆိုတဲ့ အမှတ်လက္ခဏာကလွဲ
နိုင်ငံသားလို့ ပြောရလောက်အောင်
သက်သေခံကတ်ပြားလည်းမပါ
သူငယ်ချင်းတစ်ယောက်အိမ် စုနေ
လက်ရှိခဏကို အလျဉ်းသင့်သလို ဖြေရှင်းရတယ်
ငါဟာ “ပီဆာနိုး”လား။
ကျွန်ဘ၀ကတော့ လွတ်မြောက်ပြီ
နေစရာအိမ်မရှိ စားစရာမရှိ
စစ်တပ်ကို အိမ်လုပ်
ဘ၀တူချင်း ပြန်စစ်ခင်းရတယ်
ငါဟာ“နီဂရိုး”လား။
အလိုမတူလို့
ဘ၀ကနေ စွန့်ခွာတဲ့အခါ
“ဗန်ဂိုး”မှာ သေနတ်တစ်လက်ရှိတယ်
“မာယာကော့ဖ်စကီး”မှာ သေနတ်တစ်လက်ရှိတယ်
“ဟဲမင်းဝေး”မှာ သေနတ်တစ်လက်ရှိတယ်
“ဂျက်လန်ဒန်”မှာ သေနတ်တစ်လက်ရှိတယ်
“ကာဝါဘာတာ့”မှာ သေနတ်တစ်လက်ရှိတယ်
“ကတ်ကိုဘိန်း”မှာ သေနတ်နှစ်လက်ရှိတယ်

မြို့မငြိမ်းသာ ဖိနပ်တစ်ရံသာ ချန်ထားခဲ့
ဒါပေမဲ့
အချစ်ဟာ အချစ်ပဲ စစ်ဟာ စစ်ပဲ
နိုင်ငံရေးဟာ နိုင်ငံရေးပဲ
တော်လှန်ရေးဟာ တော်လှန်ရေးပဲ
အနုပညာဟာ အနုပညာပဲ။

“မြိုမငြိမ်း”လို “ဗင်းဆင့်”လို
“ဟဲမင်းဝေး”လို“မာယာကော့ဖ်စကီး”လို
“ဂျက်လန်ဒန်”လို “ကာဝါဘာတာ့”လို
“ကတ်ကိုဘိန်း”လို
ငါ့ကိုယ်ငါ သတ်မသေနိုင်ဘူး။

“သန့်ရှင်းသော လက်တစ်စုံပေါ်
ဘာအမှုန်မှ မငြိတွယ်ပါစေနဲ့”

သမ္မတကြီးလုပ်ပြီး ရှစ်နှစ်အကြာ
သန်ရှင်းတဲ့ လက်တစ်စုံ
အိမ်ပြန်သယ်နိုင်ခဲ့တယ်တဲ့
“သောမတ်ဂျက်ဖာဆင်”ရေ
ခင်ဗျားကို လေးစားတယ်။

“ငါတို့ဟာ
မနက်ဖြန်မှာ သူရဲကောင်းတွေ ဖြစ်ရင်ဖြစ်
မဖြစ်ရင် အာဇာနည်တွေ ဖြစ်ကုန်လိမ့်မယ်”တဲ့။
နိုင်းမြစ်ဝှမ်းကို ဆန်တက်ခဲ့
“နယ်လ်ဆင်”ကို သတိရတယ်
“ဂျော့”လို
“လင်နီ”ကို ငါမသတ်ရက်ဘူး
“ဟာစရီပါး”လို
လူမြင်းတစ်ကောင် ငါအဖြစ်မခံနိုင်ဘူး
ပဉ္စမံတစ်ယောက်လို
ငါ့ကိုယ်ငါ ရောင်းမစားနိုင်ဘူး
ဘေးဒုက္ခနဲ့ ကြုံတဲ့အခါ
ကိုယ့်ရင်သွေးကိုယ်ပိုက်
“အဲလစ်ဇာ”လို
ရေခဲမျောတုံးတွေပေါ် ဖြတ်ပြေးမယ်။

“ဖော့ရက်စ်ဂန့်”လို
ငါ့ခြေထောက်တွေ
သန်မာသည်ထက် သန်မာအောင်
ငါလေ့ကျင့်မယ်။

“ကွန်မန်ချီ”တစ်ယောက်လို
ကိုယ့်မြေကိုယ့်ယာအတွက်
ကိုယ့်အသက်အိုးအိမ်စည်းစိမ်အတွက်...
ကိုယ့်မျိုးနွယ်အတွက်...
နောက်ဆုံးမြေ တစ်လက်မကျန်သည်အထိ
ငါခံတိုက်မယ်။
အချစ်ရေ
ကိုယ့်အလံနဲ့ကိုယ် အန္တရာယ်သင့်နေခဲ့
ငါဟာ အလံတိုင်လေးပါ။


လူအိမ်
သောင်းပြောင်းထွေလာရယ်စရာ၊မေ၊၂၀၀၃၊စာ-၁၅

ဗြိစ္ဆာဖွား

ဗြိစ္ဆာဖွား

ပင်ကိုယ်ဗီဇအားဖြင့်
တစ်ကောင်တည်း ဒါပေမယ့် ကင်းမြီးကောက်
ကိုယ်က မတ်တတ်ရပ်နေလျက်
အားလုံးအလယ်မှာ ဇောက်ထိုးဖြစ်နေတတ်
ဒေါင်ကျကျ ပြားကျကျ ခြေများပုံကိုက
အထူးထင်ရှားသည့်အမှတ်အသား
ဘာပဲဖြစ်ဖြစ် မထီတရီအပြုံးနဲ့ လက်မထောင်ပြဦးမည်
ခုနှစ်ရက်သားသမီးများကြား လုံးလားထွေးလားမလုပ်လို
အကြိမ်ကြိမ်စိန်ခေါ် ရန်စမှုမှာ
သွေးဆုတ်ပြာနှမ်းသွားအောင် အိမ်ပေါ်အထိလိုက်လာတတ်
ကွေးညွတ်စမတ်ကျ ချပ်ဝတ်တန်ဆာအမြီးဖျားမှာ
ဆန့်ကျင်ဖက်လိင်များ ကားခနဲကျသွားနိုင်
ရှင်းပြဖို့ လျှာမရှိသလို နားထောင်ဖို့ ဦးမှင်မရှိ
အမှိုက်ပုံကြိုကြားဖြစ်ဖြစ် အပူပိုင်းဒေသများဖြစ်ဖြစ်
တစ်ဇွတ်ထိုးဝင်သွားတတ်သူ
လာမယ့်နှစ်တွေမှာ
ရေနစ်၊ဓာတ်လိုက်၊အညံ့ကြုံ၊ကြောင်သူတော်အခုတ်ခံရ၊
ကြီးနိုင်ငယ်ညှင်းကိစ္စများ လွန်ဆန်ဖို့မလွယ်ပါ
ချစ်သူ၏ သစ္စာမဲ့ခြင်းကြောင့် လက်မအချိုးခံရကိန်းရှိသလို
ပြဿနာကို ပိုမိုညှပ်ယူတတ်ခြင်းကြောင့်
ကိုယ့်အဆိပ်နဲ့ကိုယ် အဆိပ်ဖြစ်ပြီး
အဆိပ်ကျရောဂါဖြစ်ဖွယ်ကြုံမည်
ဤရာသီဖွားအဖို့ ဒဏ္ဍာရီအလိုအရ
မျိုးတူစုများအတွက် ရတနာများ လျို့ဝှက်ထားတတ်ပြီး
သိုက်တံခါးဝသို့ စိတ်ပါလက်ပါ ရောက်လာနိုင်သူအား
ကဗျာရွှေသော့ကြီးဖြင့် စောင့်နေသည့်
ကင်းမြီးကောက်လူငယ်တစ်ယောက်လည်း ဖြစ်ပေသတည်း။ ။

မောင်ယုပိုင်
သောင်းပြောင်းထွေလာရယ်စရာ၊အောက်တိုဘာ၊၂၀၀၃၊စာ-၉

ဖရိုဖရဲ

ဖရိုဖရဲ

စိတ်ကို တပ်ဆင်လိုက်တဲ့အခါ ၀က်အူတွေ နပ်တွေ တစ်စစီ
ခန္ဓာကိုယ်ကြီးကို ခိုင်းမယ်လုပ်ပြန်တော့ အပုပ်ကောင် ရုပ်ဆောင်ရုံမျှ
ခက်ပြီ
ဖိနပ်ကို ခေါင်းဆောင်းပြီးခရီးစမယ်အလုပ်
ခြေလှမ်းတွေက ဘယ်ကိုလှမ်းရမလဲ မသိပြန်တော့။ ။

မောင်ကြည်သာ(တောင်တွင်း)
စတိုင်သစ်၊မတ်၊၂၀၀၁၊စာ-၁၁

စိတ္တဇ

စိတ္တဇ

ပြောင်းပြန်ကြည့်မိတယ်
ကြယ်တံခွန်ကို မှန်ပြောင်းတစ်လက်နဲ့။
ပြိုမလာသော မိုး၊မြင့်မတက်နိုင်တဲ့ မြေ
ဆုပ်ထားတဲ့လက် ဖြန့်ချလိုက်ရင်
အငိုနဲ့ ရှိုက်မယ့် စံပယ်တွေက ချော့ရခက်တယ်။
ဝင်္ကပါမှော်လမ်း
ဒေါက်ဖိနပ်ခွာရာ မြေပုံအညွှန်း
ကောက်ရိုးတစ်မျှင်ရဲ့ညကို
သံလိုက်အိမ်မြှောင်နဲ့ အိပ်မက်မက်မယ်။
ကောင်မလေးရေ...
ငါရှိုက်ဖွာလိုက်တဲ့ အနုပညာဆေးလိပ်ထဲက
မီးခိုးကချေသည်ကလေးရေ...
ဟောဒီ...သံသရာမိုးအလင်း
မင်းဆိုနေမယ့် တေးသီချင်းကို
ငါ စည်းဝါးလိုက်ပေးနေဦးမယ်ကွယ်...။ ။

သတိုးသြရသ
မိုးဂျာနယ်၊အတွဲ(၉)အမှတ်(၁၉)၊စာ-၁၂

သရုပ်ဆောင်မပါတဲ့ကဗျာ

သရုပ်ဆောင်မပါတဲ့ကဗျာ

လူ့ဘ၀နဲ့လူနဲ့ လူ့စိတ်ကူးနဲ့လူနဲ့
လူ့အိပ်မက်နဲ့လူနဲ့ လူ့ခန္ဓာနဲ့လူနဲ့
မြစ်ခြေထောက်နဲ့လူနဲ့ တိမ်ဗိုက်သားနဲ့လူနဲ့
ဝိညာဉ်က ရင်ကို လှိုက်စားသွားတဲ့လူနဲ့ ရင့်မှည့်သွားတဲ့ စိတ်အားထက်သန်မှုနဲ့လူနဲ့
အင်ဒရူးဝိုင်ယက်ရဲ့လူနဲ့ ပေါ်ဦးသက်ရဲ့လူနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်မြင်တတ်တဲ့လူနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်မမြင်တတ်တဲ့လူနဲ့
ခံစားမှုထဲကလူနဲ့ တိုက်ရိုက်အမျှင်တွေ ဖီးသင်ထားတဲ့လူနဲ့
အဖြူအမည်းနဲ့လူနဲ့ ဆေးရောင်စုံနဲ့လူနဲ့
ခေါင်းခါထွက်စရာ ခေါင်းမပါတဲ့လူနဲ့ လက်မှတ်ထိုးစရာ လက်မရှိတဲ့လူနဲ့
အသံတွေအရည်ဖျော်ထားတဲ့လူနဲ့ အရည်တွေကို အသံလုပ်ထားတဲ့လူနဲ့
စာအုပ်ထဲကလူနဲ့ စာအုပ်အပြင်ကလူနဲ့
ရတီအလျှောခံနေတဲ့လူနဲ့ ရတီအလျှောမခံတဲ့လူနဲ့
ကောင်းကင်အထပ်လိုက်ကို အာရုံဆောင်ထားတဲ့လူနဲ့ အနုပညာကို ကွန်ပျူတာထဲ ထည့်ထားတဲ့လူနဲ့
ရော့(ခ်)ပန်းချီကားထဲကလူနဲ့ ပန့်ကဗျာထဲကလူနဲ့
အလင်းကွယ်နေတဲ့လူနဲ့ အမှောင်ကွယ်နေတဲ့လူနဲ့
ရနံ့အပူကို နားစွင့်နေတဲ့လူနဲ့ အရုပ်တွေကို ဖတ်ကြားနေတဲ့လူနဲ့
ခွင်နေတဲ့ အသံနဲ့လူနဲ့ ကျယ်လောင်နေတဲ့အရောင်နဲ့လူနဲ့
ကဗျာရေးရင်း ဗျဉ်းသရဖြစ်သွားတဲ့လူနဲ့ ၁၇၉မိုင်ကနေ အမြဲ နားအနေတဲ့လူနဲ့
အမှိုက်ပုံအရက်ဆိုင်လေးထဲက ထွက်လာတဲ့လူနဲ့ ကိုယ်ကိုယ်တိုင် ပြန်လည်ဖန်ဆင်းနေတဲ့လူနဲ့
ဆီးနှင်းခဲအင်္ကျီဝတ်ထားတဲ့လူနဲ့ နေကို ထမင်းစားဖိတ်တဲ့လူနဲ့
ဒါနဲ့----လူဟာ
လူနဲ့ လူနဲ့ လူနေခဲ့တယ်။ ။

တိုးနှောင်မိုး
သောင်းပြောင်းထွေလာရယ်စရာ၊မတ်၊၂၀၀၁၊စာ-၁၁

အရိပ်လောင်တဲ့နေ့

အရိပ်လောင်တဲ့နေ့

ဗြုန်းဆို
မိုးက
ခြောက်ကပ်ကပ်ကြီး ရွာချလိုက်တော့
လေဆန်ပျံ ကျွန်တော့်တောင်ပံတွေ
ရွှဲရွှဲစို တောက်လောင်ခဲ့ပေါ့ မေမေရယ်။
သားမှာ
သူငယ်ချင်းအပေါင်းအသင်းများရက်နဲ့
ဘာဖြစ်လို့
စည်စည်ကားကား အထီးကျန်နေရတာလဲ
သားမှာ
သေချာတဲ့ စက္ကန့်တွေ ရှိရက်နဲ့
ဘာဖြစ်လို့
လေးလံထိုင်းမှိုင်းနေရတာလဲ
သားမှာ
အနာဂတ်ထမင်းဝိုင်းလေးရှိရက်နဲ့
ဘာဖြစ်လို့
စားသူကင်းမဲ့ အေးစက်စက်နိုင်နေတာလဲ။
မေမေရယ်
ကျွန်တော် ရွေးချယ်ခဲ့တဲ့ လမ်းတွေက
ကျွန်တော့်အပေါ် ဖြတ်လျှောက်နေကြပေါ့
မေမေ နောက်ဆုံးပြောခဲ့တဲ့
အပြုံးကလေးမှာပဲ
သားမှာ
ဝင်လာတဲ့မျက်ရည်နဲ့
ထွက်သွားတဲ့ မျက်ရည်
မျှတအောင် မသုံးစွဲတတ်တော့ဘူးမေမေရယ်
သားမှာ။ ။

အောင်ဆု
သောင်းပြောင်းထွေလာရယ်စရာ၊မတ်၊၂၀၀၁၊စာ-၁၀

စိတ်လွင့်သူ

စိတ်လွင့်သူ

လရိပ်မှာ စိတ်ကိုချိတ်
တိတ်တိတ်ကလေး မျှားခဲ့။
ပထမ...
သစ်ခွပန်း တစ်ဖွေးသားနဲ့
နေချင်စဖွယ်
အမေ့ရဲ့ ပျဉ်ထောင် အိမ်ကလေးကို သတိရ
ဒုတိယ...
ဝါးဘိုးကျည်တောက် စုဘူးထဲက
ပွင့်ကျလေလွင့်သွားတဲ့ ကိုယ့်ဘ၀ကို သတိရ
တတိယ...
ပန်းနုရောင် သစ်သီးခင်းဖြစ်ဖို့
အချစ်နဲ့အတူ မျိုးစေ့ချခဲ့ဖူးတဲ့
ခုံတန်းလျားဖြူဖြူကို သတိရ။
ပြီးတော့
စိတ်ကူးတွေ
တစ်လိမ့်ချင်း...တစ်လိမ့်ချင်း
ရနံ့တွေ
တစ်စက်ချင်း...တစ်စက်ချင်း
အငွေ့တွေ
တစ်ရိပ်ချင်း...တစ်ရိပ်ချင်း။
ရိုးရိုးလေး လွင့်နေမိတာပါ
ညမွှေးပန်း ရွှဲရွှဲဆမ်းထားတဲ့ ည
နှလုံးသားမှာ
အလွမ်းရွှဲရွှဲ မဆမ်းမိအောင် ကြိုးစားရင်း
အိပ်စက်ခြင်း တံခါး ဖွင့်မရတော့။ ။

မင်းနေသွေး
ရုပ်ရှင်တေးကဗျာ၊မတ်၊၂၀၀၁၊စာ-၁၁

အနက်ရောင်ဝါကျများ

အနက်ရောင်ဝါကျများ

ဆောင်းလရဲ့ နောက်ဆုံးရက်တွေ
မင်းအိပ်စက်ခဲ့
မီးလျှံထဲမှာ

မီးလျှံထဲမှာ
မင်းအိပ်စက်ခဲ့
ဆောင်းလရဲ့ နောက်ဆုံးရက်တွေ။ ။

နေမျိုး
(၃-၂-၂၀၀၀နေ့က ကွယ်လွန်သွားသော ချစ်ဇနီးသို့ သတိတရ)
ကလျာ၊မတ်၊၂၀၀၁၊

နေ့တစ်နေ့ပေါ်က နေ့တစ်နေ့

နေ့တစ်နေ့ပေါ်က နေ့တစ်နေ့

အဲဒီ့ သံသယ အကြည့်စူးစူးတွေအောက်မှာပဲ
လူလားမြောက်ခဲ့
ဘာဆိုဘာမှ မော့မကြည့်ရဲဘူး
ငုံ့ကြည့်နေတဲ့ မျက်လုံးတွေနဲ့ ခလုတ်တိုက်တယ်
အိပ်မက်တွေ ကြီးမားပြီး လမ်းတွေက ကျဉ်းတယ်
လောကဓံက မာကျောပြီး ဘ၀က ပျော့ညံ့လွန်းတယ်။
တစ်နေ့တစ်နေ့
ဟောင်းနွမ်းနေတဲ့ မျက်နှာကိုပဲ ခဏခဏ ပြန်သစ်ကြ
ပြီး ဒီမျက်နှာတွေအတိုင်း လျှောက်သွားကြ
စားပြီးသား ပန်းကန်တွေ ပြန်ဆေးကြ
ပြီး ပြန်ထည့်စားကြ
အင်္ကျီလုံချည်တွေ အကြိမ်ကြိမ် လျှော်ဖွပ်ကြ
ပြီး၊ပြန်ဝတ်ကြ
တစ်နေ့တစ်နေ့
ဘယ်လို အသက်ရှူရမလဲ
မြို့ကြီး ပြကြီးတွေကလည်း ကာဗွန်စော်နံတယ်
ချစ်ခြင်းမေတ္တာမှာ ငွေကြေးရောစပ်တော့ ပိုပြီး
ညှီစော်နံတယ်
မနက်ဖြန်တွေကလည်း သံသရာစော်နံတယ်။
အလဲလဲအပြိုပြို
အိပ်မက်တွေ ဖရိုဖရဲ လွင့်စင်တုန်း
မနက်ဖြန်ဟာ
နေ့သစ်ဆိုပြီး အယောင်ဆောင်
မျက်နှာပြောင်တိုက် ရောက်လာပြန်ပြီ
ဒီလိုနဲ့
နေ့တစ်နေ့ပေါ် နေ့တစ်နေ့က ခုန်အုပ်သွားခဲ့။ ။

မွန်းအိမ်
မဟေသီ၊ဖေဖော်ဝါရီ၊၂၀၀၁၊စာ-၁၄

ဒဏ္ဍာရီ-၁၃

ဒဏ္ဍာရီ-၁၃

မြေနဲ့လုပ်တဲ့ ကောင်းကင်တစ်ခုလို
လင်းညိုပြဖို့ရာ...
ကျောက်ဆစ်စကားလုံးတွေ...
တစ်ခုတစ်လေမှတောင် မကျန်ဘူး။

ဖုန်းဆိုးရင် တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်...
အမှောင်ရူးရူးတွေကသာ...
သစ္စာရှိစွာ တောက်ပနေခဲ့။

ဝင်္ကပါကိုမုန်းရင်း...
လိပ်စာပျောက်ဆုံးနေတဲ့ ချောက်ကမ်းပါးလေးမှာ...
ဇန်န၀ါရီလေတွေက ထန်လို့...
(ခုန်ချလိုက်လို့ကလည်း...)

ကြာမြင့်စွာ
အခက်ချိုးရင်း...အရိပ်နေခဲ့သူများ
အရှေ့မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါစေ...
နေခဲ့ရသူပဲကွယ်...
အကွဲကွဲအကြေကြေ...ဖြေသိမ့်တတ်ပါတယ်။

မနော်ဟရီ
ဟန်သစ်၊ဒီဇင်ဘာ၊Y2K၊စာ-၂၀

ကမ္ဘာကြီးက မလုံးဘူး

ကမ္ဘာကြီးက မလုံးဘူး

ကမ္ဘာပေါ်မှာ နေထိုင်တဲ့ လူတွေက
ကမ္ဘာကြီးလုံးတာကို ယုံကြသတဲ့
ငါကတော့ မယုံဘူး...အိသက်ချို။

စထွက်ခဲ့တဲ့ နေရာကို
ပြန်ရောက်တတ်တာလေးတစ်ခုနဲ့
ကမ္ဘာကြီးက လုံးသတဲ့လား။

“ကမ္ဘာပြားအသင်း”ကို မ၀င်ခဲ့ပေမယ့်
ကမ္ဘာကြီးလုံးတယ်ဆိုတာ
ငါမယုံဘူး အိသက်ချို။

ဒီဘ၀မှာတင်
ချက်ချင်းဝဋ်လည်တတ်တာလေးတစ်ခုနဲ့
ကမ္ဘာကြီးက လုံးသတဲ့လား။

မယုံဘူး
ချစ်လျက်နဲ့ ခွဲခွာခဲ့ရသူတွေများပြီ
နာမည်တွေ တန်းစီရေးရင်
ကျမ်းလေးမှာ စိုးတယ် အိသက်ချို။

ဒီနေ့မနက် နေထွက်ပြီး
နောက်တစ်နေ့မနက်
နေပြန်ထွက်တတ်တာလေးတစ်ခုနဲ့
ကမ္ဘာကြီးက လုံးသတဲ့လား။

ငါကတော့ ခုချိန်ထိ မယုံဘူး
မင်းနဲ့ငါ ပြန်ဆုံခွင့်မရတာရယ်
ဒီဘ၀ ဒီတစ်သက်
ဆုံဆည်းရာ အကြောင်းမရှိတော့တာရယ်
ဝဋ်ကလည်း လည်မယ်မထင်တော့တာရယ်
စချစ်တဲ့ နေရာလေးကို ပြန်မရောက်နိုင်တော့တာရယ်
ငယ်ဘ၀လေးကို ပြန်မရနိုင်တော့တာရယ်
ကမ္ဘာကြီးက(လုံးဝ)မလုံးဘူး။

ခွဲခွာခဲ့ရတာတွေ များတော့
ဘယ်ဘက်ရင်ဘတ်ကြီးလည်း နာလှပါပြီ
သေချာတာက
အချစ်ဆိုတာ
ကလေးတွေ အပျော်စီးကစားတဲ့
ခြားရဟတ်မဟုတ်ဘူး...အိသက်ချို။ ။


မြင့်ဦးဦးမြင့်
မဟေသီ၊ဇန်န၀ါ၇ီ၊၂၀၀၁၊စာ-၁၂

လွမ်းစံပယ်သို့

လွမ်းစံပယ်သို့

မောင့်...စံပယ်
နံနက်ခင်း
လှေတစ်စင်းနှင့် လာခဲ့သလော။

မောင့်...စံပယ်
နေမွန်းတည့်
စံပယ်ကြည့်နှင့်...မောင့်ကိုကြည့်သလော။

မောင့်...စံပယ်
ညနေချမ်း
လွမ်းမျက်ရည်နှင့် ပြန်သလော။

စံပယ့်...မောင်
မောင့်...တစ်ယောက်
ဒူးထောက်လဲကျ လောကမြည်ဟည်း
မြေကြီးတုန်ခိုက် သတိလစ်သွားလိုက်
မြောသွားလိုက် မေ့သွားလိုက်
သေရမည်လော မပြောတတ်ဘူး
(မောလိုက်တာ...)
စံပယ်ကလေး လှေကလေးနဲ့ ပြန်ခဲ့
ပြန်ခဲ့မောင့်ဆီ ပြန်ခဲ့မောင့်ထံ
ပြန်ခဲ့မောင့်ဘ၀ထဲ
ပြန်ခဲ့ ပြန်ခဲ့ ပြန်ခဲ့တော့ စံပယ်ရေ။ ။

စိုးမြင့်သိန်း
မဟေသီ၊ဇန်န၀ါရီ၊၂၀၀၁၊စာ-၈

ကြေးသွန်းမိုး

ကြေးသွန်းမိုး

ဒီဇာတ်လမ်းမှာ
လွမ်းဖွယ့်အခမ်းအနားကလည်း
မခမ်းမနား
စိတ်ချလက်ချ
ထားရစ်သူကြီးရဲ့
မီးလျှံပန်းများနဲ့
ကမ်းပါးပေါ်
မတိတ်တမ်း ရှာနေတော့ပုံ
မြစ်ရေထဲ
ချစ်သူရဲ့ အရိုးပြာအိုးကလေး
စီးသွားရာ
ကျလာတဲ့ အလေးအလံတွေလေ။ ။

အောင်ဝေး
နွယ်နီ၊ဇန်န၀ါရီ၊၂၀၀၁၊စာ-၁၀

Monday, June 28, 2010

တစ်နပ်စား

တစ်နပ်စား

ဆန် ဆီ ဆား ကြက်သွန်နီ/ဖြူ နနွင်း အချိုမှုန့် အရောင်တင် ရှိပြီဆိုရင်တောင်
ဓားပါး(ကြီး/လတ်/သေး) ဓားမ ကပ်ကြေး ဇွန်း ခရင်း ယောက်ချို ယောင်းမ ပန်းကန်ပြား
ပန်းကန်လုံး ဆိုဒ်စုံ အရွယ်စုံ အဆင်သင့်အနေအထားမှာ ထင်း မီးသွေး လျှပ်စစ် ဂက်စ်
တစ်မျိုးမျိုး လိုရာသုံးနိုင်ပါက ရေကောင်းရေသန့် လေကောင်းလေသန့် မြေကောင်းမြေသန့်
(ပတ်ဝန်းကျင်ပါ သန့်ဖို့လို)တစ်နေရာရာဖြစ်လျက် ဒန်အိုး ဒန်ခွက် ဒယ်အိုး ဒယ်ခွက်အပြင် ကန်စွန်းရွက်
ဗူးရွက် ဟင်းနုနွယ်ရွက် မုန်ညင်းရွက် ကိုက်လန်ရွက်(တကယ်ကကိုက်လန်ရိုး) ဒန့်သလွန်ရွက် ကင်ပွန်း
ချဉ်ရွက် ဆူးပုတ်ရွက် ခွေးတောက်ရွက်(ဂွေးတောက်ဟုအသံထွက်ရန်) ပဲတောင့်ရှည် ဖလောင်တောင်
မွှေး ဗုံလုံသီး ရုံးပတီသီး ဒန့်သလွန်သီး ဗူးသီး ကြက်ဟင်းခါးသီး သံပုရာသီး ရှောက်သီး ပြောင်းဖူး
ငပျောဖူး စသဖြင့် ဟင်းသီးဟင်းရွက်ဟင်းလျာ အကြော်/အလှော်/အပြုတ်/အသုတ်နဲ့ အရည်သောက်
အတွက် လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစို သင့်တော်သလိုစီမံ ကြက်သား ၀က်သား အမဲသား(ခွေးသားနဲ့
မမှားစေရ) ဆိတ်သား ငါး ဂဏန်း ပုဇွန် ပြည်ကြီးငါး(ကင်းမွန်ဟုလည်းခေါ်) ကြက်ဥ ဘဲဥ (အတုအပသတိပြု)
အရသာတွေ့ရာ အသားဟင်းလျာတစ်မည်မည်အား(တစ်မယ်မယ်ဟုနားလည်ပေး) အလေးပြည့်ပြည့်
ဝင်းဝင်းစိုစို ရရှိပြီးနောက် အာလူး ခရမ်း ရွှေဖရုံ ခရမ်းချဉ်သီး စတာတွေနဲ့ အာတွေ့သည့်အတိုင်း
ရောနိုင် နှောနိုင်သေးသည်သာမက ပြည်သူ့အချစ်တော်ငပိရေကျိုရဲ့ နောက်လိုက်နောက်ပါများအဖြစ်
သရက်ကင်း ဆလပ်ရွက် ပူစီနံ ရှောက်ရွက် တမာချဉ် ကတက်ချဉ် ဟင်းဂလာချဉ် ပဲပင်ပေါက် ကန်စွန်းရိုး
ပျိုပျိုအိုအိုတို့ အသည်းစွဲ ဒညင်းသီး (အစိမ်း/အပြုတ်/မီးဖုတ်/ဆားရေစိမ်) သခွားသီး ခရမ်းကျွတ်သီး
မုန့်လာဥ သို့ကလိုအဆင်ပြေရာ စပ်ဟပ်ချက်ပြုတ်ပြီးသကာလ မြန်မာ့ဓလေ့အရ အချိုတည်း အစာပိတ်ရန်
လက်ဖက်ရည် ကော်ဖီ နွားနို့ ပူလိုက ပူစေ လိုင်ချီး ကိုလာ စပတ်ကလင် လိမ္မော် နာနတ် အေးလိုက အေးစေ
သွားကောင်းသူများ ထန်းလျက် ကြံသကာ ငှက်သိုက်မုန့်ဖြင့် သုံးဆောင်လိုက သုံးဆောင် ရာသီပေါ်စာ ပန်းသီး
သစ်တော် ဆီး(ဇီးဟုအသံထွက်) နာနတ် ကြက်မောက် ဖရဲ မင်းဂွတ် လိမ္မော် ထောပတ် ကနစို ငှက်ပျော သရက်
သခွားမွှေး ဒူးရင်း(ပေါင်ရင်းထိမရောက်) အုန်းသျှစ် ကန်းစွန်းဥနီ/ဖြူ ပဲမြစ် ထန်းမြစ် ထန်းသီးဆံ ထန်းသီးမုန့်
သာကူကျို မုန့်လက်ဆောင်း မုန့်လက်ကောက်(မြန်မာဂျေဒိုးနတ်) မုန့်ကြာစိ ရွှေရင်အေး ထိုးမုန့် လမုန့်
ဘီစကစ် ကွတ်ကီး ဝေဖာ ပူတင်း ချောကလက်နဲ့ မလုံလောက်လျှင် နေကြာ ကွာစိ သရက်ပြား ဇီးတော်ဖီ
သကြားလုံး ကပ်စေးနှဲများလည်း ရှိသေးသလို လက်ဖက်သုပ် ဂျင်းသုတ် ပဲခြမ်းသုတ် ရှောက်သီးသုပ်
သရက်သီးမဆလာ မာလကာသီးမဆလာ ကြိုက်နှစ်သက်ခံတွင်းတွေ့ရာ ရွေးချယ်မှီဝဲ ဇိမ်ခံ အဆီရစ်
ထမင်းလုံးစီ စည်းစိမ်တက်စေဖို့အလို့ငှာ ချို/ချဉ်/ငန်/စပ်/ပေါ့/စိမ့်/ဖန်/ခါး အရသာများအား ခံစားသိရှိ
ဘ၀င်သည်းခိုက် အရင်းစိုက်နိုင်တဲ့ လျှာကောင်းကောင်းတစ်ချောင်း သင့်မှာရှိပါစေကြောင်း။ ။



လွန်းဆက်နိုးမြတ်
၂၁.၆.၁၀
ည ၁၁း၄၀နာရီ

အိမ်နဲ့ဝေးသော တနင်္လာနေ့အကြောင်း

အိမ်နဲ့ဝေးသော တနင်္လာနေ့အကြောင်း

အိပ်မပျော်ဘူး
စမ်းချောင်းကလေးအဖျားမှာ ဓားခုတ်သံတွေကြားရ
အပွင့်မပါသော သစ်ပင်ရဲ့
နေရောင်ခြည်များကြား
တစ်ခြမ်းပဲ့ ရနံ့များလည်း
ကျွန်တော့်အပေါ် အပိုင်းပိုင်းပြတ်ကျရာ
ခန္ဓာကိုယ်ကို ဖြေချဖို့
တို့ထိလာသောလေနှင့် လူစိမ်းများလက်ထဲ
ပွဲလမ်းသဘင်များလည်း
အဆန်းတကြယ် တိတ်ဆိတ်
နယ်မြေသစ်
အမေနဲ့ မြို့ကလေးကို ကြိုးလျှော့ပြီးထားခဲ့ရာ
လောကဓံအသစ်
ဒုက္ခအသစ်နဲ့
အမှောင်ကို ဖောက်ထွင်းရတာ မောတယ်။
ကစ်(စ)မီကွစ် ပန်းကလေးရဲ့
ဆူညံသော လရောင်ခေါ်သံလမ်းကလေးပေါ်
အတူတကွ
ကျွန်တော်က
ဆိုက်ပရပ်စ်လမ်းပေါ်
စိုက်ဝင်နေတဲ့
ဓားမြှောင်တစ်ချောင်းဆီလျှောက်လို့
လတ်တလော
ကျွန်တော့်ပြဇာတ်များ
ပူပြင်းစွာ ပေါင်မုန့်တစ်လုံးထဲ အစိမ်းသေခဲ့ရ။
အိမ်နဲ့ဝေးခဲ့ရာ။ ။

ခရမ်းပြာထက်လူ
ရုပ်ရှင်တေးကဗျာ၊ဖေဖော်ဝါရီ၊၂၀၀၁၊စာ-၅

မိန်ရာသီရဲ့ နောက်ဆုံးနေ့

မိန်ရာသီရဲ့ နောက်ဆုံးနေ့

နှင်းငွေ့တွေ ဝေနေတဲ့ လမ်းကလေး
သူ့တစ်ကိုယ်တည်း အဝေးကို ငေးလို့...။
ဆိုင်းမှိုင်းဖျော့တော့လွန်းပေမဲ့
မြို့ကလေးရဲ့ “ကဗျာ”ဆိုတာ
အဲဒီနေ့မှာ...ရှိခဲ့တယ်
နားလည်မှုတွေ တနင့်တပိုး ထမ်းထားရတဲ့
ကိုယ့်ကမ်းပါးလေးပေါ်မှာ
မုတ်သုံမိုးတွေ တဖွေးဖွေးရွာခဲ့။
တကယ်တမ်းကျတော့
မုန်တိုင်းတွေကို ဟားတိုက်မောင်းထုတ်ပစ်လိုက်ရတာ
ခါးကျင်လွန်းလှပါတယ်။ ။

မနော်ဟရီ
Beauty၊နိုဝင်ဘာ၊Y2K

တမန်တော်သီချင်း

တမန်တော်သီချင်း

သူမရဲ့ ပြန်နေကျလမ်းကလေးမှာ
ငေးရီစောင့်ကြည့်ခဲ့ဖူးတယ်။

အဝေးဆီ
ဟိုးအဝေးဆီ
သူမတိုးဝင်ပျောက်ကွယ်သွားတဲ့အခါ
ငါ့ကိုယ်ငါ တယောကလေးလုပ်ပြီး ထိုးနေခဲ့မိတယ်။

အဲ့ဒီတယောသံလေးထဲမှာ
(တိတ်တဆိတ်)
အိပ်မက်ထဲ ၀င်လာခဲ့တဲ့ ချစ်ခြင်းတရားတွေရှိတယ်။

အဲ့ဒီတယောသံလေးထဲမှာ
မျှော်လင့်စောင့်စားနေခဲ့ရတဲ့ ငါ့မနက်ဖြန်တွေရှိတယ်။

အဲ့ဒီတယောသံလေးထဲမှာ
အိမ်ပြန်သွားတဲ့ သူမကို ငေးရီစောင့်ကြည့်ခဲ့ရတယ်။

အဝေးဆီ
ဟိုးအဝေးဆီ
သူမတိုးဝင်ပျောက်ကွယ်သွားတဲ့အခါ
(အဲ့ဒီတယောသံလေးထဲမှာပဲ)
ငါ့ကိုယ်ငါ တယောကလေးလုပ်ပြီး ထိုးနေခဲ့မိပြန်တယ်။ ။


စိုးမင်းအောင်(လသာ)
မြားနတ်မောင်၊ဇန်န၀ါရီ၊၂၀၀၁၊စာ-၁၆

လူဝင်စားတွေထိုင်တဲ့ ကဖေး

လူဝင်စားတွေထိုင်တဲ့ ကဖေး

ဂစ်တာတီးမယ်
ပန်းချီဆွဲမယ်
ကဗျာရေးမယ်
အောင်မြင်လာတဲ့ တစ်နေ့ကျ ပြန်ပေးမယ်
ငါတို့ကို ငွေရင်းစိုက်ထားစမ်းပါ ဘဏ်တိုက်ကြီးတွေရယ်။

ဆေးပေါ့လိပ် ပါးစပ်မှာချိတ်
စိတ်ကူးတွေ တွင်းတူးကြ
ဇောက်နက်နက် လက်ဖက်ရည်ခွက်တွေနဲ့
နေ့နဲ့ညကို တွယ်တာကြ
ရေနံတွင်း ဆယ်တွင်းမှာ
တစ်တွင်းလောက်ပဲ သေချာပါသတဲ့
အရပ်ဆယ်မျက်နှာမှာ
လက်ဖက်ရည်တစ်ခွက်က ပိုကျိန်းသေကြ။

ဟိုတုန်းက ပါရီလို
ကဖေးတစ်ခုခုမှာ ဆုံချင်ကြ
လူသစ်စိတ်သစ်နဲ့
ဘ၀တွေ ဘ၀ပြီး ဘ၀ပြောင်းကြ။

မွန့်ခ်ျလား
ဆီလ်ဗီယာ ပလာ့သ်လား
မြို့မငြိမ်းလား
အခုတင် အမည်ပြောင်းပြီး
ထွက်သွားတယ်။

အနုပညာဆိုတာ
ကျောသားရင်သားမခွဲခြားဘဲ
လူတောထဲ ပစ်ပယ်ခံဖို့
ငါတို့ ပြန်လာကြတာပေါ့။ ။

ဝင်းမြင့်
ရနံ့သစ်၊စက်တင်ဘာ၊Y2K၊စာ-၃၆

စိမ်းသူ

စိမ်းသူ

ရာသီဥတုက
ငါ့အသက်ကို လုတယ်။

ငါ့မှာ
ရင်ဘတ်ဓားတန်းလန်းကြီးနဲ့
ဘ၀နဲ့ဝေးရာ ငေးငေးနေရ
ဘ၀နဲ့ဝေးရာ လွမ်းလွမ်းနေရ။

ငါ့ကိုရတဲ့ အနုပညာကြမ်းရှရှမှာ
ငါ့အသားမဲရ
ငါ့ဖိနပ်ပါးရ
ငါ့အဆုတ်နာရ။

အဆင်မပြေတဲ့ သူငယ်ချင်းက
ငါ့ဆီလာတယ်။
အဆင်ပြေတဲ့ သူငယ်ချင်းဆီ
ငါက သွားတယ်။

ငါသောက်တဲ့ လက်ဖက်ရည်
စားပွဲထိုး အလွတ်မရဘူး။
ငါမသောက်တဲ့ “ပြန်ဆိုတေး”
ဆိုင်ရှင် အလွတ်မရဘူး။

မနေ့က
နေ့သွင်းပြည့်တယ်
မွေးနေ့ဆိုလား
ငါ မတွေ့ချင်ယောင်ဆောင်ခဲ့တာ။ ။

စိုင်းဝင်းမြင့်
ရနံ့သစ်၊စက်တင်ဘာ၊Y2K၊စာ-၃၅

ငှက်ဝင်စားမြစ်

ငှက်ဝင်စားမြစ်
(အတ္တရုပ်ပုံလွှာ)

သစ်ပင်တစ်ပင်တည်းနဲ့ အပျံမတတ်ဘူး
အတောင်ပံတစ်ခုတည်းနဲ့လည်း တစ်တောလုံး မပျံနိုင်ဘူး
တောင်တန်းနဲ့ ပင်လယ်ကြား
အသိုက်ဖွဲ့ပုံများ
(သူ့မှာ...)
လေရိုင်းထဲ
ကမ်း
ပြို
နေ

တော့
တယ်။ ။

အောင်ဝေး
ကလျာ၊ဇန်န၀ါရီ၊၂၀၀၁

ကမ်းခြေ

ကမ်းခြေ

ပန်းတွေ လှိုက်လှိုက်လှဲလှဲ မပွင့်တဲ့ ရာသီတွေထဲ
ကောင်းကင်ယစ်မူး ကခုန်
မြက်ခြုံပုတ်တို့ ပိပြား

တကယ့်ကို
ထီးထီးမားမား
ကျောက်ဖြစ်သွားတဲ့ နက်ကျောကျော အော်သံတစ်ခုကို
မျက်ကွယ်ပြုပြီး
ရပ်နေ။

သင်းကွပ်ထားတဲ့ ကြယ်စင် အပဲ့အကျိုးတွေနဲ့
အ၀ါရောင် ငှက်တွေ လေဟုန်မစီးတဲ့ည
မျှော်လင့်ခြင်း ကျောက်ဆောင်
ကမ်းဝေးခဲ့ လှိုင်းများ။

ဟောသည်မှာတော့
ကမ်းခြေတစ်ခုက
စောင့်စားခြင်းနဲ့ အိမ်ထောင်ရက်သားကျခဲ့။ ။

သစ်ကောင်းအိမ်
ချယ်ရီ၊ဒီဇင်ဘာ၊Y2K၊စာ-၁၀

အရိုင်းတေး

အရိုင်းတေး

မျှော်လင့်ချက် လက်ကျန်တချို့နဲ့
ချစ်ခြင်းမေတ္တာတွေ သယ်ဆောင်လို့
ကောင်းကင်တစ်ဝက်
စပယ်တစ်ခင်း
အတိအကျ ငါ့မြင်းခွာသံတွေအောက်
ရနံ့သစ်နဲ့ ဥယျာဉ်
ထားခဲ့။

ဒါ...အမြင့်ဆုံးဘားရဲ့ ဂီတ
ကြိုးတစ်ချောင်းပြတ်ခဲ့တယ်
ကမ္ဘာမြေရေ...

စိတ်ချ
ချစ်သူတွေအတွက်
သီချင်းမသေ။ ။

မင်းဆွေနှစ်(မုံရွာ)
ကလျာ၊စက်တင်ဘာ၊၁၉၉၉

ထင်းခွေသူ

ထင်းခွေသူ

လူချင်းထိခိုက်သံ ကြားရမှမဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကိုကြားရတာလည်း
ဘ၀ပဲ...။
အဲဒီနေ့မှာမှ ငါကလည်း ထင်းရှာထွက်ခဲ့မိတယ်
နောက်ဆုံးတော့
သစ်ပင်တွေကို သေခိုင်းရမယ့်အစား
ပုဆိန်ကို ငါသတ်လိုက်တယ်။ ။

တာရာမင်းဝေ
ချယ်ရီ၊နိုဝင်ဘာ၊Y2K၊စာ-၇

ကြောင်

ကြောင်

သူဟာ ကြောင်တစ်ကောင်ဖြစ်တယ်လို့ ပြောကြတယ်
သူဟာ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့အဖေလည်း ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့အဖိုးလည်း ငါးတစ်ကောင်မှ မစားဖူးဘူး
(သူဟာ ကြောင်တစ်ကောင်ဖြစ်တယ်လို့ ပြောကြတယ်)
သူ့ရန်သူတွေက သူ့အကြောင်းရေးဖွဲ့ထားတဲ့ ကဗျာတွေ
ဖတ်ပြီး သူငိုတယ်
ဒါပေမယ့် သူဟာ ကြောင်တစ်ကောင် ဖြစ်တယ်
သူက မှောင်ထဲမှာ မြင်နိုင်တယ်လေ
သူဟာ ပြင်သစ်ဘာသာနဲ့ ချောင်းဆိုးပြီး
ဂျာမန်ဘာသာနဲ့ သမ်းဝေတတ်တယ်
“ကြောင်တစ်ကောင်ရဲ့ တစ်နေ့တာ”
စာအုပ်ကို မြန်မာဘာသာနဲ့ ထုတ်ဝေခဲ့တယ်
အဲဒီစာအုပ်ဟာ ရောင်းစွံခဲ့လေတော့
သူဟာ ကြောင်တစ်ကောင်ဖြစ်ကြောင်း ပိုသေချာလာတယ်
ကုတ္အက်ႌႀကီးႀကီးထဲမွာ
သူ့ကိုယ်လုံးသေးသေးလေးဟာ မြုပ်နေတတ်ပြီး
သူ့တွေးခေါ်မြော်မြင်မှုတွေကို
ကုတ်အင်္ကျီ ဘယ်ဘက်အိတ်ထဲမှာ ထည့်ထားတတ်တယ်
(ညာဘက်အိတ်ထဲမှာတော့ မက်ဒေါနားနဲ့ လီနင်ရဲ့ ဓာတ်ပုံတွေရှိတယ်)
သူ့ကို မယုံကြည်သူတွေက
၅.၂စင်တီရှိတဲ့ နှုတိခမ်းမွေးကို
အတုကြီးတွေလို့ ပြောကြတယ်
ဒါပေမယ့် သူ့လက်သည်းတွေကိုတော့ အားလုံးကြောက်ရွံကြရဲ့
သူဟာ မြို့တစ်မြို့ကို ခုန်အုပ်နိုင်တယ်
ပင်လယ်ထဲမှာ မျောလာတဲ့ စံပယ်ပန်းလေးတစ်ပွင့်ကို
ဟိုတယ်တစ်ခုပေါ်ကနေပြီး အနံ့ခံနိုင်တယ်
စာအုပ်တစ်အုပ်ထဲမှာ ပုန်းနေတဲ့ ၀ါကျတစ်ကြောင်းကို
မှန်ပြောင်းတစ်လက်နဲ့ ကြည့်တတ်တယ်
(သူဟာ ကြောင်တစ်ကောင်ဖြစ်တယ်လို့ ပြောကြတယ်)
သူဟာ မနက်တိုင်း နွားနို့မှန်မှန်သောက်တယ်
လေကို ၀၀ရှူသွင်းတယ်၊သတင်းစာဖတ်တယ်
ပေါင်ချိန်တယ်၊ရွှေဈေးအတက်အကျကို မှတ်သားတယ်
ပြီးရင် ဂေါက်ရိုက်တယ်
ပြီးရင် ဘီယာသောက်တယ်၊ခေတ်ပေါ်ကဗျာ(မာရ်နတ်
မင်းမေ့ဆေးပြယ်သောအခါ)ဖတ်တယ်
နတ္ထိဝါဒီတွေဆီ ဖုန်းဆက်တယ်
သူဟာ ရေခဲသေတ္တာထဲမှာ ဆောင်းကို သိမ်းထားပြီး
မီးလင်းဖိုထဲမှာ နွေကို ၀ှက်ထားတယ်
ရေချိုးခန်းထဲမှာတော့ မိုးဟာ ရွာသွန်းအမြဲ
ဝက်သစ်ချပင်ကြီးက အရွက်တွေ ကြွေတော့
သူအသက် ၄၀ ရှိပြီ
နွေတစ်ရက်မှာ
သူဟာ
မိန်းမတစ်ယောက် လဲလျောင်းနေတဲ့ အခန်းတံခါးသော့ကို
လွှင့်ပစ်ပြီး
ပင်လယ်ဆီ ထွက်လာခဲ့တယ်
ငါးတစ်ကောင်အကြောင်း ဟောပြောဖို့ပါ။ ။

နေမျိုး
၂၀၀၀.၈.၂၆
ရုပ်ရှင်တေးကဗျာ၊နိုဝင်ဘာ၊Y2K၊စာ-၅

အတိတ်

အတိတ်

ဆောင်းစက်လက်ခိုနေတဲ့ နန်းတော်...
မကျော်ကြားခဲ့တဲ့ သူရဲကောင်းများ
ချောက်ကမ်းပါးခြားနေတဲ့ ညနေရီတွေ
ခုတော့...ကြေကွဲမှုတွေက ပိုးစိုးပက်စက်...။

မိုးဦးပေါက်ရင်...
ကျိန်စာဖတ်မုန်တိုင်းတချို့ ရောက်လာလိမ့်မယ်...
လွယ်လွယ်နဲ့ ကြွေတတ်တဲ့ စံပယ်တွေထဲမှာ “သူ”မပါဘူးတဲ့
အရုဏ်ဦးကို ဖွဲ့ဆိုရင်း ညဥ့်နက်ခဲ့ရတဲ့အကြောင်း
ထောင်းထောင်းထအောင်ပြောလို့...။

သွားစို့...
နှစ်ချို့ရာဇ၀င်တွေကို မတူးဖော်မိစေနဲ့။
...စတုတ္ထမြောက်နေ့ရက်တွေကို မုန်းတယ်...
သောကြာရထားစီးလာတဲ့(၁၃)နာရီ
မိန်ရာသီရဲ့ နောက်ဆုံးနေ့တစ်နေ့
ခရီးစဉ်မေ့နေတဲ့ လက်မှတ်နှစ်စောင်...
တောင်စဉ်တွေ အထပ်ထပ်ခြားသွားခဲ့ကြပြီ။

ခြေလှမ်း(၉၀)အလွန်ရက်စွဲများ
နှင်းစက်ပိုးမျှင်တွေကြားက ကချေသည်
ကျွန်မ ရှိုက်ရယ်နေမိသေးသလားမသိ...။

မနော်ဟရီ
စတိုင်သစ်၊အောက်တိုဘာ၊Y2K၊စာ-၁၁

တစ်နေ့တာ

တစ်နေ့တာ

တွေ့ကြတော့လည်း အဲဒီသီချင်းကြီးဟာ မျက်နှာမသာမယာနဲ့
ဝိုးဝိုးဝေးဝေးအသံပြုလို့ ကျွန်တော့်ကို တံတျာတေရှင်တယ်
စိတ်ရှည်လက်ရှည်နောက်ဆုတ်ပေးပြီး နားချဉ်ခဲ့တယ်

မရဲဘဲရင့်တဲ့ အတင်းပြောသူတွေနဲ့လည်း ဆုံတယ်
စာမျက်နှာကို သေနေတဲ့ ဗုံလိုတီးခတ်ပြီး လက်ရုံးရေးပြတယ်။
အဲဒီ့အချိန်မှာပဲ “တော်တော့...တော်တော့”လို့
ကုလားအုတ်ကြီးတစ်ကောင်က အောက်အီးအီးဝင်“အွတ်”တယ်
ပြီးမှ သူတို့ချင်း မိတ်ဖြစ်ဆွေဖြစ် စကားဆက်များတယ်

ကိုယ့်ကြောင့်ပဲ သူ့ကိုယ်သူသည်းခံထားရသလို ဘတ်စ်ကားကပြောတယ်
ဝါသနာပါတိုင်း ရွှေမန်းတင်မောင်လုပ်လို့ မရမှန်း သူမသိဘူး
စာရေးကြီးကလည်း ဒဿနဟပြဲနဲ့ တစ်ခရီးစာနေထိုင်တယ်
ကျွန်တော်ကလည်း လူပဲ၊နည်းနည်းနဲ့ကျဲကျဲတော့ စိတ်ညစ်တယ်။

အိမ်ရောက်ပြီ...
ကိုယ့်ကိုဖွင့်တဲ့ သော့ကလေး ကိုယ်ပြန်ကောက်ရလိုက်ပြီ
၁-၁/၂လရှိတဲ့ သားလေးက“အေး...အေး”လို့ လှမ်းခေါင်းညိတ်တယ်
ချမ်းမြေ့လိုက်တာကွယ်၊ခုမှပဲ အမောတွေ တဗောက်ဗောက်ကွာကျတယ်။
စိတ်ချ သား
အဖေ အိမ်ကို ပြန်လာခဲ့ပြီပဲ
တခြားဘယ်ကိုမှ မပြန်တော့ဘူး။ ။


တာရာမင်းဝေ
စတိုင်သစ်၊အောက်တိုဘာ၊Y2K၊စာ-၁၀

လမိုက်ညနှင့် လက်ထပ်ခြင်း

လမိုက်ညနှင့် လက်ထပ်ခြင်း

ငါ့ရဲ့ အတိတ်ဟောင်းထဲမှာ
မိုးတိမ်တွေ ပြိုကျလာဦးမယ်
ကမ္ဘာကြီးကတော့ မုသာဝါဒတွေနဲ့ ဖောင်းပွ
ကာလလက်တံနဲ့အတူ ရွေ့လျားနေတဲ့
ကဗျာတစ်ပုဒ်ကတော့
ဒေါသတကြီးနဲ့ပဲ သူ့ကိုယ်သူ စုတ်ဖြဲပစ်လိုက်တယ်။

ချစ်ဦးသူရဲ့ မျက်နှာနွမ်းနွမ်း
ငါက ခေတ်ကြီးတစ်ခေတ်လုံး လွမ်းခဲ့ရတာ
သတိရလို့ ပြန်ပြီး တူးဖေါ်ကြည့်လိုက်တယ်
အနောက်တောင် မုတ်သုံလေရဲ့ ရယ်မောသံ
သူက မနက်ဖြန်တွေကို ငါ့ဆီက သယ်ဆောင်သွား
စကားတစ်ခွန်းတောင်မှ ပြောခွင့်မရလိုက်ဘူး။

စကားလုံး အကျိုးအပဲ့တွေနဲ့
ဒုက္ခပင်လယ်သေတစ်ခု၊ငါ့ခန္ဓာကိုယ်ထဲ ၀င်ပုန်းနေတယ်
အရှေ့မှာ မှောက်ထားတဲ့ ဖဲတစ်ချပ်တော့ရှိရဲ့
ဘာဖဲလည်းဆိုတာ ငါကိုယ်တိုင်မသိ
မိုးတိမ်တွေ တအိအိပြိုကျလာခါနီးပြီ

အတိတ်ဟောင်းကလည်း
ငါ့ဆီတဖြည်းဖြည်း ချဉ်းကပ်လာနေပြီ
သစ်ခြောက်ပင်ရဲ့ လက်ဖျံရိုးတွေက
လမင်းကို ရိုက်ချလိုက်တယ်။

အကျည်းတန်လွန်းတဲ့ လမိုက်ည
ငါ့ရင်ခွင်ထဲကျမှ လှချင်လည်း လှစေတော့
ဘ၀ဆိုတာ ကိုယ့်အကျိုးပေးနဲ့ ကိုယ်။ ။

ကိုနိုင်း
မဟေသီ၊အောက်တိုဘာ၊Y2K၊စာ-၁၂

ချစ်ခြင်းသို့တေး

ချစ်ခြင်းသို့တေး

လျှို့ဝှက်စွာ စောင့်မျှော်ကြည်နူးခဲ့ဖူးရဲ့ မေမေ
ဤကမ္ဘာမြေရဲ့ နံရိုးကလေးထဲ။

တောအုပ်၊တောင်တန်း၊နှင်းဆွတ်ပန်းပွင့်
စိမ်းလန်း သမုဒ္ဒရာနဲ့ ရွက်လှေကလေး
လပြာပြာ ကောင်းကင်မြေမိုးတို့ဟာ
စကြ၀ဠာရဲ့ အဆင်တန်ဆာသာ ဖြစ်ပါတယ်။

ဘယ်လောက်ပဲ
အေးစက်စက်
ပင်ဂွင်းငှက်ကလေးတွေနဲ့
ဝင်ကစွပ်၊ကနုကမာ
နှင်းဖုံးတောင်တန်းတွေဟာ
ဖြူရောင် စင်ရောင် တလျှပ်လျှပ်
နေခြည်ကို ၀ါးမျို ကြံ့ခိုင်ဆဲ ရှိကြတယ်။

လျှို့ဝှက်စွာ စောင့်မျှော်နေဆဲပဲ မေမေ
ဒီခန္ဓာအိမ်လေး
နွေးထွေးစွာ လဲလျောင်းဖို့
နှင်းတဖြိုက်ဖြိုက် လွမ်းလိုက်တာ
မိုးကာင်းကင်ကြီးရဲ့ တေးကဗျာပါ။ ။

ကြယ်စင်မှူးဝေ
ရုပ်ရှင်တေးကဗျာ၊အောက်တိုဘာ၊Y2K၊စာ-၁၀

Tuesday, June 1, 2010

ကိုယ့်ဘလော့ဂ် ကိုယ့်ကမ္ဘာ

ကိုယ့်ဘလော့ဂ် ကိုယ့်ကမ္ဘာ

ကိုယ့်ကဗျာ ကိုယ့်အရေးအသား ကိုယ့်အတွေးအခေါ် ကိုယ့်ဝါကျ ကိုယ်လိုင်းတွေအတွက် ကိုယ့်ဖရီး ဘလော့ဂ် တစ်ခုကို နီးရာဘော်ဒါဘော်ကြွက်ဆီ ချော့တစ်လှည့် ခြောက်တစ်ခါ တောင်းပန်ခြိမ်းခြောက်ရင်း ကမ္ဘာ့ ကွန် ယက်ထဲ ၀င်ရောက်ဖို့ ကြိုးစားချိတ်ဆက်ခြင်းမှာ ကိုယ့်နည်းပညာ ကိုယ့်လေ့လာမှု ကိုယ့်ထိုးထွင်းဥာဏ် နည်းပါးမှုက ကိုယ့်တင်ဆက်မှုတွေကို ထစ်အနှောင့်နှေးစေသလို ကိုယ်ဆည်းပူးရမယ့် ဘလော့ဂ်ဘာသာ ရပ်ပို့ချသူ ကိုယ့်အရင်းဆုံး ဘော်ဒါဘော်ကြွက်ဆီ ရောက်ရှိရန်မှာ အမြန်ကလေး ကားပြေးစီးရင်တောင်မှ တစ် နာရီလောက်ကြာရှည်နေလေတော့ (ဒါတောင်သကောင့်သားကို မျက်နှာချင်းဆိုင်တွေ့ရဖို့ မလွယ်ကူသေး ဖုန်း ကလေးပါ ပြေးကြိုဆက်ထားပါမှ သေချာချင်)ကိုယ့်မှာ ဒီအရပ်နဲ့ ဒီဇာတ် သမမျှတအောင် ကြည့်ကျက်“က” နေ ရတဲ့ ကိုယ့်နေ့စွဲတွေခမျာ ယောင်ချာချာနဲ့ ဦးစွာပထမ ကိုယ့်အိမ်သုံးကွန်ပျူတာထဲ ဇော်ဂျီကို အရင်ပင့် နှစ်ထပ် စာလုံးရိုက်နည်းရှာ မဖြစ်ညစ်ကျယ် ကိုယ့်ပို့စ်လေးတွေ တင်ရဖို့အရေး ၀င်းရက်ဆက်ချာနဲ့ ရိုက်ပြီးသား ကိုယ့် ကဗျာဖိုင်တွေကို မိုက်ခရိုဆော့ဝဒ်ထဲ ထည့်ကာထည့်ကာ ဇော်ဂျီဖိုင်အဖြစ် မချိန်းတတ်ပြန်တော့ ကိုယ်တင် ချင် သမျှ ကိုယ့်ပို့စ်အားလုံး အစအဆုံး ဇော်ဂျီနဲ့ပဲ ပြောင်းရိုက်ရပြန် တစ်ချို့ပို့စ်တွေအတွက် လိုအပ်တဲ့ စကားပြေ စာ စီပုံမျိုး မစီတတ်လေပြန်ရာ ကိုယ့်ခန္ဓာကိုယ်ဟာ မစိုမခြောက်အင်္ကျီတစ်ထည် ၀တ်ထားရသူလိုလို ဘာလိုလို ခံ စားရင်းတန်းလန်း ကမ္ဘာနဲ့အ၀ှမ်း ကိုယ့်ဘလော့ဂ်ကို ဖွင့်ကြည့်ကြတဲ့ ကောင်တာခေါ် ကြိမ်နှုန်းပြဒိုင်ခွက် မတပ် တတ်ပြန်ကိုယ့်ဘလော့ဂ်ထဲ မျက်စိလည်လမ်းမှား လာရောက်လည်ပတ်ကြသူများရဲ့ ဆဲစာ ဆိုစာလေးတွေ ကြုံ ရင်ကြုံသလို ရောက်ရှိကြောင်း ၀င်သွားကြောင်းလင့်ခ်လုပ်သွားကြောင်း စသဖြင့် လက်ဆော့ခြေဆော့လုပ် သွား ရအောင် စီဘောက်စ်ဆိုတာကိုလည်း မဆင်တတ်ပြန် ကိုယ်နှစ်သက်ရာ တခြားဘလော့ဂ်များသို့လည်း ကိုယ့် ဘလော့ဂ်မှတဆင့် လင့်ခ်လို့ အမည်တွင်တဲ့ ချိတ်ဆက်မှုမပြုတတ်ပြန် အဲသလို ကိုယ့်ဘလော့ဂ်ခမျာ ဟာတာ တာနဲ့ ကိုယ့်အိမ်သုံးကွန်ပျူတာကလေးမှာ ရိုက်ပြီးသမျှ ပို့စ်အသစ်လေးတွေ ကိုယ့်အမ်ပီသရီးလေးထဲ ဆေ့ဗ်ကာ ဆေ့ဗ်ကာ ကိုယ့်ရပ်ကိုယ့်ရွာက အင်တာနက်ကဖေး သုံး-လေး-ငါး-ခြောက်-ခုနစ်ဆိုင်များထဲမှ ကိုယ်နဲ့ အဆင် အပြေဆုံးလို့ (အတင်းကာရော) ယူဆပစ်ထားရတဲ့ အင်တာနက်ဆိုင်လေးဆီအသွား ကိုယ့်မိန်းမမျက်နှာ ဖျတ်ခနဲ ပြန်မြင်ယောင်လိုက်ပြီးသကာလ ကိုယ့်အိမ်အသုံးစရိတ်ထဲ အင်တာနက်ဖိုးဆိုတဲ့ ၀န်ထုပ်ကို ဖိစီးမှု မရှိ နေစေရ အောင် တစ်ပတ်မှာ တစ်ခါကျနှုန်း တစ်ခါမှာ တစ်နာရီခွဲကျနှုန်းနဲ့ သုံးစွဲရန်အလို့ငှာ တရုတ်စက်ဘီး ကလေးစွဲ ရှေ့ခြင်းထဲ ပလတ်စတတစ်ဖိုင်လေးထည့် ယုဇနဥယျာဉ်မြို့တော်ဆိုတဲ့ ဒီမြို့ရဲ့ ကွန်ကရစ် ချိုင့်ခွက် တွေ ရှောင် ကွင်းနင်းဖြတ်လာရင်း ကိုယ့်စိတ်တိုင်းကျ ကိုယ့်ရွေးချယ်မှုအရ ၀င်ထိုင်လိုက်တဲ့ အင်တာနက်ကဖေးထဲက ကွန် ပျူတာမော်နီတာရှေ့အရောက် ကိုယ့်ပို့စ်အသစ်တစ်ခု ကမ္ဘာ့ကွန်ယက်ထဲ ရောက်ရှိဖို့ ဆယ်မိနစ်နီးပါး စိတ်ရှည် လက်ရှည် စောင့်ဆိုင်းရတဲ့ ကွန်နက်ရှင်ခေါ် အဆက်အသွယ်တွေ သိပ်သိပ်ကို သိသာစွာ လေးလံ နှေးကွေး နေတာမျိုး ဗြုန်းစားကြီး ကြုံလိုက် တွေ့လိုက် ကြုံတွေ့လိုက်ရတဲ့ အခါသမယမှာတော့ ကိုယ့်ခမျာ ယောင်ချာချာ ဟာတာတာနဲ့ မျောက်မင်းစွန်းဝူခုန်းလို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်ရင်း ဘယ်လက်ဖမိုးပေါ် ညာ လက်ချောင်းများနဲ့အသာကုတ်ရင်း ကိုယ့်ဘလော့ဂ် ကိုယ့်ကမ္ဘာမှာ ကိုယ့်ခမျာ ယားကျိကျိ။ ။


လွန်းဆက်နိုးမြတ်
၂၈.၅.၁၀
ညနေ ၀၃း၃၀နာရီ

Friday, May 28, 2010

ပြတင်းတစ်ချပ်သို့ အမှတ်ရချက်…။

ပြတင်းတစ်ချပ်သို့ အမှတ်ရချက်…။


သားတို့ အိမ်နားက လူမနေတဲ့ တိုက်ခန်းတစ်ခုမှာ နေ့ရောညရော တံခါးတစ်ခြမ်းဟင်းလင်းပွင့်နေတဲ့ မှန်ပြတင်း ပေါက်တစ်ခုရှိတယ် ဘာလို့ ပွင့်နေမှန်းတော့ သားလည်း မသိဘူး တချို့နေ့လယ်နေ့ခင်းတွေမှာဆိုရင် ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတဲ့ အဲဒီ့မှန်ပြတင်းက တန်ပြန်အလင်းတွေဟာ သားတို့သူငယ်ချင်းတွေ ဆော့ကစားနေကျ သဲပြင်ကွက်လပ်ဆီ စူးခနဲစူးခနဲ ရောက်ရောက်လာတယ် အဲဒီလိုရောက်လာတဲ့အခါ မွှေးနီက “သောက်တံခါး ကလည်း”ဆိုပြီး မြေကြီးပေါ်က ခဲလုံးတစ်လုံးနဲ့ မှန်ပြတင်းကို လှမ်းပေါက်တတ်တယ် ဒါပေမယ့် ပြတင်းပေါက်က ဟိုးအမြင့်ကြီးမှာဆိုတော့ မွှေးနီပစ်လိုက်တဲ့ ခဲလုံးတွေဟာ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ်ကို တဖုတ်ဖုတ် ပြန်ပြုတ်ကျလာတာချည်းပါပဲ ဒါကို မကျေနပ်လို့ဆိုပြီး မွှေးနီက တစ်ခါနှစ်ခါ ထပ်ပစ်ပြန်ပါတယ် ပစ်ပြီးသွားတော့ “ငါက ငယ်သေးလို့ပေါ့ကွာ ငါကြီးလာမှ ခဲကြီးကြီးနဲ့ အဲဒီ့ပြတင်းမှန်ကို ခွဲပစ်မယ်”လို့ ကျိန်းတယ် နောက်တော့ လည်း မွှေးနီခေါင်းထဲ အဲဒီ့ပြတင်းပေါက်ကိစမေ့သွားပြီး သားတို့နဲ့ ဆက်ကစားဖို့ပဲ သိတော့တယ် သားတို့လမ်း ထဲမှာနေတဲ့ နတ်ကတော်ကြီးကတော့ အဲဒီ့မှန်ပြတင်းပေါက်မှာ ညဖက်ညဖက်ဆို မျက်နှာဝါ၀ါကြီးတစ်ခု ပေါ်လာ တတ်တယ်လို့ သားတို့ကလေးတွေကို တစ်ခါပြောဖူးထားလို့ ညဖက်ကစားတဲ့အခါ သားတို့တွေ ဘယ်တော့မှ အဲဒီ့ပြတင်းပေါက်နားမှာ မကစားရဲကြတော့ဘူး နတ်ကတော်ကြီးကို ကြည့်မရတဲ့ မွှေးနီတောင် နတ်ကတော်ကြီး စကားကြောင့် ညဖက်ဆို အဲဒီ့မှန်ပြတင်းဆီလှည့်လို့တောင်မှ မကြည့်ဘူး ဒါပေမယ့် နေ့ခင်းရောက်ရင် မွှေးနီတစ် ယောက် ခဲပြန်ကောက်တော့တာပါပဲ ပါးစပ်ကလည်း ထုံးစံအတိုင်း“သောက်တံခါးကလည်း”လို့ အော်မြဲပါပဲ တကယ်တော့ နတ်ကတော်ကြီးပြောတာ ဟုတ်ချင်ဟုတ်မှာ အမြဲတမ်း ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတဲ့ အဲဒီ့မှန်ပြ တင်းတံခါးတစ်ခြမ်းဟာ လေမတိုက်တတ်တဲ့ အချိန်တွေမှာတောင် ယမ်းခါနေတတ်သလားပဲ သားစိတ်ထဲ ထင်မိတာလည်း ဖြစ်နိုင်ပါတယ် သား အဲဒီလိုဘာကြောင့်ထင်ရသလဲဆိုတော့ လေမတိုက်တဲ့ နွေတစ်ညမှာ သားတို့တစ်မိသားစုလုံး သန်းခေါင်ချိန်ကြီး တရေးနိုးလာတုန်း သားရဲ့ညီမလေးက “ကိုကို ဟိုမှာကြည့်”ဆိုပြီး လက်ညှိုးထိုးပြလို့ ဒီလောက်လေငြိမ်နေတဲ့ကြား အသက်ဝင်နေတဲ့ သတ္တ၀ါတစ်ကောင်လို တကျွီကျွီမြည်ပြီး ယမ်းခါနေတဲ့ အဲဒီ့မှန်ပြတင်းတစ်ခြမ်းကို သားတွေ့လိုက်ရတယ် သားလည်း နတ်ကတော်ကြီးပြောတဲ့ မျက်နှာဝါ၀ါ ကြီးပေါ်မလာခင် ညီမလေးလက်ကိုဆွဲပြီး မေမေ့ဆီ အမောတကော ပြေးသွားမိလို့ ဘာမှနားမလည်တဲ့ ညီမလေး ကျုံးအော်တာတောင် ခံလိုက်ရသေးတယ် တစ်ခါတုန်းကတော့ တစ်ခြမ်းပွင့်နေတဲ့ အဲဒီ့မှန်ပြတင်းတံခါးဘောင် ပေါ် တော်တော်ကြည့်လို့လှတဲ့ ငှက်ကလေးတစ်ကောင်နားနေတာ ထူးထူးခြားခြား သားတို့မြင်ဖူးတယ် သားတို့ ဆိုတာ ထုံးစံအတိုင်း သားရယ် မွှေးနီရယ် နက်ကျော်ရယ် တရုတ်မရယ်ပေါ့ အဲ ဒါပေမယ့် ထုံးစံမဟုတ်တာက သားတို့ကို တစ်ခါတစ်လေ အနိုင်လာကျင့်တတ်တဲ့ ကိုကြီးအောင်ဘုနဲ့ ကိုကြီးအောင်မောင်းတို့ ညီအစ်ကို နှစ်ယောက်လည်း ရှိနေတယ် အမြဲတမ်းလေးခွတကိုင်ကိုင်နဲ့ ကိုကြီးအာင်မောင်းက ဖြုန်းဆို အဲဒီမှန်ပြတင်း ဘောင်ပေါ်နားနေတဲ့ ငှက်ကလေးကို ခွနဲ့ပစ်လိုက်ပါရောလား အံ့သြစရာပါပဲ ကိုကြီးအောင်မောင်းပစ်လိုက်တဲ့ လောက်စလုံးဟာ ဘယ်ရောက်သွားတယ်မပြောတတ်ဘူး ငှက်ကလေးရှိတဲ့ ပြတင်းမှန်ဆီ မရောက်ဘဲ လေထဲမှာ ပျောက်သွားတယ် ကိုကြီးအောင်မောင်းလည်း ဘယ်နေမလဲ နောက်ထပ်လောက်စာလုံးတွေနဲ့ ငှက်ကလေးကို ဆက်တိုက်ထပ်ပစ်တယ် ပစ်သာပစ်တယ် အလကားပဲ နောက်ဆုံး ငှက်ကလေးခေါင်း တစ်ချက် ငဲ့ပြီး ပျံသန်း ထွက်သွားတဲ့အထိ ကိုကြီးအောင်မောင်းရဲ့ လောက်စာလုံးတွေဟာ ဘယ်ရောက်သွားမှန်း စဉ်းစားမရနိုင်အောင် ပျောက်ဆုံးသွားတယ် တိုက်ဆိုင်တာက အဲဒီ့နေ့ညပိုင်းမှာ ကိုကြီးအောင်မောင်း အပြင်း အထန်ဖျားတယ် နှစ်ရက် သုံးရက်နေမှ အဖျားပျေက်တယ် သားမှတ်မိသလောက်ပြောရရင် အဲဒီ့မှန်ပြတင်း ပေါက်ကို ဘယ်သူကမှ ဖျက်ဆီး လို့မရခဲ့ပါဘူး သားတို့အားလုံးရဲ့ နောက်ပိုင်းအချိန်တွေမှာ ဘယ်သူကမှလည်း မှန်ပြတင်းကို စိတ်မ၀င်စားကြတော့ဘူးလေ တစ်ခါတစ်လေ အဲဒီ့မှန်ပြတင်းပေါက်အကြောင်း သားနဲ့သိတဲ့လူ တွေကို အခုလို ဦးဦးကိုပြောသလို မျိုး ပြောပြပေမယ့် သားပြောတာကို ဦးဦးလောက် ဂရုတစိုက် နားမထောင် ပေးကြဘူး ဒါပေမယ့် ဒါတွေကကြာ ပါပြီလေ ကြာဆိုကိုကြီးအောင်မောင်းလည်း လက်သမားဆရာဖြစ်နေပါပြီ ကိုကြီးအောင်ဘုကတော့ နိုင်ငံခြားကို ထွက်သွားတယ် ဟိုတလောတုန်းကတော့ နတ်ကတော်ကြီးရဲ့ အသုဘကို သားသွားလိုက်ရတယ် နတ်ကတော်ကြီးသေတာ ထူးဆန်းတယ် အေကိုက်တာတဲ့ အဲဒီ့အေဆိုတဲ့ကောင်ကို သား တစ်ခါမှ မမြင်ဖူးဘူး သားက ခွေးတို့ ကြောင်တို့ တောထဲက ကျားတို့ ခြင်္သေ့တို့လောက်ပဲ သိတာ အံမယ် သားသူ ငယ်ချင်းနက်ကျော်ကတော့ အဲဒီ့အေဆိုတဲ့ကောင်ကို သိချင်သိမှာ သိလည်းနက်ကျော်က သားတို့ရပ်ကွက်ထဲ မနေတော့တာကြာပြီ နက်ကျော်က အခု ဗွီဒီယိုမင်းသားလုပ်နေတယ် လူချောမောင်ဆိုတာသူပေါ့ တရုတ်မက တော့ တခြားမြို့ပြောင်းသွားပြီးကတည်းက တစ်ခါမှ ပြန်မတွေ့ဖြစ်တော့ပါဘူး သားညီမလေးလား သူကသားနဲ့မ တူဘူး ကြီးလာတော့ သားကို ခဏခဏဆူတာပဲ သူက သားထက် စာတွေလည်း အများကြီးတတ်တယ် နောက် တစ်ပတ်ဆိုရင် သားညီမလေးမင်္ဂလာဆောင်တော့မှာ အဲဒီ့ခါကျရင် သားကြိုက်တဲ့ ရေခဲမုန့်စားရမှာ ဒါနဲ့ ဟိုကောင်မွှေးနီလေ မိန်းမသုံးယောက်တောင် ယူပြီးကွဲသွားတယ် မွှေးနီက အရင်လိုမဟုတ်တော့ဘူး တစ်နေ့ တစ်ခြားကြောက်စရာကောင်းလာတယ် နေ့တိုင်းလမ်းထဲမှာ မူးရူးနေတာပါပဲ မူးရူးတိုင်းလည်း လမ်းထဲ လူမနေ တဲ့ တိုက်ခန်းက တစ်ခြမ်းပွင့်နေတဲ့ မှန်ပြတင်းပေါက် ကို ဆဲဆိုပြီး ခဲနဲ့ထုတာပါပဲ သူထုတဲ့ ခဲတိုင်းဟာလည်း ဘယ် တော့မှ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ် တဖုတ်ဖုတ်ပြန်ပြန်ကျလွန်းတာများ အဲဒီ့နေရာမှာ ခဲပုံကြီးဖြစ်နေ တာသာကြည့်။ ။


လွန်းဆက်နိုးမြတ်

ဂီလာန

ဂီလာန

နာကျင်မှုမှာ အသက်ခန္ဓာကို ပုံအပ်ပြီး လဲလျောင်းနေတာက
တစ်ဘ၀လုံးလုံး တစ်ရေးမှ မမှေးစက်ခဲ့ရသလိုမျိုး
အရသာ ချို၊ချဉ်တွေရဲ့ ဆွဲဆောင်မှုက ၀ါဖျော့လာတဲ့ အခါ
ရှင်ခြင်းတရားကို ဂွမ်းစနဲ့ ဆွတ်ဆွတ်ပြီး တစ်စက်ချင်း ချပေးနေရ
အာဟာရကို ချောင်းတစ်သွယ် မြောင်းတစ်သွယ်ဖောက်ပြီး သွယ်တန်းပေးနေရ
ခန္ဓာကိုယ်က အရိုးနဲ့အရေ မကွဲတော့ဘဲ သစ်ကိုင်းခြောက်ကြီးလို
အဲဒီသစ်ကိုင်းခြောက်ကြီးမှာကလည်း နောက်ဆံငင်ခြင်းတွေ ပိုက်တန်းလန်းနဲ့
သူ့ရဲ့ကြီးမားတဲ့ ဂုဏ်သိမ်ဂုဏ်ဒြပ်တွေက သူ့ရဲ့ ရန်သူကို မတုန်လှုပ်စေနိုင်တော့
ချိုင့်ဝင်နေတဲ့ မျက်တွင်းထဲ မှိန်ဖျော့ဖျော့အလင်းရောင်လေးက ဆာလောင်ငတ်မွတ်လို့
ဆေးဝါးဓာတ်စာတွေနဲ့ ဂယ်ပေါက်တွေကို ပိတ်ဆို့လို့
ကျော်ဖြတ်ခဲ့ဖူးသမျှ ပင်လယ်တောင်တန်းတွေကို စိတ်မှတ်မှတ်ပြီး
ကုတင်ပေါ်က ဆန့်ရပ်နေတဲ့ တောင်ကြီးကို ငေးကြည့်လို့
အပျက်စီးပုံကြီးထဲ ပြာကပ်ကပ်ရင်ဘတ် တစ်ထွာတစ်မိုက်က
နေထိုင်ခွင့်လေးကို အငမ်းမရ ရှူသွင်းလို့
နှစ်ပေါင်းများစွာ ၀င့်ကြွားခဲ့တဲ့ ခန်းဆောင်အိမ်ဝါကြီးလည်း
အပ်ချွန်လေးတွေရဲ့ ဆွဲအားမှာ ယိုင်နဲ့လို့
အားရစရာတစ်စက်မှ မရှိတဲ့ နေ့လားညလားကမ်းပါးက
စိတ်ရှိလက်ရှိပြိုကျလို့
သေရေးရှင်ရေး ကုတ်ကပ်တွယ်နေတဲ့ မျှော်လင့်စိတ်လေးသာ
အသက်ခန္ဓာမှာ နကိုယ်နေအတိုင်း ကောင်းကောင်းမွန်မွန်ရှိလေရဲ့
တစ်စတစ်စ နီးကပ်ကျယ်လောင်လာတဲ့ ခွေးအူသံတွေမှာ ကပ်ငြိပါလာတဲ့
တအိတအိ အုံ့မှိုင်းကျဆင်းနေတဲ့ မြူမှုန်စတွေမှာ ပုန်းခိုပါလာတဲ့
လူနာခန်းထဲ ရစ်သီရစ်သီနဲ့ နာရီကို တကြည့်ကြည့်လုပ်နေတဲ့
လုပ်သက်ရ ကျွမ်းကျင်သူ ၀န်ထမ်းကောင်း အချိန်တွေ။
ခေါက်ခနဲ ကောက်ကာငင်ကာ ညည့်ငှက်တစ်ကောင် သီချင်းလန့်ဆိုတယ်
အိမ်အိုပျက်ကြီးကို စွန့်ရစ်ပြီး အိမ်သစ်တစ်လုံးဆီ ပျံတယ်
အဖြစ်အပျက်တွေ အားလုံးဟာ ဓမ္မတာမျှသာမို့ ဆေးရုံအိုကြီးမယ်
သံဝေဂတေးကို မဆိုဖြစ်လိုက်ရရှာဘူး။ ။


အဲချို
သောင်းပြောင်းထွေလာရယ်စရာ၊အောက်တိုဘာ၊Y2K၊စာ-၁၅

စွန့်စားမှု

စွန့်စားမှု

(၁)
တံခါးဖွင့်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံရှိတယ်
တစ်ရံက သေးသေး။
တစ်ရံက ကြီးကြီး။
(၂)
ခဏကြာတော့
တံခါးပိတ်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံ ပျောက်သွားတယ်။
(၃)
မကြာခင်ပဲ
တံခါးဖွင့်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံ ပြန်တွေ့ရတယ်။
(၄)
သေးသေးတစ်ရံရဲ့
သဲကြိုးတစ်ဖက်ကတော့
ပြတ်နေလေရဲ့။ ။

မောင်ကြိုးကြာ
ချယ်ရီ၊စက်တင်ဘာ၊Y2K၊စာ-၁၂

မိသားစု

မိသားစု

ညကရွာထားတဲ့ မိုးက
ကြမ်းပြင်ပေါ်မှာ မခြောက်ချင်သေးဘူး
မနက်ခင်းဆိုတာကို
အဖေက
ရေတစ်ခွက်သောက်ပြီး ကြိုဆိုလိုက်တယ်
(ညက များသွားလို့တဲ့)
ပြတင်းပေါက်ကို ဖွင့်လိုက်တော့
ညီမလေးက ခရေပန်းတွေ ကောက်နေတယ်
(ဈေးမကွဲခင် သွားရောင်းရမှာဆိုတော့)
အိမ်ပေါက်ဝကို ရောက်တော့
အစ်ကိုက တစ်ဘက်ခြံထဲမှာ ရေစည်ထည့်နေလေရဲ့
(တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလို့)
ခြံထဲမှာ စပယ်တွေဖွေးနေအောင် ပွင့်နေကြပြီ။
အမေ့ကို သတိရလိုက်တာ
ဒါပေမယ့်...
ထုံးစံအတိုင်း
နို့ပုံးနှစ်ပုံး စက်ဘီးမှာ ချိတ်ပြီး
ကျွန်တော်အိမ်က စထွက်ခဲ့တယ်။ ။

ထွဏ်းသွေးအိမ်
ရုပ်ရှင်အမြုတေ၊စက်တင်ဘာ၊Y2K၊စာ-၁၁

အိပ်မက်

အိပ်မက်

အိပ်မက်မရှိတဲ့ည
သိပ်ပျင်းဖို့ကောင်းတယ်။
အိပ်မက်မရှိရင် မဖြစ်လို့
အိပ်မက်မုဆိုး လုပ်ရဦးမယ်။
အိပ်မက်ကို တွေ့ရင်တော့လား
မပြေးနိုင်အောင်
တိုင်မှာ ကြိုးနဲ့တုပ်ထားလိုက်မယ်။
ကျွန်တော်က အိပ်မက်ကို ရှာနေသလို
အိပ်မက်ကလည်း ကျွန်တော့်ကို ရှာနေမှာပဲ။
အိပ်မက်ဟာ ကျွန်တော်ရှိနေပါမှ
အိပ်မက်ရယ်လို့ ရပ်တည်နေနိုင်မှာ။
အိပ်မက်ဟာ ကျွန်တော်မရှိရင်
အိပ်မက်ရယ်လို့ ရပ်တည်နိုင်မှာ မဟုတ်ဘူး။
ကျွန်တော်ကလည်း အိပ်မက်ရှိနေပါမှ
ကျွန်တော်ရယ်လို့ ဖြစ်တည်နေနိုင်မှာ။
ကျွန်တော်လည်း အိပ်မက်မရှိရင်
ကျွန်တော်ရယ်လို့ ဖြစ်တည်နေနိုင်မှာ မဟုတ်ဘူး။
အိပ်မက်ကို ဖမ်းပြီး ကြိုးနဲ့တုပ်ဖို့
အိပ်မက်ကို ကျွန်တော်က ရှာနေတုန်း
အိပ်မက်က ကျွန်တော့်ကို အရင် ဖမ်းမိသွားပြီး
လှလှပပ တင်းတင်းရစ်ရစ်
အိပ်မက်က ကျွန်တော့်ကို ကြိုးနဲ့တုပ်လိုက်တယ်။
ကျွန်တော်က အိပ်မက်ကို မက်နေတာလား
အိပ်မက်က ကျွန်တော့်ကို မက်နေတာလား။ ။


မောင်သင်းခိုင်
ကလျာ၊စက်တင်ဘာ၊Y2K၊စာ-၆

သီချင်းတောင်းခံလိုက်ရတဲ့ည

သီချင်းတောင်းခံလိုက်ရတဲ့ည

ဂီတက မသန့်ဘူး
ကွက်ကျားမိုးစို မီးရောင်မှိန်မှိန်ထဲက ဂီတ
လူကြီးလူကောင်းဂုဏ်သိက္ခာ လက်ကိုင်ပန်းမျှော်တဲ့ ဂီတ
အဆီပြန်ပွက်ပွက်ဆူ
ရမ္မက်မျက်နှာ အရိပ်မည်းတွေ ထိုးကျလာတဲ့ ဂီတ
သီချင်းတစ်ပုဒ်ပြီးရင် ဈေးခေါ်ကောင်းတဲ့ စားပွဲထိုး
လက်ဝါးချင်းရိုက် လက်ခုပ်သံထဲက ဂီတ
ပန်းပွားပန်းကုံးတွေ လည်တိုင်ဖွဖွပေါ်
ညင်သာစွာ စွပ်ချလိုက်တဲ့ ဂီတ
သံလိုက်လက်ဖ၀ါးကြမ်းကြမ်းတွေ
ဆုပ်ညှစ်ခါယမ်းလိုက်တဲ့ ဂီတ
အမြှပ်တစီစီခွက်ထဲက ခြောက်ကပ်အက်ကွဲစွာ
ဟာမိုနီလိုက်တတ်တဲ့ ဂီတ
မဆွတ်ခင်က ညွှတ်ချင်နေတဲ့ ကိုယ်ဟန်ပြဂီတ
ပရိယေသန အသံလှိုင်းတွေ တစ်စတစ်စ မှောင်သွားတဲ့ ဂီတ
ပထမတန်းစား ဖြေဖျော်မှု ဘ၀ရေခဲတုံးတွေ
အေးစက်စက် မျောပါနေတဲ့ ဂီတ
သရဖူလေးဆောင်းလိုက်ရဖို့ မာယာအသံလှိုင်းတွေ
မြူးကြွယိမ်းနွဲ့ ဂီတ
ဆိုနေကျ သီချင်းတွေနဲ့
အနက်ရောင် ၀မ်းဆက်ဇာကွက်ထဲက
ဝင်းပရုန်းကြွ အသားရောင်ဂီတ
ဂီတက မသန့်ဘူး။ ။

ကောက်နွယ်ကနောင်
မဟေသီ၊စက်တင်ဘာ၊Y2K၊စာ-၁၀

ရာသီ

ရာသီ

မျက်လှည့်ဆရာက
စံပါယ်ပွင့်တွေကို
ဓားအတုံးကြီးနဲ့ ခုတ်ချလိုက်တဲ့အခါ
ကျွန်တော် ထပြန်လာခဲ့တယ်။
ပြီး...သံကြိုးစာတစ်စောင်ရေးတယ်။
လိပ်စာက ကျွန်တော့်လိပ်စာဖြစ်ပြီး
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ဖြစ်တယ်။
ပြီး...ရုပ်မပါတဲ့ နာမ်အလွမ်းတွေ ပါတယ်
ခိုတွေအကြောင်း ဖွဲ့ထားတဲ့ တိတ်တစ်ခွေပါတယ်။
သံချေးတက်နေတဲ့ ဓားတွေ ပါတယ်။
အတ္တဖိုထဲက ပေါင်မုန့်အသိုးတွေအကြောင်း
ပါတယ်။
လွန်ခဲ့တဲ့ (၃)နှစ်ကျော်က ကဗျာတစ်ပုဒ်ပါတယ်။
ကုလားထိုင်တွေသာ ရောင်းတဲ့
ရှေးဟောင်းဆိုင်တစ်ဆိုင်အကြောင်း ပါတယ်။
ဆိုတော့...
ဒီကြေးနန်းစာဟာ
ဒီရာသီနဲ့ပဲ ကိုက်ညီပါလိမ့်မယ်။ ။


အိုက်လူအောင်

ရုပ်ရှင်တေးကဗျာ၊စက်တင်ဘာ၊Y2K၊စာ-၁၀

ရိတ်သိမ်းဖို့

ရိတ်သိမ်းဖို့

မင့်ရင်ခွင်ညံ့ နုနွေးသက်မှာ မှေးစက်
ငါ့အားနည်းချက်တွေကို ခ၀ါဖွပ်ချင်တယ်
ငါ့မျှော်လင့်ချက်တွေကို စိုက်ပျိုးချင်တယ်
အချစ်ရယ်
ဘာကြောင့် ဤမျှ လေးလံရပါသလဲ။
ခေါင်းအုံးနှစ်လုံးရဲ့ ကီလိုမီတာခရီး
ငါ့အားနည်းချက်တွေ ဆေးကြောချင်တယ်
ငါ့မျှော်လင့်ချက်တွေ စိုက်ပျိုးချင်တယ်
အချစ်ရယ်
မြေဆီမြေနှစ်တွေ ဖွံ့ဖြိုးခဲ့ပြီပဲ
ဒါနဲ့များ
နွယ်ခွေဆံစလေးများရဲ့ ညံ့သက်မှု
အဘိဓမ္မာ နှုတ်ခမ်းစည်းရုံးရေးသမားရဲ့ ထူထွေးမှု
ပင့်သက်တို့ရဲ့ တိုးညင်းရှိုက်ညည်း ဟန်ဆောင်ကန့်ကွက်ခြင်း
လက်ဖျားခြေဖျားများ အေးစက်
တဒက်ဒက်ရင်ခုန်သံများကြားမှာ
အချစ်ရယ်
ငါ့အားနည်းချက်တွေ ဆေးကြောချင်တယ်
ငါ့မျှော်လင့်ချက်တွေ စိုက်ပျိုးချင်တယ်
ရိတ်သိမ်းဖို့
ငါမရှိတော့တဲ့နောက်မှာ
ငါ့မြေးမြစ် တီကျွတ်တို့
ရိတ်သိမ်းဖို့။ ။

အုန်းမြင့်လှိုင်
မဟေသီ၊သြဂတ်၊Y2K၊စာ-၉

လှိုင်း

လှိုင်း

မြင်ကွင်းကျယ် ရှုခင်းထဲ
နီးလာလိုက်...
ဝေးသွားလိုက်...
သူတို့အချင်းချင်း ရှုပ်ထွေးစွာ လမ်းခွဲ၊
ကမ်းကို ရောက်ဖို့တော့
အလုအယက် ပူးပေါင်းပြန်ကြ၊
ပြီး...
ငြိမ်သက်ပြေပြစ်နေခဲ့၊
နောက်တစ်ကြိမ်အတွက် အားမွေး၊
ကြည့်သူအဖို့တော့
ဖြစ်ခြင်း ပျက်ခြင်းကို ရိုးရိုးပဲ ဆင်ခြင်မိတယ်။ ။


ဝေမှူးသွင်

ရုပ်ရှင်အမြုတေ၊ဖေဖော်ဝါရီ၊Y2K၊စာ-၁၄၇

အလှည့်

အလှည့်

(၁)
သူသေသွားတော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။
(၂)
ရှိုက်ကြီးတငင်ငိုကြွေးသူ သေဆုံးသွားပြန်တော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။
(၃)
ဝမ်းသာအားရဖြစ်နေသူ သေဆုံးသွားပြန်တော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။ ။

ထွန်းဝေမြင့်
ရုပ်ရှင်အောင်လံ၊ဇွန်၊Y2K၊စာ-၁၆

သဗျစ်သီးများ မီးလောင်ခြင်း

သဗျစ်သီးများ မီးလောင်ခြင်း

အစိမ်းရောင်ရဲရဲ သရက်ပွင့်တို့ အရိပ်မှာ
ခင့်နှုတ်ခမ်းကို ကိုက်စုပ်ပြီး
သစ်တော်သီး၊သကြားသီး
သြဇာသီး၊စတော်ဘယ်ရီသီး
မာလကာသီးတွေ ခူးနေကြတယ်။
ဒီအချိန်မှာ ဆိုဗီယက်ကလား
အမေရိကန်ကလား၊အဏုမြူများ ဖြန့်ကြဲလိုက်ရာ
ဂင်္ဂါမြစ်၊ဆန်ဖရန်စစ္စကိုတံတား
ဘီတယ်လ်ဓာတ်ပြားကုမ္ပဏီ၊ပီကင်း
ချင်းတောင်တန်း၊အနော်ရထာလမ်း
တို့ချစ်သူနှစ်ဦး၏ အနမ်းများ
မီးခိုးမှိုင်းကြား၊အဆိပ်ငွေ့ကြား
ပျောက်ဆုံးသွား။ ။

မောင်စိမ်းခက်(ပြည်)(ခ)သုခမိန်လှိုင်
၁၉၇၂၊“ဇွန်လ၏ မိုးရေစက်များ”စာအုပ်ပါကဗျာ
ရုပ်ရှင်တေးကဗျာ၊အောက်တိုဘာ၊၂၀၀၂၊စာ-၁၉၉
ကိုခါး(ကွမ်းခြံကုန်း)၏ မှော်ရုံဟေ၀န် “စစ်အေးအလွန် ချစ်သူဘေးသင့်တဲ့ ဆောင်းရာသီ”ဆောင်းပါးမှ ထုတ်နှုတ်တင်ပြသည်။

မြွေဝင်စား

မြွေဝင်စား

အမေရေ...သားမအိပ်ချင်ဘူး
ညတာရှည်ရင် အိပ်မက်ရှည်သတဲ့
အာသီသသစ်သီးကို စားချင်စမ်းပါဘိ
ပန်းဖျက်တဲ့ ပိုးက ဆိုးတယ်...အမေ...။

အိပ်မက်ထဲ ကျွန်တော်က မြွေတစ်ကောင်ဖြစ်လို့
ကောင်းကင်ကို ညှို့ကြည့်တော့...
နဂါး၊ဂဠုန်၊ဂုမ္ဘန်၊ယက္ခ
တိမ်ညိုတွေ အထွေးလိုက်ပြုတ်ကျ...။

ပင်လယ်ကို ညှို့ကြည့်တော့
ငွေပင်လယ်က ရွှေပင်လယ်ပြောင်း
လဲလျောင်သဲသောင်ဖွေးဖွေးပေါ်
ကွေးကွေးလေး အိပ်ရှာတဲ့...
ကလေးဘ၀ကို ပြန်တွေ့တယ်...။

ရိုးမကြီးကို ညှို့ကြည့်ပြန်တော့...
တောင်ယာမီးခိုးတွေ တအူအူတက်နေတဲ့
မတ်ရပ်တောအုပ်တွေနဲ့ ချွေးစို့နေတဲ့ တောင်သူတွေ
ထွက်ကျလာတယ်...။

ကျွန်တော်က ချစ်သူကိုညှို့တော့ ...
ကမ်းနှစ်ဖက်ကြား အလွမ်းတွေ ရဲရဲဖြာလို့...။

ကျွန်တော်က အမေ့ကိုညှို့တော့...
မိတ္ထီလာကန်တော်အောက်က
ဖားကောက်သူဟာ ကျွန်တော်ဖြစ်နေရော့...
ရွှေလင်ပန်းနဲ့ အချင်းမဆေးနိုင်ခဲ့ဘူး...အမေ...။

ညထဲမှာ ဘ၀က ကျပျောက်...
ကြယ်ကြွေတွေ အိပ်ပေါက်နဲ့ လိုက်ကောက်...
ညတာရှည်ပါစေတော့...အမေ...
အိပ်မက်ရှည်တာကိုပဲ ချစ်နေမိပြန်။ ။

နရီ(မြိတ်)
ချယ်ရီ၊စက်တင်ဘာ၊၂၀၀၂၊စာ-၁၁

ချစ်သူကို နှုတ်ဆက်ခြင်း

ချစ်သူကို နှုတ်ဆက်ခြင်း

ကောင်းသော နံနက်ခင်းပါ ချစ်သူ...
ငါ့အတွက် အင်အားဓာတ်ကယ်လိုရီ
အဆီဓာတ်မီလီဂရမ်သီချင်းနည်းနည်း
ပရိုတင်းနဲ့ ကယ်လစီယမ်(မလိုအပ်)
ငါ မှန်မကြည့်တတ်ဘူး
တင်းနစ်မရိုက်တတ်ဘူး
စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေရဲ့ ပြဇာတ် ရေးဖို့(တွေးရင်း)
ကိုလက်စထရောများများ
အိပ်မက်ကြားလမ်းလျှောက်နိုင်ဖို့
အယ်လ်ကိုဟောတစ်ပုလင်း(ဒါပဲ)

ကောင်းသောနေ့လည်ခင်းပါ ချစ်သူ...
(ရှင်ခြင်းရဲ့ ပြဿနာ)
ကဗျာဆရာတွေပိန်ပိန်လာကြ
ခပ်၀၀ ကဗျာဆရာဆိုတာ၊ တစ်စုံတစ်ခု လွဲချော်နေမှုပဲ
Time မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး
ကိုလက်စထရောမများစေဖို့ သတိပေး
ငါကတော့ အေးအေးဆေးဆေးပါပဲ
ကြက်ဥ ဒိန်ခဲ
မိရိုးဖလာ မသိုးထမင်း မသိုးဟင်းနဲ့
(သေခြင်းရဲ့ နိမိတ်ပုံ)

ကောင်းသောညနေခင်းပါ ချစ်သူ...
ငါ့ရဲ့နောက်ဆုံး ဖယောင်းတိုင်လေးကို ဂုဏ်ပြု
အခု...ရောက်လာတော့မယ့် ဆောင်းနှင်းဖြူဖြူမှာ
ငါဝတ်စရာ၊ကုတ်အင်္ကျီ အဟောင်းလေးတစ်ထည်တောင် မရှိဘူး
စိတ်မူးနေသူ ငါ့နေ့စွဲတွေအတွက်
ဘေးဥပါဒ်ဖြစ်စေမယ့် အရာအားလုံး
(ငါလုံးဝလိုအပ်တယ်)

ကောင်းသော ညချမ်းပါ ချစ်သူ...
ငါအိပ်တော့မယ်။ ။

ပိုင်သ
ချယ်ရီ၊စက်တင်ဘာ၊၂၀၀၂၊စာ-၅

သေနေတဲ့ကဗျာ

သေနေတဲ့ကဗျာ

လွမ်းတယ်...
သက်တံရဲ့ အဲဒီ့ဘက်အခြမ်းကလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ်...။

စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ခဲ့
ကျဉ်းကျဉ်းကလေးဆိုပေမယ့် ကိုယ့်တွင်းကို ကိုယ်တူးခဲ့တယ်။

ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလို
နှစ်တွေဟာ ပွတ်ကာသီကာ ကြာခဲ့ပြီ။

ဝေးရမှာကို စပယ်တစ်ပွင့်စာလောက် ကြိုသိပါရဲ့။
ဒါပေမယ့်...
ပူအိုက်စွတ်စိုတဲ့ အဲဒီ့လမ်းကလေးမှာ
ကျွန်တော်တို့ အတူတူမိုးခိုခဲ့ကြပါတယ်။

အရှုံးကို ဘယ်လို သဲကန္တရတွေနဲ့ ခြယ်မှုန်းရမှာလဲ၊ပြောပါ။

ဝန်ခံပါတယ်။
ဆောင်းမြအမှုန်တွေကို တွေတိုင်း တလဲ့လဲ့ပြေးကောက်
“တစ်ခွက်ထဲပါ”လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်က ပင်လယ်အဟောင်းကို ခပ်သောက်ချင်နေတုန်းပဲ။


တာရာမင်းဝေ

ရုပ်ရှင်တေးကဗျာ၊ဇူလိုင်၊၂၀၀၂၊စာ-၇

မက်လင်ပင်ကြီးအောက်မှာ

မက်လင်ပင်ကြီးအောက်မှာ

ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့ သေတ္တာကို
ဒီမနက်မှာ တစ်ဖန်
ဖွင့်ကြည့်လိုက်တော့
မက်လင်ပင်ကြီးများ ပေါက်ရောက်နေတာ တွေ့ရ။

ငါလေ
မက်လင်ပင်ကြီးတွေအောက်မှာ
တစ်ယောက်တည်းလျှောက်သွား
စာအုပ်တစ်အုပ်လောက် ရေးဖို့ စဉ်းစားမိ
အဲဒီစာအုပ်ဟာ“အကယ်၍”ဆိုတဲ့ စကားလုံးမပါတဲ့
စာအုပ်ပေါ့ကွာ။

ငါလေ မက်လင်ပင်ကြီးတွေအောက်မှာ
နာရီပေါင်းများစွာ ကြာမြင့်ခဲ့
ဝါကျတစ်ကြောင်းမှလည်း မရခဲ့ပါဘူး။

ချစ်ဇနီးရေ
မက်လင်ပင်ကြီးတွေအောက်မှာ
အမြဲပဲအေးစိမ့်နေတာဟာ
တစ်စုံတစ်ယောက် ငိုကြွေးခဲ့တဲ့ မျက်ရည်တွေ
စွတ်စိုယိုစိမ့်နေခဲ့လို့ပဲ ဖြစ်မှာပေါ့။ ။

နေမျိုး
၃.၂.၂၀၀၀တွင်ကွယ်လွန်ခဲ့သော
ချစ်ဇနီး မ၀င်းမေကွယ်လွန်ခြင်း(၂)နှစ်ပြည့်အမှတ်တရ
မဟေသီ၊သြဂတ်၊၂၀၀၂၊စာ-၁၃

ကုန်စိမ်းဘူတာ

ကုန်စိမ်းဘူတာ

အသံမမြင်ရဘဲ လီဗာ လွတ်ပုတ်နေတဲ့ ဘူတာ
တက်သုတ်ရိုက်ပြီး ထမ်းကြ ပိုးကြ အော်ကြ ဟစ်ကြ
ဝေေ၀ဆာအောင် ပွင့်နေတဲ့ ဒေသသီးနှံ ကုန်စည်ဗရပွ
ခြင်းတောင်းနဲ့ တစ်မျိုး ကျန်ကျောင်းအိတ်နဲ့တစ်မျိုး
ခရီးသည်ကို စိတ်ဆိုးတာလည်း ဒီဘူတာပါပဲ

ပါဆယ်(ရထား) သံကြားမှ ကိုယ်စိတ်နှလုံးရွှင်ကြည်နိုင်သူများ
ငွေရဖို့ ငွေကိုရင်းသူ ငွေရဖို့ လူကိုရင်းသူ
ရုံးလုလင်၊ခရီးသည်၊ကုန်သည်ပွဲစား၊သီးနှံရောင်းသူ၊နေ့ပြန်သမား
အရက်သမား၊အရူး၊ရနံ့အရောင်ထူထူပြစ်ပြစ်
တိုးတိုးဝှေ့ဝှေ့ကြိတ်ကြိတ်
တစ်ယောက်နဲ့တစ်ယောက် နင်းတက်နေရာတစ်ခုအတွက် မနက်ခင်းတွေပျက်ခဲ့ပြီ
ဒါကိုပဲ ၀မ်းစာဆိုပြီး လက်ပိုက်ကြည့်နေတဲ့ဘူတာ

မြို့ပြကြီးကို ရွှေဖရုံနဲ့မြှူဆွယ်၊ပန်းဂေါ်ဖီနဲ့ မြှူဆွယ်
နံနံပင်နဲ့မြှူဆွယ်၊ပြောင်းဖူး၊သခွားသီး၊ဗူးသီး
မြေကြီးက ထွက်သမျှ အသီးအရွက်အရောင်စုံနဲ့ မြှူဆွယ်
တစ်ပဲခြောက်ပြားတွေ ရွှေဖြစ်ပြီး လောဘတွေ ထောင်းထောင်းထအောင် သီးနေလည်း
ဘူတာလေးက ရိုးသားတုန်းပဲလေ
ဘူတာလေးဟာ ရထားတွေဆုံပြီးတဲ့ အခါ
ဖုတ်ဖက်ခါရင်း သိက္ခာတစ်တိုကို အားပါးတရဖွာလို့
သူ့အရှေ့ဆီကို ငေးရီနေတော့တယ် နေ့စဉ်။ ။

တီကျူး
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၁၅

သွေးခြည်ဥ

သွေးခြည်ဥ

ပန်းချီကားကို ပြင်ဆွဲဖို့
သန်မာသော လက်များက
နာကျင်ခံစားနေပုံရတယ်။

စွဲစွဲမြဲမြဲ ပူလောင်စွာ ဆုပ်ကိုင်ထားရတဲ့
ဘ၀ခရီးဟာ
ကူးစက်ရောဂါတစ်မျိုးပဲ
အလွမ်းကို လက်စဖျောက်ပစ်ဖို့
ငွေကြေးက မလုံလောက်ဘူး။

ခင်ဗျားလက်
ကျွန်တော်ဆွဲမိတယ်
ကျွန်တော့်လက်
ခင်ဗျားဆွဲမိတယ်
ရုပ်ရှင်က ကလေးကြိုက်တွေ မရိုက်တော့ဘူး
ရာသီမရွေး ဆေးထိုးမခံနဲ့တော့
ဆံပင် အနီရောင်ဆိုးတာလည်း
ခေတ်တစ်ခေတ်
အသံသာသော လရောင်ဘ၀ထဲ ဖြာအကျ
ခါးကြားက သဲကြိုးမရှိတဲ့ ဖိနပ် စမ်းမိတယ်။

ပူဆာစတမ်းဆို
မေမေ့ဆီမှာ
ပူဆာစရာက အများသား
သစ်ပင်တွေပေါလျက်
အသက်ရှူကျပ်တယ်။

ဘာပဲဖြစ်ဖြစ်
ကြေကွဲစရာရှိရင်
ကျွန်တော်က အဦးဆုံးကြေကွဲမိမှာပါ။ ။

ရိုးသက်
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၁၄

အဆင်ပြေသလိုကြည့်ပြော

အဆင်ပြေသလိုကြည့်ပြော

နယ်သစ်ပယ်သစ်မှာ မိတ်ဆွေသစ်နဲ့ အဆင်ပြေသလို ကြည့်ပြော
လူအုပ်ထဲ လမ်းလျှောက်ရင်း တိုးတိုက်မိတဲ့အခါ
အဆင်ပြေသလို ကြည့်ပြော
အိမ်ပြန်နောက်ကျလို့ မိဘက မေးရင် အဆင်ပြေသလို ကြည့်ပြော
အဆင်ပြေသလိုသာ ကြည့်ပြောလိုက်
“ဘာများအလိုရှိပါသလဲရှုင်”တဲ့
မီနီမားကတ်အရောင်းသမလေးက မေးတယ်
အဆင်ပြေသလို ကြည့်ပြော
လူကြီးမင်းရဲ့ ဂုဏ်သရေရှိစွာ ဖြတ်သန်းခဲ့တဲ့
ဘ၀အပေါ် သုံးသပ်ချက်တွေအတွက်
အင်တာဗျူးသမားလေးတစ်ယောက်ကို အဆင်ပြေသလို ကြည့်ပြော
ရင်ခွင်ထဲက ကောင်မလေး စိတ်ကောက်နေတဲ့အခါ
အဆင်ပြေသလို ကြည့်ပြော
နားထောင်၊အဆင်ပြေသလို ကြည့်ပြော
သတ်မှတ်ရက်အတွင်း မပြီးစီးတဲ့ အလုပ်တွေအကြောင်း
နှဖူးပြောင်ပြောင်အလုပ်ရှင်ကို အဆင်ပြေသလို ကြည့်ပြော
ချိန်းဆိုထားတဲ့ ကတိက၀တ်တွေ လွဲချော်သွားခဲ့ရင်
စီးကရက်ဗူးကို ထိုးပေးရင်း အဆင်ပြေသလို ကြည့်ပြော
သေသေချာချာတည်ကန်လိုက်ပေမယ့်
ဘားတန်းပေါ် ကျော်တက်သွားတဲ့ ပင်နယ်တီဘောလုံးအတွက်
နည်းပြဆရာကို အဆင်ပြေသလို ကြည့်ပြော
ကြည့်ပြော၊အဆင်ပြေသလို
ဘယ်ကိစ္စမဆို ခေါင်းမမာရဘူး အဆင်ပြေသလို ကြည့်ပြော
ဒီလိုပဲ ဘယ်ကိစ္စမဆို မပျော့ညံ့ရဘူး
အဆင်ပြေသလို ကြည့်ပြော
အကျဉ်းအကျပ်တစ်ခုထဲ
မတော်တဆရောက်တဲ့အခါ အဆင်ပြေသလို ကြည့်ပြော
ပျော်ရွှင်မှုတစ်ခုဆီ
အမှတ်မထင် စိုက်ဝင်မိရင် အဆင်ပြေသလို ကြည့်ပြော
ကြားလား၊အဆင်ပြေသလို ကြည့်ပြော
အခုနေ တစ်ယောက်ယောက်က
လူကြီးမင်းဘာလုပ်နေသလဲမေးလာရင် အဆင်ပြေသလို ကြည့်ပြော
ဒီကဗျာရဲ့ အဓိပ္ပါယ်အကြောင်း
ထပ်မေးလာရင်လည်း အဆင်ပြေသလို ကြည့်ပြော
ဘယ်အချိန်မှာပဲဖြစ်ဖြစ်
ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်
ဘယ်ဘာသာစကားနဲ့ပဲဖြစ်ဖြစ်
ဘယ်အရပ်ဒေသမှာပဲဖြစ်ဖြစ်
အမြဲတမ်း အဆင်ပြေသလို ကြည့်ပြော
ထပ်ပြောမယ်
အဆင်ပြေသလို ကြည့်ပြော။ ။


လွန်းဆက်နိုးမြတ်

ဖက်ရှင်၊နိုဝင်ဘာ၊၂၀၀၈၊စာ-၁၆

အဖျားသွေး

အဖျားသွေး

အခန်းထဲလည်း မ၀င်ချင်ဘူး
အခန်းအပြင်လည်း မထွက်ချင်ဘူး
အရာရာဟာ နောက်ကျိခြင်းတွေနဲ့ အသားကျလို့
ပျော်ရွှင်မှုကို ကုန်နေတဲ့ သွားတိုက်ဆေးညှစ်သလို
ဇွတ်ညှစ်ချကြည့်နေရတယ်
လက်ဖက်ရည်ဆိုင်က ခွေးခြေခုံလေးတွေကိုယ်တိုင်
ငြီးငွေ့လွန်းလို့ ကိုက်ခဲနေကြ
တစ်ကိုယ်စာမျှော်လင့်ချက်တွေက
လေထဲ လွင့်မျောဆဲ ဗာဒံရွက်တွေလား
လူ့အဖြစ်ရဲ့ ရှင်သန်လိုခြင်းမှာ
ပင်နယ်တီ အကြိမ်ကြိမ်ပေးနေရတယ်
ပြစ်ဒဏ်ဘော ခဏခဏထိတယ်
လေ့ကျင့်ခန်းအတိုင်း
အားပါးတရ ရှူရှိုက်မိလိုက်တော့
ရင်ဘတ်ထဲ ညှော်နံ့တွေသာ ထောင်းလမောင်းထတိုးဝင်
ဘ၀အဓိပ္ပါယ်ဆိုတာ ကတ္တရာလမ်းပေါ် ပြားကပ်နေတဲ့ မြွေရေခွံ
သောက်နေကျ နွားနို့တစ်ခွက်အတွက်
ထင်သလောက်မလင်းတဲ့ မနက်ခင်းတွေပဲ အထပ်ထပ်ရလာ
အချစ်ဟာ ငွေကြေးနဲ့ တိုက်ရိုက်အချိုးကျတာ သိခဲ့ပြီ
ချောက်ကမ်းပါးကို ပန်းအိုးလှလှအဖြစ်
မရည်ရွယ်ဘဲ အထင်အမြင်မှား တပ်မက်မိ
အရေးကြုံရင် ကိုယ့်ကိုယ်ကိုတောင်
လုံလောက်အောင် မကယ်တင်နိုင်ဘူး
အခြေအနေအရ လက်ဆွဲနှုတ်ဆက်လိုက်ရတယ်
ကံတရားအရ လက်ပြလမ်းခွဲလိုက်ရတယ်။ ။


လွန်းဆက်နိုးမြတ်

ရတီ၊သြဂတ်၊၂၀၀၈၊စာ-၁၂
(ဒီကဗျာကို ရတီမှာ ဖော်ပြခံရတော့ “ပင်နယ်တီ အကြိမ်ကြိမ်ပေးနေရတယ်”ဆိုတဲ့ စာကြောင်းဟာ ပါမလာခဲ့ ပါဘူး။ဒါ့အပြင် “ကံတရားအရ လက်ပြလမ်းခွဲလိုက်ရတယ်။”ဆိုတဲ့ စာသားကို “ကံတရားက လက်ပြလမ်းခွဲ လိုက်ရတယ်။”လို့ လွဲမှားဖော်ပြခဲ့ကြပါတယ်။အခုတော့ ကျွန်တော် အပြည့်အစုံ ရေးထား ပါတယ်။ အရသာ မပျက်တော့ဘူးပေါ့ခင်ဗျာ)

သားကောင်

သားကောင်

မပျော်မရွှင်ဖြစ်နေရင်တောင်
ပျော်ပွဲရွှင်ပွဲတွေဘက် ခြေဦးမလှည့်ဖြစ်ဘူး။
စိတ်လိုလက်ရမရှိတဲ့ ညနေခင်းတွေနဲ့သာ
တစ်နှစ်ပတ်လုံး အရိုးပြိုင်းပြိုင်းထရ။
ငါ့လောက် ဘယ်မြစ်မှ ကိုးရိုးကားရား မစီးဆင်းဘူး။
ရောက်လေရာမှာ ဖြစ်တည်မှုက
မတော်မတည့်နိုင်တယ်။
လောကပေါ် ဆိုးဆိုးရွားရွား လိမ္မာပြဖို့ရာ
တောအုပ်ရဲ့ လမ်းတွေဟာ
ကျွမ်းကျွမ်းကျင်ကျင် ကွေ့ကောက်ပြနေတော့
အခက်သား။
တစ်နေ့တာ ၀င်သက်ထွက်သက်များ မဆုံးနိုင်သေးခင်
အနာဂတ်ကို စိတ်ကူးလေးနဲ့မှ
မတို့ထိရဲဘူး။
ဒုက္ခဟွန်းသံတွေ ကြားရတိုင်း
ထိတ်လန့်တကြား ခုန်ရှောင်နေရတဲ့ အကောင်
ကံကြမ္မာအဖွဲ့အနွဲ့ဟာ
ကဗျာမဆန်လည်း
ရှိစေတော့။ ။


လွန်းဆက်နိုးမြတ်

စရဏ၊ဇူလိုင်၊၂၀၀၈၊စာ၁၀
(ဒီကဗျာနဲ့ ပတ်သတ်ပြီး စာပေလောကမှာ မကြာခဏဖြစ်တတ်တာလေး ကျွန်တော်ကြုံခဲ့ရပါတယ်။
ဒီကဗျာဟာ People Magazineမှာ ခုနှစ်မသိ၊လမသိ၊ ဖော်ပြခံလိုက်ရမှန်းတောင် မသိခဲ့တဲ့ည ကဗျာပါ။ ဒီလိုပါ။ ဒီကဗျာကို ကျွန်တော်က လူကြုံနဲ့ ပေးမိတာပါ။လ အတော်ကြာလို့ မပါမှ အဲဒီ့လူကြုံကို မေးတော့ ကဗျာပျောက်သွားတယ်လို့ ဆိုတာကြောင့် ဒီကိစ္စကို ကျွန်တော်မေ့လိုက်ပါတယ် နောက်နှစ်တွေအတော်ကြာမှ ဒီကဗျာကို စရဏမှာ ဖော်ပြတော့ ကဗျာရေးဖော်ရေးဖက် ကျွန်တော့်သူငယ်ချင်း မြတ်မိုးအိမ်က မဂ္ဂဇင်း နှစ်အုပ်မှာ ကဗျာတစ်ပုဒ်လုပ်စားရလားဆိုပြီး ကွမ်းယာထုပ်တဲ့ စက္ကူမှာ ကဗျာကိုတွေ့ရှိ သိမ်းထားပေးရာကနေ (ဒီကဗျာကို People Magazineမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တစ်ကြိမ်ပို့ပြီး မေ့ပစ်ထားတာကို သတိရမိ သွားတယ်)အဲဒီ့ကဗျာPeople Magazineမှာ ဖော်ပြခံလိုက်ရမှန်းသိခဲ့တာပါ။ဒါပေမယ့် အဲဒီ့စက္ကူပိုင်းလေး ကလွဲရင် ကဗျာပါရှိတဲ့ ခုနှစ်၊လကို မသိခဲ့ပါ အဲဒါကြောင့် စာမူခနဲ့ စာအုပ်လက်ဆောင်ဆိုတာလည်း ဘယ်ဆီမှန်းမသိခဲ့ပါ)

တစ်ကိုယ်တော်

တစ်ကိုယ်တော်

တယောတစ်လက်လောက်တောင်မှ
ငါဟာ ကောင်းကင်ဘုံအတွက် အသံမပီ
ကြေးနီရောင်မနက်ခင်းရာဇ၀င်တွေထဲ
ငါ့လက်မှာ
အမောဖောက်တတ်တဲ့
ချယ်ရီသားတုတ်ကောက်ကြီးကိုင်လို့
သက္ကရာဇ်သစ်ရွက်တွေက
နံပါတ်စဉ်အတိုင်း ကြွေကျ
ငါ့ကိုယ်ငါ ဒဏ်ရာအဖာအထေးတို့ဖြင့်
ကဆုန်စိုင်းခဲ့တယ်။

ရင်နဲ့တောင်းသော ဆုလဘ်တို့
အလိပ်လိုက် ဆေးသားကွာ
အိပ်မက်တောင်ပံတွေ အကြိမ်ကြိမ်နာဖျား
ငါ့အဖို့
စိတ်တူကိုယ်တူဆိုလို့
ကောင်းချီးပေးခြင်းမခံရတဲ့ အနုပညာသာ
ငါ့အဖို့ ကိုးကွယ်ရာ။ ။


လွန်းဆက်နိုးမြတ်
ရုပ်ရှင်အမြုတေ၊ဖေဖော်ဝါရီ၊၂၀၀၈၊စာ-၈၃

နေ့သစ်

နေ့သစ်

စက္ကန့်တစ်ခုချင်း
အသစ်သေဆုံးမှုနဲ့အတူ
နေ့တစ်နေ့ဟာ အစပြုခဲ့တယ်။
စားပြီးသား သစ်သီးအခွံတွေလား
ဖွင့်လက်စ ကျိန်စာအစုတ်အပဲ့တွေလား
မရိတ်သိမ်းရသေးတဲ့ အိပ်ယာပေါ်
ချစ်မေတ္တာက ပုပ်သိုးလောက်တက်လို့။
နေရောင်ခြည်ဖြာကျခါစ ဧည့်ခန်းထဲမှာ
ဂစ်တာကြိုးလို
အတွေးအခေါ်တွေ လျော့ရဲတွဲကျ
အားလုံးနဲ့လွဲချော်ပြီး
အိပ်စက်ခဲ့ရတဲ့ ညတွေများပြီ
မနက်ခင်းမရှိတဲ့ ပျော်ရွှင်မှုနဲ့
ပျော်ရွှင်မှုမရှိတဲ့ မနက်ခင်းနဲ့
ငှက်တွေ တကျီကျီမြည်တာ
အဓိပ္ပါယ်မဲ့တယ်။
ထပ်ခါထပ်ခါ ပြန်သသနေရတဲ့
ဒဏ်ရာတွေသာ တစ်ရက်ကူးသွားတယ်
ဖားတစ်ကောင်လောက်မှ ကံတရားဟာ
ခပ်မြင့်မြင့်မခုန်နိုင်ခဲ့ဘူး။
စိတ်မှာ ချိတ်နေတဲ့ လေးလံခြင်းအတွက်
နေ၀င်ချိန်ရောက်မှာ အလိုလိုကြောက်တယ်
မနက်ဖြန်ရဲ့ ဖွင့်ဆိုချက်က
သာယာနာပျော်ဖွယ် ရေတံခွန်ကျသံမဟုတ်ရင်
ဦးခေါင်းတစ်ခြမ်းပဲ့ကျနေတဲ့ ဈာပန
အသစ်ပွင့်လာတဲ့ ပန်းတွေကို
ဘယ်လိုမျက်နှာနဲ့ စောင့်စားကြိုဆိုရမလဲ
လက်ဖျံရိုးတစ်လျှောက် ယုံကြည်ချက်များ အငွေ့ထပျံ
အဆိုးမြင်ဝါဒက မနက်စာကို ပျင်းရိစွာ စားသောက်လို့
ဒုက္ခသစ္စာဟာ အရွယ်ရောက်မြန်တယ်။ ။

လွန်းဆက်နိုးမြတ်
စရဏ၊ဇန်န၀ါရီ၊၂၀၀၉၊စာ-၁၁

သက္ကရာဇ်တစ်ခု

သက္ကရာဇ်တစ်ခု

တစ်နေရာကို ရောက်သွားတယ်
တစ်ခုခုကို တွေးတောတယ်
မနက်ဖြန်များနဲ့ ဖြစ်ထွန်းပေါ်ပေါက်လာမယ့် မိုးလေ၀သ
မုဆိုးတစ်ယောက်လို
သားကောင်နောက်လိုက်လာတဲ့ ငွေရေးကြေးရေး
မြစ်ကမ်းပါးသွားထိုင်ငေးပြန်တော့
ဘာမှမရှိဘူး မြစ်တောင်မရှိဘူး
ကြေင်တစ်ကောင်ကြောင့်
တစ်စုံတစ်ခုကျကွဲသံကြားရတယ်
ကြွက်က ကြောင်အတွက်
သစ်တောစိမ်းစိမ်းတွေက အောက်ဆီဂျင်အတွက်
အရိုးပုတီးဟာ လူရိုင်းအတွက်
ဒါဆို
လှေကားထစ်တွေက ကောင်းကင်ဘုံအတွက်လား
ကောင်းကင်ဆီ ယောင်ယမ်းမော့လိုက်တဲ့အခါ
ဘာမှမတွေ့ဘူး ကောင်းကင်တောင်မတွေ့ဘူး
လူအုပ်ကြီးဆီ
နံနက်ခင်းတစ်ခုပြတ်ကျ
ရုပ်မြင်သံကြားက တစ်နေ့တာအစီအစဉ်ထဲ
ချွေတာရေးဆောင်းပါးတစ်ပုဒ် ဖြတ်ပျံသွား
အာဟာရဓာတ်မလုံလောက်တဲ့ စိတ်ကူးနဲ့
ဂျင်းဘောင်းဘီထဲ လက်နှိုက်ကြည့်တော့
ဘာမှမစမ်းမိဘူး ဂျင်းဘောင်းဘီတောင်မစမ်းမိဘူး
ဒီလိုနဲ့ပဲ မြိုသိပ်လိုက်ရမှာလား ချစ်ခြင်းတွေ
အရေခွံကြီးအောက်မှာ ဆတ်ဆတ်တုန်လို့
ဆုတံဆိပ်အပ်နှင်းခံရဖို့ဆိုရင်
တစ်ရာသီလုံး အကောင်းဆုံးလွဲချော်မှုတွေပဲရှိတယ်
ရေချိုးနေရင်း သရုပ်မှန်အတိုင်း
ဒါဟာ ဘ၀ပါလို့ အော်ဟစ်ရအောင်ကလည်း
ဘာမှမကျန်ဘူး ဘ၀တောင်မကျန်ဘူး။ ။

လွန်းဆက်နိုးမြတ်
ရတီ၊မေ၊၂၀၀၉၊စာ-၄၂

စက်ဘီးကို လက်နှစ်ဖက်လွှတ်စီးတဲ့ အရွယ် လွန်ခဲ့ပြီ

စက်ဘီးကို လက်နှစ်ဖက်လွှတ်စီးတဲ့ အရွယ် လွန်ခဲ့ပြီ

လက်လွှတ်ဆုံးရှုံးခဲ့ခြင်းများအတွက်
သတိမြဲတဲ့ တေးသီချင်းကိုပဲ ဆိုတော့တယ်
ကြီးကောင်ဝင်ခဲ့တဲ့ နှစ်ကာလတွေမှာ
ငါ့စိတ္တဇကို စွဲလောင်တာ မရေရာမှု
ငယ်ငယ်ကလို စက်ဘီးကို လက်နှစ်ဖက်နဲ့
လွှတ်စီးတဲ့ အရွယ် လွန်ခဲ့ပြီ
ဖြတ်ထားတဲ့ စီးကရက် ပြန်သောက်တယ်
ပြန်ဆက်မိတဲ့ ရည်းစားကို ဖြတ်ပစ်တယ်
ငါ့နှုတ်ခမ်းနဲ့ မင်းသက်ပြင်းကို ချလို့မရဘူး
ပုံသေနည်းအရ
ဘ၀ကို ဘယ်သူလွယ်လွယ်ဖြတ်သန်းသလဲ
ခြတစ်ကောင်လို နာရီလက်တံဟာ
ငါ့ဖြစ်တည်မှုကို တရွေ့ရွေ့ကိုက်ဝါး
တည့်တည့်တိုးနေတာက ခပ်ံ့ညံ့ဝတ္ထုထဲက
အထားအသိုမှားတဲ့ ၀ါကျတွေပဲ
လူတွေနဲ့ နည်းနည်းနီးနီးနေပြီးရင်
လူတွေနဲ့ ကြာကြာဝေးဝေးနေချင်တယ်
မျက်လှည့်ဆိုတာ အဟောအပြောကောင်းဖိုထက်
ကြိမ်လုံးက မြွေဖြစ်သွားဖို့ လိုရင်းမဟုတ်လား
လေလို့ လွင့်လို့ မောမှ အိမ်ဆိုတာကို သတိမရနဲ့
သန်တုန်း မြန်တုန်း တောင်ပံတွေနားဖို့ ကြိုရှာထား
စိတ်အနည်ထနေရင် ရိုးရာဓလေ့တွေနဲ့အတူ
တစ်ရက်ပျော်အောင် အရက်သောက်လိုက်။
မင်းနှုတ်ခမ်းနဲ့ ငါ့သက်ပြင်းကို ချမရတာ
စောစောကတည်းက သိတယ်
မျှော်လင့်မထားဘဲ
ရတနာမြေပုံကောက်တွေ့ရလောက်အောင်
ဇာတ်ညွှန်းဟာ ပစ်စလတ်ခတ်မဆန်ဘူး
တစ်ခုခုပြောခဲ့ပါလို့ အမေးရှိလာရင်
စက်ဘီးကို လက်နှစ်ဖက်လွှတ်စီးတဲ့အရွယ်
လွန်ခဲ့ပြီလို့ ဖြေလိုက်မယ်။ ။

လွန်းဆက်နိုးမြတ်
ပန်းအလင်္ကာ၊နိုဝင်ဘာ၊၂၀၀၉၊စာ-၂၁

ငါဒီမှာ

ငါဒီမှာ

ဟေ့ ငါဒီမှာ ရှိတယ်
ငါဒီမှာ ကဗျာရေးတယ်
ငါဒီမှာ ၀တ္ထုရေးတယ်
ငါဒီမှာ တွေးတယ်
ငါဒီမှာ ငြိမ်လိုက် လှုပ်လိုက် သီချင်းဆိုလိုက်
ငါဒီမှာ ဘာသာပြန်ဝတ္ထုဖတ်လိုက် မဂ္ဂဇင်းကဗျာဖတ်လိုက်
ငါဒီမှာ ယားတဲ့နေရာကုတ်လိုက် ပြက္ခဒိန်ကြည့်လိုက်
ငါဒီမှာ ဘုရားသခင်ကို မေ့လျော့လိုက် အိပ်စက်ဖို့မေ့လျော့လိုက်
ငါဒီမှာ နားလည်ရခက်တဲ့ ပန်းချီတွေဆွဲ ငါဒီမှာ အများနည်းတူ သွေးသားဖြေဖျောက်
ငါဒီမှာ ကဖေးဆိုင်ထိုင် ငါဒီမှာ သစ်ရွက်ကြွေတာငေး ငါဒီမှာ အိပ်ကပ်ထဲစမ်း
ငါဒီမှာ လေကလေးတချွန်ချွန် ငါဒီမှာ သူများအတင်းပြော ငါဒီမှာ မပြုံးချင်ဘဲပြုံး
ငါဒီမှာ မြင်မြင်သမျှကိုပစ်မှား ငါဒီမှာ ခေတ်ပေါ်သီချင်းတွေ နားထောင်
ငါဒီမှာ အဆိုးမြင်စိတ် တဖွားဖွားပေါ် ငါဒီမှာ ဆံပင်ရှည်တွေ သပ်တင်
ငါဒီမှာ ၀ါသနာမပါဘဲ ဟုတ်ကဲ့ပါလို့ပြော ငါဒီမှာ ဆရာကြီးစတိုင်နဲ့ ခေါင်းညိမ့်
ငါဒီမှာ တုံးအောက်က ဖား ငါဒီမှာ ရေနွေးခွက်ကိုကျင်းပြီး သွန်ပစ်
ငါဒီမှာ မဖွယ်မရာတွေပြောဆို ငါဒီမှာ မျက်နှာပိုးမသေ ငါဒီမှာ အသားထဲက လောက်ထွက်
ငါဒီမှာ ငါ့လောက်ယဉ်ကျေးသူမရှိ ငါဒီမှာ နံရံကို လက်သီးနဲ့ ပစ်ထိုး ငါဒီမှာ ကွန်ပျူတာရိုက်
ငါဒီမှာ ကားခနဲကျဆုံး ငါဒီမှာ ဦးထုပ်ကိုပြောင်းပြန်ဆောင်း တီရှပ်ကို ပြောင်းပြန်ဝတ်
ငါဒီမှာ တစ်ယောက်တည်း တစ်ဝိုင်းသပ်သပ်ထိုင် ငါဒီမှာ လူပုံအလယ် မိုးကျရွှေကိုယ်
ငါဒီမှာ သလိပ်ကိုခြစ်ပြီးထွေးထုတ် ငါဒီမှာ လူတကာကို အရောဝင်
ငါဒီမှာ ဘောလုံးကို တစ်ဖက်ဂိုးထဲသွင်း ငါဒီမှာ သူများကျွေးတာ အ၀စား
ငါဒီမှာ အင်တာနက်ထဲဝင် ငါဒီမှာ တယ်လီဖုန်းကိုချ ငါဒီမှာ လမ်းကြားအပေါ့သွား
ငါဒီမှာ သူမရဲ့ ပုခုံးကို ဖွဖွရွရွဖက် ငါဒီမှာ ခပ်ပြင်းပြင်း တောက်တစ်ချက်ခေါက်
ငါဒီမှာ လက်ကိုင်ပုဝါနဲ့ ချွေးသုတ် ငါဒီမှာ ရေပန်းကိုဖွင့် ငါဒီမှာ လူအုပ်ထဲ ပျောက်သွား
ငါဒီမှာ မကျေမနပ်ဆဲဆို ငါဒီမှာ ခါးပတ်ကိုချွတ် ငါဒီမှာ ခေါင်းအုံးနဲ့ပစ်ပေါက်
ငါဒီမှာ ကမ္ဘာ့မြေပုံကြည့် ငါဒီမှာ ကိုယ့်ဂိုးကိုယ်သွင်း ငါဒီမှာ ဘာကိုမှန်းမသိလွမ်း
ငါဒီမှာ မိုးရွာထဲလမ်းလျှောက် ငါဒီမှာ စတော်ဘယ်ရီအနံ့ကို ရွေးဝယ်
ငါဒီမှာ လမ်းပေါ်ကခဲလုံး ခြေထောက်နဲ့ကန် ငါဒီမှာ နောက်တစ်ခေါက်ပြန်ရစ်ကြည့်
ငါဒီမှာ ကြက်သီးဖြန်းဖြန်းထ ငါဒီမှာ လက်သီးလက်မောင်းတန်း
ငါဒီမှာ နတ်ပူးသလိုတုန်ယင် ၀င်သက်ထွက်သက်တွေမြန်ဆန် ပျော်ရွှင်လာ
ငါဒီမှာ မီးရှုံ့ဖျက်ဆီး ဇစ်ဆွဲပိတ် အမောဖြေ အကုသိုလ်များ
ငါဒီမှာ ခေါင်းခါ လက်သီးဆုပ် အံကြိတ် ဒူးထောက်
ငါဒီမှာ ငါးမျှား သစ်ပင်စိုက် အိပ်မက်မက်
ငါဒီမှာ နာရီကြည့် ပစ်ချ အဆုံးသတ်။ ။

လွန်းဆက်နိုးမြတ်
နွယ်နီ၊နိုဝင်ဘာ၊၂၀၀၉၊စာ-၂၇၉
(ဒီကဗျာကို နွယ်နီမှာ ဖော်ပြခံရတော့ “ငါဒီမှာ ကားခနဲကျဆုံး ငါဒီမှာ ဦးထုပ်ကိုပြောင်းပြန်ဆောင်း တီရှပ်ကို ပြောင်းပြန်ဝတ်“နဲ့“ငါဒီမှာ ကြက်သီးဖြန်းဖြန်းထ ငါဒီမှာ လက်သီးလက်မောင်းတန်း“နဲ့“ငါဒီမှာ မီးရှုံ့ဖျက်ဆီး ဇစ်ဆွဲပိတ် အမောဖြေ အကုသိုလ်များ”စတဲ့ စာကြောင်းတွေဟာ မြန်မာစာပေစိစစ်က ဖြုတ်ပယ်ခဲ့တဲ့အတွက် ပါမလာခဲ့ပါဘူး။အခုတော့ ကျွန်တော်အပြည့်အစုံရေးထား ပါတယ်။အရသာမပျက်တော့ဘူးပေါ့ခင်ဗျာ)

ရှင်သန်နေတယ်

ရှင်သန်နေတယ်


ခြံထဲမှာ စကားပြောတတ်တဲ့သစ်ပင်တွေစိုက်ထားတယ်
ရေစင်ပေါ်က တက်ကြည့်ရင် ခပ်လှမ်းလှမ်းက စိုက်ခင်းတွေကိုမြင်ရတယ်
အုပ်စုဖွဲ့ခရီးနှင်နေတဲ့ တိမ်တွေကိုလည်းမြင်ရရဲ့
ဒီရက်ပိုင်း ရေးဖွဲ့ဖြစ်သမျှမှာ ငါ ဆိုတဲ့ စကားလုံးမပါတာကောင်းတယ်
ကိုယ်စိုက်ထားတဲ့ သစ်သီး ကိုယ်စားသုံးခွင့်ရတာက ပိုကောင်းတယ်
လာမယ့်နွေဦးမှာ ခရီးရှည်တစ်ခုထွက်ဖို့ပြင်ဆင်ရမယ်
ဒါဟာ စိတ်ကူးစိတ်သန်းအသစ်တွေရရှိလာဖို့အကြောင်းဖန်ခြင်းပဲ
ခရီးထွက်တဲ့အခါ မိုင်ပေါင်းများစွာ ပြန့်ကျယ်တဲ့မြက်ခင်းပြင်ထဲ တစ်နေကုန်အောင် လှဲနေမယ်
ဦးခေါင်းထက်မှာကောင်းကင်ပြာပြာဟာ လွင့်နေတဲ့ တိမ်စိုင်တွေနဲ့ ကမ္ဘာလည်နေတာကို ခံစားမယ်
မြို့လေးတစ်မြို့က ဘီယာဆိုင်တစ်ဆိုင်ကိုလည်း ဆင်နားရွက်တံခါးလေးတွန်းဖွင့်ပြီး ခဏ၀င်နားမယ်
သဘောင်္ထိပ်ဦးမှာ ထိုင်ရင်း အပျော်တမ်းငါးမျှားတံလေးကိုင်လို့ ပင်လယ်ဆီလည်းသွားရဦးမယ်
ပေါင်တံရှည်မလေးတွေနဲ့ မိတ်ဆွေတွေဖြစ် ဇာတ်လမ်းတွေ ဘာတွေတောင် ဖြစ်ချင်ဖြစ်ဦးမပေါ့
မစားသောက်ဖူးတဲ့ ညစာတွေနဲ့ မရင်းနှီးခဲ့ဖူးတဲ့ ရိုးရာဓလေ့တွေကိုတော့ ဒိုင်ယာရီထဲ ရေးမှတ်ခဲ့ရမယ်
လူုဆိုတာ သဘ၀တရားကို အကုန်အစင်နားမလည်နိုင်ပေမယ့်
နားလည်ဖို့တော့ ကြိုးစားသင့်တယ်မဟုတ်လား
ကိုယ်က အနုပညာသမားဆိုတော့ ချစ်ခြင်းမေတ္တာကိုပဲ
နားလည်တတ်အောင် ရင့်ကျင်ခဲ့ပါတယ်
“ဟယ်လို စာပို့သမား” “ ရော့ ဒါ ခင်ဗျားအတွက် အဝေးက စာတွေ”
စာအိတ်တွေကိုဖောက်လိုက်တော့ ခိုဖြူလေးတွေပျံထွက်သွားပြီး
စကားပြောတတ်တဲ့ သစ်ပင်တွေပေါ်သွားနားတယ်
ဒါကြောင့်ပဲ ပေးပို့သူလိပ်စာတပ်မထားတဲ့ စာအိတ်တွေဟာ
အဝေးက မိတ်ဆွေတစ်ချို့ဆီကမှန်း အလိုလိုသိလိုက်ရပေါ့
သိပ်မကြာခင်က ပြန်ဆယ်ထားတဲ့ ရေတွင်းကလေးထဲ ငုံ့ကြည့်တော့
ကြည်လင်နေတဲ့ သံဝေဂတစ်ခုကို မြင်တယ်
ကြိုးတန်းရှည်မှာ လှမ်းထားတဲ့ အဖြူရောင်ရှပ်အင်္ကျီဟာ
လေတိုက်တိုင်း တဖျပ်ဖျပ်လွင့်ခါလို့
တစ်ခါမှ မမည်းညစ်ခဲ့ဖူးသလိုပုံစံမျိုးနဲ့လေ
သစ်တစ်ပင်ရဲ့ခြေရင်းမှာ စာအုပ်တွေထိုင်ဖတ်ရင်း
သစ်ပင်တွေအတိုင်း ကိုယ့်ဒဏ်ရာကိုယ်မေ့တတ်လာတယ်
ရှည်နေတဲ့ မုဆိတ်ကျင်စွယ်တွေရိတ်ပြီးရင်တော့
မြို့ကလေးဆီ သစ်စေ့အသစ်တွေ သွားဝယ်မယ်
စကားလုံးတွေမပါဘဲ မိတ်ဆွေတွေဆီစာပြန်မယ်
စကားပြောတတ်တဲ့ သစ်ပင်တစ်ပင်က ဒီင်္လိုပြောဖူးရဲ့
“တစ်ခါတစ်ရံမှာ ခံစားချက်ဆိုတာ စကားလုံးတွေမဟုတ်ကြဘူး
တိတ်တိတ်ကလေး ဆက်သွယ်ထားတဲ့
ယိုင်နဲ့နဲ့ကြိုးတံတားလေးတစ်ခုလောက်ပါပဲ” တဲ့
မိုးတွေ တအုန်းအုန်းရွာတဲ့အခါ
ခရီးကနေ ကိုယ်ပြန်ရောက်မယ်။ ။


လွန်းဆက်နိုးမြတ်

အိုင်ဒီယာ၊ဇူလိုင်၊၂၀၀၉၊စာ-၁၄
(ဒီကဗျာကို အိုင်ဒီယာမှာ ဖော်ပြခံရတော့ “မိုးတွေ တအုန်းအုန်းရွာတဲ့အခါ”ဆိုတဲ့စာကြောင်းဟာ ပါမလာခဲ့ပါဘူး။
အခုတော့ ကျွန်တော် အပြည့်အစုံရေးထားပါတယ်။အရသာမပျက်တော့ဘူးပေါ့ခင်ဗျာ)