Friday, April 30, 2010

ကဗျာကို စနစ်တကျသုံးစွဲနည်း

ကဗျာကို စနစ်တကျသုံးစွဲနည်း

ကဗျာစာအုပ်ပေါ်မှာ ရှိတဲ့ ရက်စွဲကို စစ်ဆေးပါ။
ကုန်ဆုံးသက်တမ်း ကျော်လွန်ရင် လုံးဝမသုံးပါနှင့်။
ကဗျာစာအုပ်ကို သတ်မှတ်ထားသည့် နေရာမှ ဆုတ်ဖြဲပါ။
ကဗျာကို အလိပ်မဖြည်ဘဲ ထုတ်ယူပါ။

ကဗျာထိပ်ထဲကို လက်ညှိုးထည့်ပြီး မှန်ကန်သည့်ဘက်
ဟုတ်မဟုတ်စစ်ဆေးပါ။
ကဗျာထိပ်ဖျားဟာ ရာဘာနို့သီးခေါင်းပုံရှိပြီး၊
ကွင်းက အပြင်ဘက်တွင် ရှိရပါမယ်။

ကဗျာကို မစွပ်မီ၊ ရာဘာနို့သီးခေါင်းကို လက်ညှိုး လက်မဖြင့်
လေမခိုစေရန် ဖိညစ်ပါ။
အသင့်ဖြစ်နေသော စိတ်ကူးပေါ်သို့ ကဗျာကို စွပ်ချပါ။

တခြားလက်ကို အသုံးပြုပြီး ကဗျာကို စိတ်ကူးတဆုံးရောက်အောင်
ဖြည်ချပါ။

စိတ်ကူးအလုပ်ဆုံးဆုံးချင်း အတွေးမကျန်မီ
ကဗျာမကျန်ခဲ့အောင် စိတ်ကူးအောက်ခြေမှ
ကဗျာကို ဖိကိုင်ပြီး ဆွဲထုတ်ပါ။

ဆွဲထုတ်ပြီး ကဗျာကို စက္ကူဖြင့်ထုပ်ပါ။
အဲဒီ ကဗျာထုပ်ကို အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
ပြီးလျှင် လက်ဆေးပါ။ ။


လွန်းဆက်နိုးမြတ်
၂၆.၆.၀၉
နေ့လည် ၀၃း၀၀နာရီ

Thursday, April 29, 2010

မြို့ပြပဒိုင်းသီးများ

မြို့ပြပဒိုင်းသီးများ

ကိုယ့်ကိုယ်ကိုယ်
ဘယ်တော့မှ ရှာဖွေတွေ့ရှိမှာမဟုတ်တဲ့ လက်ချောင်းအစုံနဲ့
အမှိုက်ပုံတွေကို မွှေနှောက်ဖြန့်ဖွ။
ရွှေရောင်အိပ်မက်တစ်ခုတစ်လေကိုတောင်
ကောက်တွေ့လိမ့်နိုး မျှော်လင့်ရကောင်းမှန်းမသိခဲ့ရှာ။
အသည်းအသန်လိုအပ်တာ လစ်ဟာနေတဲ့
ဗိုက်တစ်ထွာအတွက် နံနက်စာ။
ကားမှတ်တိုင်နားမှာ သူတို့ ဖြန့်ဆန်ပထားတဲ့ လက်ဖ၀ါးထဲ
ရောက်လာတာက အကြွေအနည်းငယ်နဲ့ တံတွေးစက်များ။
ကျိန်စာဟာ သူတို့အတွက် ရေးထားတဲ့
ဒီကမ္ဘာရဲ့ ဘာသာစကား။
ကျီးကန်းတောင်းမှောက်မျက်လုံးတစ်စုံသာ
သူတို့ အမြဲတမ်းပိုင်ဆိုင်ရာ။
လမ်းကြိုလမ်းကြားမကျန် ထွက်ဝင်သွားလာရင်း
ပေညစ်နံစုတ်နေတဲ့ သူတို့ခန္ဓာကိုယ်ပေါ်က
အနံ့အသက်ဝတ်စုံ။
မိုးဆောင်းနွေတိုင်း အကာအကွယ်မဲ့လို့
သူတို တက်ရတဲ့တောင်ဟာ ဆူးထစ်ကြမ်းတမ်း။
လူ့အဖြစ်ထက် ခွေးခွေးလွင့်တစ်ကောင်လိုသာ
တစ်ကိုယ်လုံးမှာ ရောဂါပေါင်းစုံပေလူးရ။
လွယ်လင့်တကူ ရယူလိုမှု ၀ဲသြဃမှာ
အခြေအနေအရ ဒုစရီုက်သမားလက်သစ်။
အမေဘယ်သူလဲ အဖေဘယ်မှာလဲ
စိတ်ကြမ်းကိုယ်ကြမ်းနဲ့ ရိုက်မောင်းထုတ်တတ်တဲ့ လက်တွေ။
လမ်းပေါ်ရှိနေတဲ့ ချိုင့်ခိုးချိုင့်ခွက်အတိုင်း
သူတို့ဘ၀တွေက အဆစ်ချိုးမရှိ ပုံဆိုးပန်းဆိုး။
ဒီည ဒီမြှ အိပ်လို့ရပေမယ့် နောက်လာမယ့်ညဆိုရင်
ဒီနေရာဟာ ကျောတစ်ပြားစာ မသေချာ။
လူတကာဆီက
မမျှော်ကိုးမတောင့်တဘဲရတဲ့ ပုံသေနည်းဆိုတာ
စက်ဆုပ်ရွံ့ရှာစွာ အကြည့်ခံရဖို့ပဲ။
မြေကြီးထဲ တိုးဝင်မတတ် ငုံ့ကိုင်းထားသော ဦးခေါင်းတွေက
ငွေစကြေးစ အနည်းငယ် တွေ့လိုတွေ့ငြား။
သူတို့ ဘာအတွက် ရှင်သန်နေရတာလဲ
မေးခွန်းကို မေးခွန်းပီသအောင် မမေးနိုင်
သူတို့ ဘာကြောင့် မပျောက်ကွယ်နိုင်တာလဲ
လူကို လူပီသအောင် မမြင်နိုင်။
ဒါမြိုပြရဲ့
ဂုဏ်သရေကြီးမြတ်မှုအရိပ်အာဝါသအောက်
နာကျင်ဖွယ် ပူလောင်ပေါက်ရောက်နေကြသော
အမေ့ခံ မြိ့ပြပဒိုင်းသီးများ။ ။

လွန်းဆက်နိုးမြတ်
ရတီ၊မေ၊၂၀၀၇၊စာ-၇

မှတ်ပုံတင်

မှတ်ပုံတင်

အိုင်းစတိုင်းလောက်မတွေးခေါ်တတ်ခဲ့ပါဘူး
ငါွးက်ရာ အစာမချခဲ့ဖူးပါဘူး
ဆိုနေကျသီချင်းလေးကိုသာ
သံနေသံထားမှန်ကန်အောင် ပြင်ဆင်ခဲ့တယ်။

ငါနေထိုင်သော ကမ္ဘာလောကမှာ
ဘယ်အလောင်းအစားမှ မနိုင်လည်း
ပျော်ရွှင်နေသူပါ။ ။

လွန်းဆက်နိုးမြတ်
ဖက်ရှင်၊မတ်၊၂၀၀၆၊စာ-၂၅
(တစ်နှစ်ပြည့်အထူးထုတ်)

ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်

ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်


ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
ခေတ်ဆန်တဲ့ကောင်မလေးက
နတ်သမီးပုံပြင်ကို တစ်ပိုင်းတစ်စပဲ ပြောပြပြီး
စံပယ်ရနံ့စွန်းတဲ့ ဓားတစ်ချောင်းနဲ့
ကျွန်တော့်ကျောပြင်ပေါ် ထိုးစိုက်သွားတယ်
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
လမ်းတဲ့လား
မဖြောင့်စင်းလိုက်တာကွယ်
အကြိမ်ကြိမ်ဆုံးရှုံးခဲ့ရတာ အကျင့်ဖြစ်နေပါပြီ
အငွေ့ပျံမတတ် ရက်စက်တဲ့ အကြည့်တွေအတွက်လည်း
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
ခြေချော်လက်ချော်ဖြစ်ဖြစ်သွားတတ်တဲ့
ကြယ်ကြွေတွေကို မော့ကြည့်
ဟိုးအဝေးဆီက ခေါင်းလောင်းထိုးသံသဲ့သဲ့ ကြားမိရ
ပင်လယ်ရေဆိုတာ ခပ်သောက်လို့ မကုန်ပါဘူးတဲ့
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
မှုန်ပျသီဝေဆဲ ဆောင်းမြူတွေကြားက
ဂါထာရွတ်သံတွေ ထွက်ကျလာပြီး
နှင်းဆီတစ်ပွင့်က မြွေတစ်ကောင်ဖြစ်သွားတဲ့
မျက်လှည့်ဆရာရဲ့ ပြကွက်ဆန်းအဆုံးမှာ
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
နေ၀င်သွားတဲ့ ညနေခင်းများစွာတိုင်အောင်ပါပဲ
ဂျင်းဘောင်းဘီကလေးနဲ့ ကျွန်တော်ဟာ
ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်။ ။


လွန်းဆက်နိုးမြတ်
နှလုံးအိမ်၊နိုဝင်ဘာ၊၂၀၀၄၊စာ-၁၀၉

လမ်းသလားခြင်း ၁၂၃၄၅၆၇၈

လမ်းသလားခြင်း ၁၂၃၄၅၆၇၈

အခန်းအောင်းရေးခဲ့တဲ့ ကဗျာတွေဟာ ပျင်းရိစရာပဲ
ငါ ရေးသားခဲ့တဲ့ ကဗျာတွေထဲကနေထွက်ပြီး
ငါ လမ်းသလားရမယ်။

ငါ့အတွက် မြို့ကလေးဟာ ဟောင်းနွမ်းနေရှာပြီ
ငါနေထိုင်ခဲ့တဲ့ မြို့လေးထဲကနေထွက်ပြီး
ငါလမ်းသလားရမယ်။

အဲဒီမှာ...
ပိရမစ်တွေ၊ယာခင်းတွေ၊ရေတံခွန်တွေနဲ့
တစ်စုံတစ်ခုတော့ သစ်သစ်လွင်လွင် ရှိနေရလိမ့်မယ်။
အဲဒီသစ်လွင်မှုတွေ ဖမ်းဆုပ်ပြီး
ငါပြန်လာတဲ့အခါ
ကဗျာတစ်ပုဒ်ကို နံပါတ်စဉ်အများကြီးဖွဲ့မရေးတတ်လို့
နံပါတ်စဉ်အများကြီးနဲ့ ကဗျာတစ်ပုဒ်ရေးဖွဲ့မယ်။

ရိုးရာဂီတသာတပ်မက်တဲ့ ကော်ဖီဆိုင်ပုပုလေးတွေရဲ့ တေးသွားဆီ
ငါလမ်းသလားမယ်။
ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ အတွေးအခေါ်အသစ်စက်စက်ဆီ
ငါလမ်းသလားမယ်။
“တင်”တုတပ်ဆင်ထားတဲ့ မိန်းမလျာတွေရဲ့ ရယ်မောသံဆီ
ငါလမ်းသလားမယ်။
စက္ကူနဲ့ပြုလုပ်ထားတဲ့ ရောင်စုံမီးပုံးလေးတွေရဲ့ ဖယောင်းမီးတောက်ဆီ
ငါလမ်းသလားမယ်။
ဝေလီဝေလင်း ခရေပွင့်ထကောက်တတ်တဲ့ ယာဉ်ကျေးမှုဆီ
ငါလမ်းသလားမယ်။
ဆံပင်ကြိုးစည်းထားတဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ဂစ်တာတစ်လုံးဆီ
ငါလမ်းသလားမယ်။
ဆယ့်နှစ်ရာသီစီးဆင်းတဲ့ စမ်းချောင်းသွယ်လေး နံဘေးနားဆီ
ငါလမ်းသလားမယ်။
ဆီးနှင်းထူထပ်တဲ့ ဆောင်းအသစ်တစ်ခုရ့ ချယ်ရီတောလေးဆီ
ငါလမ်းသလားမယ်။

ဘယ်လို ပိရမစ်အဆောက်အဦးပဲဖြစ်ဖြစ်
တစ်နေ့တော့ ပျောက်ကွယ်သွားမှာ သေချာနေပေါ့
ယာခင်းတွေက ဥတုစက်ဝန်းထဲ
စိုက်ပျိုးကြ
ပြီး...ရိတ်သိမ်းလိုက်ကြနဲ့။
ရေတံခွန်တွေက တဟဲဟဲအော်မြည်စီးဆင်းဆဲ
မြို့ဟောင်းကလေးနဲ့ ပျင်းရိဖွယ်ကဗျာတွေအတွက်
ငါကတော့ သစ်လွင်မှုတွေရှာဖွေကာ
လမ်းသလားပြီးရင်း
လမ်းသလားမယ်
လမ်းသလားခြင်း ၁၂၃၄၅၆၇၈။ ။


လွန်းဆက်နိုးမြတ်
ရုပ်ရှင်အမြုတေ၊ဇွန်၊၂၀၀၆၊စာ-၈၀

ကျောနံပါတ်မှားသွားတဲ့ပုံပြင်

ကျောနံပါတ်မှားသွားတဲ့ပုံပြင်

ဒီအသက်အရွယ်ထိ
သဘာဝတရားကြီးက အလွမ်းနဲ့ပဲ
ပစ်ခတ်တယ်

မေမေရယ်
ကျွန်တော့်ဆံပင်တွေသာ
ကမ္ဘာမြေပေါ်
တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ကျသွားခဲ့ပေါ့။

ချစ်ခြင်းမေတ္တာအရိပ်အောက်
ငြိမ်းအေးစွာခိုလှုံခွင့်
မှိုတက်နေတဲ့ ကျောပိုးအိတ်ထဲ
မနက်ဖြန်အတွက် မျှော်လင့်ချက်တွေထည့်လို့။

ဘ၀တစ်ခုလုံးရဲ့
နာရီစက်သံလေးအိုစာလာတာကလွဲရင်
ကျွန်တော်ဟာဘာကိုမှ မပိုင်ဆိုင်ရသေးပါဘူး။
သစ်ရွက်ကြွေသံတွေကြားတိုင်း
မျက်ဝန်းမှာ နှင်းငွေ့တွေဆိုင်းလာတတ်ရဲ့။

မေမေရယ်
ကျွန်တော်က
မှားယွင်းပြီးသားတေးတစ်စကိုပဲ
နှလုံးသားနဲ့ အထပ်ထပ်သီဆိုနေမိခဲ့တာပါ။

ညပြာပြာ လရောင်ဝေးဝေး
မရေမရာ အိပ်မက်အစအနတွေနဲ့
သွေးရိုးသားရိုး နောက်ကျခြင်းများ။

ကောင်းကင်က အမြင့်ပျံငှက်တွေဆီ
တစ်ရံတစ်ခါမော့ကြည့်ဖြစ်တယ်
ပန်းမပွင့်သေးတဲ့ ဥယျာဉ်လေးအတွက်
တောင်းဆုတွေ များပြားလွန်းတယ်။

မေမေရယ်
မိုးခါးတွေရွာသွန်းနေတဲ့ လမ်းအပြန်
မေမေ့အိပ်ယာဝင်ပုံပြင်ထဲက
အဖော်ကွဲသိုးငယ်ကလေးဟာ ကျွန်တော် ဖြစ်နေပါပေါ့လား။ ။

လွန်းဆက်နိုးမြတ်
ပိတောက်မြေ၊စက်တင်ဘာ၊၂၀၀၄၊စာ-၂၂

အလေ့ကျစိတ်ကူးများ

အလေ့ကျစိတ်ကူးများ

ပန်းခြံထဲ တစ်ခြမ်းပဲ့နေတဲ့ ၀င်သက်ထွက်သက်တွေနဲ့
ကျွန်တော်ဝင်ထိုင်မိတယ်
မိုးကုတ်စက်ဝန်းအဆုံးထိအောင် တောင်မြောက်တွေးခေါ်သမျှ ခါးတယ်
ကျွန်တော်က မြို့ကလေးကို ထားရစ်ခဲ့တုန်းက
ကျွန်တော်မငိုကြွေးချင်ဘဲ ငိုကြွေးခဲ့တယ်
ဂစ်တာကို တီးခတ်မကောင်းလို့ ရိုက်ခွဲဖူးတယ်
ကျွန်တော့်အိပ်ကပ်ထဲ ဒီရာသီမှာ ရေသိပ်မ၀င်ခဲ့ဘူး
တိမ်တွေက ဖမ်းဆုပ်မရမှန်း စောစောကတည်းက သိတယ်
မျှော်လင့်ချက်တွေ တိမ်လို ဖမ်းဆုပ်မရမှန်း နောက်ကျမှ သိတယ်
ဘယ်ထောင့်ကမှ ရယ်မောပျော်ရွှင်သံမကြားမိဘူး
ကျွန်တော်က လူရှေ့သူရှေ့သရုပ်ဆောင်ညံ့တဲ့အတွက်
အယူအဆမတူသူတွေနဲ့ ရန်ဖြစ်ဖူးတယ်
နတ်ကတော်ဟန်နဲ့ အတတ်ကဲတာ အနုပညာမဟုတ်ဘူး
သမီးရည်းစားချိန်းတွေ့တာတောင် ခံစားချက်နည်းတယ်
အိပ်မက်တွေကလည်း အရင်လောက် မက်မကောင်းတော့ဘူး
ကဗျာရေါ်တဲ့ ကျွန်တော့်လက်တွေက
မေတ္တာတရားအကြောင်း ကောင်းကောင်းသိတယ်
ပိုက်ဆံအကြောင်း တစ်ပြားမှ မသိဘူး
ကျွန်တော့်လေထုထဲ အနံ့အသက်ဆိုးလာတော့
ကျွန်တော် မရယ်မောချင်ဘဲ ရယ်မောတယ်
တိုက်တာမြင့်တွေက လရောင်ကို မမြင်ကြတော့ဘူး
အိပ်ဆေးသောက်အိပ်တဲ့လူတွေ အများကြီးတွေ့နေရတယ်
အဝေးကမိတ်ဆွေတို့ အဆင်ပြေဖို့ ကျွန်တော်ဆုတောင်းတယ်
သံသရာက အဆက်မပြတ်လည်နေတယ်
ကျွန်တော်က ခုထိ လူပုံမပီသသေးဘူး။ ။

လွန်းဆက်နိုးမြတ်
ရတီ၊နိုဝင်ဘာ၊၂၀၀၆၊စာ-၇

တြိချိုးအတ္ထုပ္ပတ္တိ

တြိချိုးအတ္ထုပ္ပတ္တိ

ကြေကွဲမဆုံး
ရင်နဲ့အပြည့်လွယ်ထားခဲ့ရတဲ့ အလွမ်းတွေသွန်ချ
မျှော်လင့်ခြင်းစံပယ်ပွင့်တွေ
စိတ်ကူးနဲ့ ပျိုးကြဲခူးဆွတ်ဖို့အတွက် မတန်မရာဖြစ်ဆဲ
ငါ့ရဲ့ဂီတဆိုတာ ခြောက်ကပ်ကပ်ရယ်မောသံများ
ပင်ပန်းတကြီး ထွန်ယက်ခုတ်ထွင်ခဲ့ပေမယ့်
ဘ၀က အခုထိ ဟင်းလင်းပွင့်၊ကန္တာရ၊အလင်းမဲ့မဲ့
ဖွားဖွားစင်အောင် နာနာကျင်ကျင် ရိုက်ခွဲခံလိုက်ရတာ
ငါ့ရင်ဘတ်ထဲက လှိုင်းတွေဖွေးဖွေး
ကြယ်ရောင်၊နေရောင်တွေနဲ့ဆို အမြဲလိုလို ဝေးခဲ့ရသူ။

ရိတ်သိမ်းခံရရုံမျှ
ဆန့်ထွက်လာတတ်တဲ့ လိုက်လျောရိုးသားမှုတို့ ရှည်လျား
နောက်ကျောတစ်ပြင်လုံး ဓားဒဏ်ရာတွေ အပ်ချစရာတောင်မရှိ
အိမ်ခြေရာခြေမဲ့ အလေ့ကျအိပ်မက်တွေသာ
ငါ့နေထိုင်မှု အစစ်အမှန်ဖြစ်လို့
ခွေးအူသ့တွေနဲ့ ဌာန်ကရိုဏ်းကျကျ ညနက်လာတတ်
မှိန်ဖျော့ဖျော့ မိုးကုတ်စက်ဝန်းအတွက်
ဆယ့်နှစ်ရာသီ အာရုံခံအလင်းစစ်စစ်တွေငတ်မွတ်
ငါ့အထီးကျန်ပြာဟောင်းမှုန့်တွေက သင်္ဘောပျက်တစ်စင်းပမာ
ဒုက္ခဗုံပျက်ကိုမှ မရိုးနိုင်၊မအီနိုင် အာသီသတဆုံးတီးခတ်ခဲ့ရသူ။

ဥသြသံအတိုင်း
ခံစားထိခိုက်လူးလွန့်မိတဲ့ တစ်ကိုယ်တော်ရထား
နားခိုရာ စိတ္တဇအမှောင်ထဲ ဘူတာမဲ့ခဲ့
အနုပညာသာ အရေပြားပေါ် အဘိဓမ္မာခိုင်ခိုင် အမြဲစိမ်းပေါက်ရောက်
ငါ့လိုအပ်ချက်အားလုံး ပုလင်းလွန်တစ်လုံးထဲ ထိုးထည့်
ပင်လယ်ပြင်မှာ မီးခိုးမဆုံး၊မိုးမဆုံး လွှင့်ပစ်စီးမျှောခံခဲ့
စမ်းတ၀ါးဝါးလျှောက်နေတဲ့ လမ်းမက
အနက်ရောင်ဆက်ထုံးတွေ ထူထပ်ပြည့်ညှပ်လွန်းလှ
ငါ့အတ္ထုပ္ပတ္တိ အသွေးအသား ဖျက်ရာဗရပွဖြစ်လည်း တွယ်တာတပ်မက်မြဲ
သစ္စာတရားရုပ်တုလေး ပီပြင်အောင်ထုဆစ်ရင်း သင်းကွဲတေးတွေ သီကျူးခဲ့ရသူ။ ။

လွန်းဆက်နိုးမြတ်
ရုပ်ရှင်အမြုတေ၊ဖေဖော်ဝါရီ၊၂၀၀၇၊စာ-၁၀၆

အရိုင်း

အရိုင်း

ဘယ်ဆီကိုမှ မဆက်သွယ်ချင်တဲ့ စိတ်နဲ့
လမ်းမကို ငေးတယ်။
ပတ်သတ်လာသမျှလူတိုင်းအပေါ်
ငါ့အတွေးက ပြန်မပြောနားမထောင်
ငါဟာ အချစ်ရေးမှာ ကံမကောင်းတဲ့ မြစ်ပဲ
မကြာခဏ ရည်းစားပြောင်းထားတယ်
သေသေကြေကြေ
တစ်ယောက်မှ သဘောမတွေ့ဘူး။
ဘ၀ကို ဆယ်လိုတိတ်လေးလို
ခွေလိပ်ကပ်တွယ်ထားလိုက်ချင်တယ်
သဲပေကျံနေတဲ့ဆပ်ပြာကို တိုက်မိခဲ့ပြီ
သွေးတောင့်အောင်ရပ်နေရတဲ့
အိမ်ရှေ့က ဗာဒံပင်ကြီးလည်း သေခါနီးပြီ
ပျော်ရွှင်မှုဟာ ငါ့ဆီကနေ
မနေ့ကပဲ ဆိုက်ကားငှားပြီး ထွက်သွားတယ်
ဈေးတောင် ဆစ်ပြုနေပုံမရပါဘူး။
ငါနဲ့ ဆယ်မိုင်ကွာပြီး
လမ်းပတ်လျှေက်တတ်တဲ့ကောင်
အဲဒီကောင်နာမည် အောင်မြင်မှုဆိုလားပဲ
ငါ့ဖြစ်တည်မှုတွေ အထစ်အငေါ့ဖြစ်ရပုံ
အလောင်းအစားဝါသနာမပါလည်း
အချိန်တန်တော့
အရှုံးကြီးက ရင်ဝမှာရဲလို့
အရိုင်းစိတ်လေး လက်သပ်မွေးမိတယ်
စကားလုံးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေတဲ့
ကမ္ဘာ။ ။


လွန်းဆက်နိုးမြတ်

ဖက်ရှင်မဂ္ဂဇင်း၊မတ်၊၂၀၀၇၊စာ-၁၅

Wednesday, April 28, 2010

တန်ဖိုး

တန်ဖိုး

ပြန်မလာတော့တဲ့ခြေရာတွေပေါ်
လာနေတာ ဘယ်သူတွေလဲ
အသစ်တွေလား...။
အမိုက်အမှားတွေလိုက်စားသူတွေလား
ဒီမှာ...
အကြိုက်ချင်းမတူညီကြဘူး
လက်ခံတယ်။
ဘ၀ချင်းမတူညီကြဘူး
လက်ခံတယ်
ကြွေးမြီတွေနဲ့ လေးလံပိတင်နေလွန်း
လက်ခံတယ်။
လေးတော်ကို ငါတင်ပြီး ပစ်ချလိုက်ရမှာက
အမြိုက်တရားပေပဲကိုး။
ငါ့ဘက်က ငါ့အဘိဓမ္မာအရ
ငါဟာ
လွတ်လွတ်ကျွတ်ကျွတ်ကြီးရှုံးခဲ့ရတော့
လွတ်လွတ်ကျွတ်ကျွတ်ကြီးပဲနိုင်ချင်တယ်။
အမှန်တကယ်ပဲ
ငါပစ်ချလိုက်ပါတယ်
အမြိုက်တရား။ ။

မောင်ချောနွယ်
မြားနတ်မောင်၊မေ၊၂၀၀၁၊စာ-၈

တိမ်ပြာပြာနေ့

တိမ်ပြာပြာနေ့

ကမ္ဘာကြီးနဲ့ငါ
အရပ်အမောင်း၊ကိုယ်လုံးကိုယ်ထည်နဲ့
အဆင်ပြေနေတဲ့ အင်္ကျီတစ်ထည်
မဖြစ်ခဲ့။

ကန်ထဲကို ဒိုင်ဗင်ထိုးချလိုက်တော့
ရေပြင်ရဲ့ ယုယမှုမှာ
ငါ မမျှားနိုင်ခဲ့သော ငါးများ
ဆေးရောင်စုံလွတ်မြောက်သွားကြတာ
မြင်လိုက်ရရဲ့။ ။

သုခမိန်လှိုင်
ရုပ်ရှင်တေးကဗျ၊ဇူလိုင်၊၂၀၀၁၊စာ-၎

တုန်ယင်လှိုက်မော

တုန်ယင်လှိုက်မော

ရွာထဲကို မိုးဦးကျ ဒုက္ခတွေတဖွဲဖွဲဝင်ရောက်လာချိန်
နွားတင်းကုပ်လေးထဲမှာ မီးခိုးတွေက တအူအူတက်
အဖေနွားခြင်မီးခိုးထည့်နေတာလား
မနက်ဖြန်ဆို သားမြို့ကိုသွားရတော့မယ်အဖေ။
မြို့မှာ ဘာရှိသလဲ
သားမသိဘူး
မြို့ဟာ ပျော်စရာကောင်းသလား
မြို့မှာ ကျောင်းသွားနေရင် သားပညာတတ်မှာလား
မေမေ့ကို မလွမ်းတတ်တော့ရင် ဘယ်လိုလုပ်မလဲ ဖေဖေ။
ရွာကလည်း တစ်စစီကွဲလို့ အိုနေပါပြီတဲ့
အဖေက သူ့တောတိုးအင်္ကျီနောက်ကျောကို လှန်ပြတယ်
ဆားပွင့်တွေအဖေရယ်
အဖေဟာ ပင်လယ်လား
ရွာကလေးတစ်ရွာက ကိုင်းသမားတစ်ယောက်လား။
နွားတင်းကုပ်ဖက်က အသံတွေကြားတယ်အဖေ
နွားတွေခြင်ကိုက်နေသလား
သားအိပ်လို့မရတော့ဘူး
ဘယ်နှနာရီထိုးပြီလဲ မနက်လေးနာရီလား
မြို့ကို သွားမယ့် မော်တော်တွေလာပြီလား
အဖေ...
နောက်ဖေးခန်းမီးခွက်မှိန်မှိန်လေးထဲက ထွက်ထွက်လာနေတယ်
ဘာလဲ...
မေမေ့ရှိုက်သံတွေလား။ ။


မိုးဝေး
ကလျာ၊ဒီဇင်ဘာ၊၉၉

နတ်ဝင်နေတဲ့ ဂစ်တာ

နတ်ဝင်နေတဲ့ ဂစ်တာ

ဂစ်တာဝင်စားတဲ့ ၀ိညာဉ်က
ဂစ်တာတစ်လက်ဆီကို
ဂစ်တာကြိုးလို တုန်ခါပြီး ရောက်လာ။
ဆံပင်နဲ့ လုပ်ထားတဲ့ ဂစ်တာကြိုးတွေ
ဆံပင်နဲ့ တီးခတ်လိုက်တိုင်း
ဆံပင်ချင်း ရိုက်သံ တရွှမ်းရွှမ်းညံခဲ့။
ဂစ်တာက လူနဲ့ လုံးထွေးသွား
လူက ဂစ်တာနဲ့ လုံးထွေးသွား
အနံ့၊အရသာ၊အရောင်၊ မရှိတဲ့ အသံတွေ
အစီအစဉ်အတိုင်း ခုန်ထွက်ကျ။
လှိုင်းတွေ နာမည်မပေးခင်
စာမျက်နှာပေါ်က ဂီတနုတ်တွေသာ မောဟိုက်
ဂစ်တာက နတ်ဝင်သည်လိုပဲ။ ။


တိုးနှောင်မိုး
ရုပ်ရှင်တေးကဗျာ၊ဖေဖော်ဝါရီ၊၂၀၀၁၊စာ-၁၁

မြစ်တို့၏ လားရာ

မြစ်တို့၏ လားရာ


အချစ်မှာ နွေ မိုး ဆောင်း ရှိတယ်။
လက်ထဲက တောက်ထုတ်လိုက်တဲ့ စီးကရက်တိုလေးလို
ဘ၀ဟာ
ရသလောက်လောင်ကျွမ်းနေလိုက်တာ
အငွေ့တလူလူ။
ကျွန်တော်က
ပြိုင်ဘီးနင်းသမားလေးတစ်ယောက်လို
ကိုယ်မိုက်ရင် မိုက်သလောက်ပြေးတဲ့ အနုပညာသမား
ခါးသီးမှုတွေသာ
ဘုရားသခင်ပေးသော ဆုလာဘ်ဆိုရင်
ဆေးဖက်ဝင်ဖို့ ကြိုးစားရတာ ပါရမီဖြစ်မယ်။
ရှေ့က လမ်းမဟာ တို့ဘ၀တွေဖြစ်ရဲ့
နွေနဲ့မိုးကို သန့်စင်ထားတဲ့ မေတ္တာတရား
ဖေဖေနဲ့ မေမေ့ဆီက ရခဲ့ဖူးတယ်။
ကျွန်တော်တို့ ချစ်ခြင်းမေတ္တာများ
ရေလို မဆန်နိုင်သရွေ့
တတိယအသံတစ်ခုဆီ
နှင်းပွင့်တွေလို ပြိုဆင်းခဲ့ရ။ ။

ထွန်းလွင်သွယ်(ဆူးဖြူရိပ်)
ရုပ်ရှင်တေးကဗျာ၊ဖေဖော်ဝါရီ၊၂၀၀၁၊စာ-၁၂

ကြာသပတေးနေ့ ဘ၀သံသရာသံစုံ

ကြာသပတေးနေ့ ဘ၀သံသရာသံစုံ

ရှည်လျားထွေပြား မနေမနား
တသွားထဲသွားတဲ့ ဘ၀သံသရာ
ငါတို့လက်ထဲ ရောက်လာတော့
ငါတို့ဘ၀သံသရာပေါ့။
တစ်နေ့ နှစ်ကြိမ်၊သုံးကြိမ်၊လေးကြိမ်
ဘ၀သံသရာခဲ့သပေါ့။
ဘတ်စ်ကားစီး ကြားကားစီး
ဘ၀သံသရာခဲ့သပေါ့။
တစ်ယောက်ဆင်း တစ်ယောက်တက်
ဘ၀သံသရာခဲ့သပေါ့။
အများကြီးဆင်း အများကြီးတက်
ဘ၀သံသရာခဲ့သပေါ့။
“ဘယ်ဟာမတည်မြဲ ဖေါက်လွဲဖေါက်ပြန်”
ဘ၀သံသရာခဲ့သပေါ့။
ယောက်ျားနဲ့မိန်းမ အသားချင်းထိ
ဘ၀သံသရာခဲ့သပေါ့။
မချစ်မနှစ်သက်သူနဲ့ အတူထိုင်
ဘ၀သံသရာခဲ့သပေါ့။
ခါးပိုက်နှိုက်နဲ့
ဘ၀သံသရာခဲ့သပေါ့။
မျက်နှာပြောင်သူနဲ့
ဘ၀သံသရာခဲ့သပေါ့။
သက်ပြင်းမှုတ်သူနဲ့
ဘ၀သံသရာခဲ့သပေါ့။
အိပ်ငိုက်နေသူနဲ့
ဘ၀သံသရာခဲ့သပေါ့။
လူလိမ်နဲ့
ဘ၀သံသရာခဲ့သပေါ့။
ထမင်းချိုင့်ကလေးများနဲ့
ဘ၀သံသရာခဲ့သပေါ့။
ဂါထာတွတ်တွတ်နဲ့
ဘ၀သံသရာခဲ့သပေါ့။
“မျောက်ကလေးပမာ”နဲ့
ဘ၀သံသရာခဲ့သပေါ့။
“ဣတ္ထိ ရူပံ ဓနံ”တဲ့
ဘ၀သံသရာခဲ့သပေါ့။
အလှူခံ ဂျောက် ဂျောက် ဂျောက် ဂျောက်
ဘ၀သံသရာခဲ့သပေါ့။
ရေခဲရေ သတင်းစာ ငုံးဥ
ဘ၀သံသရာခဲ့သပေါ့။
ရက်လတွေ အလီလီ
ဘ၀သံသရာခဲ့သပေါ့။
နှစ်တွေ အခါခါ
ဘ၀သံသရာခဲ့သပေါ့။
သစ်ရွက်တွေကြွေ
ဘ၀သံသရာခဲ့သပေါ့။
သစ်ပင်တွေ မိုးရေချိုး
ဘ၀သံသရာခဲ့သပေါ့။
“ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်မယ်”
ဘ၀သံသရာခဲ့သပေါ့။
“မဖြစ်ချင်ပါဘူးဆိုလဲ မဖြစ်ချင်ဘဲ ဖြစ်ကြရမယ်”
ဘ၀သံသရာခဲ့သပေါ့။
ငါတို့တွေ စုန်ကာဆန်ကာ
ဘ၀သံသရာခဲ့သပေါ့။
အဲဒါ၊အဲဒါ...
အဲဒါ၊ဘ၀သံသရာ။ ။


အောင်ချိမ့်
“ဘ၀သံသရာ”သီချင်း၏ စာသားများ
ရနံ့သစ်၊ဇွန်၊၂၀၀၁၊စာ-၂၀

အို...ညနေ

အို...ညနေ


ရင်ထဲက အစိုင်အခဲတွေ
တစ်စစီ တစ်စစီ
အရည်ပျော်ကျ
ကိုယ်က ပြန်ခေါ်ပေမယ့်လည်း
ဝေး...ဝေးသွားပေါ့။

တစ်ညနေ
နေမ၀င်ခင်
ငှက်တွေနဲ့ရောပြီး
အိပ်တန်းပြန်ကြည့်ပါတယ်၊
မရပါဘူး
ဒီမှာ ပင်လယ်အစပ်တောင်မရောက်သေး
လျှောက်နေကျလမ်းကိုလိပ်ပြီး
ဘုံဆိုင်ရှေ့ ခင်းမိပြန်ပြီ
ထွက်ပြေးနေတဲ့ မြစ်တွေ။


အောင်ဝေး
နွယ်နီ၊ဇွန်၊၂၀၀၁၊စာ-၇

ကြာသပတေးနေ့ ဘ၀သံသရာသံစုံ

ကြာသပတေးနေ့ ဘ၀သံသရာသံစုံ

ရှည်လျားထွေပြား မနေမနား
တသွားထဲသွားတဲ့ ဘ၀သံသရာ
ငါတို့လက်ထဲ ရောက်လာတော့
ငါတို့ဘ၀သံသရာပေါ့။
တစ်နေ့ နှစ်ကြိမ်၊သုံးကြိမ်၊လေးကြိမ်
ဘ၀သံသရာခဲ့သပေါ့။
ဘတ်စ်ကားစီး ကြားကားစီး
ဘ၀သံသရာခဲ့သပေါ့။
တစ်ယောက်ဆင်း တစ်ယောက်တက်
ဘ၀သံသရာခဲ့သပေါ့။
အများကြီးဆင်း အများကြီးတက်
ဘ၀သံသရာခဲ့သပေါ့။
“ဘယ်ဟာမတည်မြဲ ဖေါက်လွဲဖေါက်ပြန်”
ဘ၀သံသရာခဲ့သပေါ့။
ယောက်ျားနဲ့မိန်းမ အသားချင်းထိ
ဘ၀သံသရာခဲ့သပေါ့။
မချစ်မနှစ်သက်သူနဲ့ အတူထိုင်
ဘ၀သံသရာခဲ့သပေါ့။
ခါးပိုက်နှိုက်နဲ့
ဘ၀သံသရာခဲ့သပေါ့။
မျက်နှာပြောင်သူနဲ့
ဘ၀သံသရာခဲ့သပေါ့။
သက်ပြင်းမှုတ်သူနဲ့
ဘ၀သံသရာခဲ့သပေါ့။
အိပ်ငိုက်နေသူနဲ့
ဘ၀သံသရာခဲ့သပေါ့။
လူလိမ်နဲ့
ဘ၀သံသရာခဲ့သပေါ့။
ထမင်းချိုင့်ကလေးများနဲ့
ဘ၀သံသရာခဲ့သပေါ့။
ဂါထာတွတ်တွတ်နဲ့
ဘ၀သံသရာခဲ့သပေါ့။
“မျောက်ကလေးပမာ”နဲ့
ဘ၀သံသရာခဲ့သပေါ့။
“ဣတ္ထိ ရူပံ ဓနံ”တဲ့
ဘ၀သံသရာခဲ့သပေါ့။
အလှူခံ ဂျောက် ဂျောက် ဂျောက် ဂျောက်
ဘ၀သံသရာခဲ့သပေါ့။
ရေခဲရေ သတင်းစာ ငုံးဥ
ဘ၀သံသရာခဲ့သပေါ့။
ရက်လတွေ အလီလီ
ဘ၀သံသရာခဲ့သပေါ့။
နှစ်တွေ အခါခါ
ဘ၀သံသရာခဲ့သပေါ့။
သစ်ရွက်တွေကြွေ
ဘ၀သံသရာခဲ့သပေါ့။
သစ်ပင်တွေ မိုးရေချိုး
ဘ၀သံသရာခဲ့သပေါ့။
“ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်မယ်”
ဘ၀သံသရာခဲ့သပေါ့။
“မဖြစ်ချင်ပါဘူးဆိုလဲ မဖြစ်ချင်ဘဲ ဖြစ်ကြရမယ်”
ဘ၀သံသရာခဲ့သပေါ့။
ငါတို့တွေ စုန်ကာဆန်ကာ
ဘ၀သံသရာခဲ့သပေါ့။
အဲဒါ၊အဲဒါ...
အဲဒါ၊ဘ၀သံသရာ။ ။


အောင်ချိမ့်
“ဘ၀သံသရာ”သီချင်း၏ စာသားများ
ရနံ့သစ်၊ဇွန်၊၂၀၀၁၊စာ-၂၀

မွေးနေ့

မွေးနေ့

ငါပူဇော်သော ဆီမီးတိုင်သာ
ငါ၏အမှောင်ကို လင်းချင်းစေအံ့။

တေးသွားတွေ မညင်သာ
လောကကို ခဏမေ့နေသောနေ့တွေထဲ
ရေမှာနေရင်း ရေငတ်
သမင်တစ်ကောင်လို အစာရှာရင်း အစာငတ်။

အို...ဘုရားသခင်
ဆာလောင်မှုအတွက် ပေါင်မုန့်ကိုသာအလိုရှိခဲ့
အပြင်းစားရောဂါများအတွက်
ဆေးကောင်းဝါးကောင်းများကို အလိုရှိခဲ့
မိုက်မဲမှုအတွက် တရားရေအေးကို အလိုရှိခဲ့
ငါ့အတွက်
နာရီအားလုံး မသိုးသောနေ့ကို အလိုရှိခဲ့။ ။

စေတ
ရနံ့သစ်၊ဇွန်၊၂၀၀၁၊စာ-၁၉

Saturday, April 24, 2010

ရုပ်ပျက်ဆင်းပျက် ထိတ်လန့်သွေးပျက်ဖွယ် နှစ်ကူးသင်္ကြန်(၁၃၇၁-၇၂)

ရုပ်ပျက်ဆင်းပျက် ထိတ်လန့်သွေးပျက်ဖွယ် နှစ်ကူးသင်္ကြန်(၁၃၇၁-၇၂)

ကျွန်တော်တို့ ချစ်တဲ့ မဟာသင်္ကြန်ကို သွေးလွှမ်းအောင် ငယုတ်မာလူတစ်စုက လုပ်ပစ်ခဲ့လိုက်ပြီးပါပြီ...
ဘယ်ရာသီမဆို ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် နောက်ထပ်
မိရိုးဖလာရိုးရာပျော်ပွဲရွှင်ပွဲတွေဟာ အမှန်တကယ်ရော ပျော်ရွှင်စရာကောင်းလာနိုင်ပါဦးတော့မလား?
စိုးတထိတ်ထိတ်နဲ့ ကြောက်ရွံ့သိမ်ငယ်စိတ်တွေ ပြည့်နေတဲ့ နိုင်ငံသူ/သားတွေရဲ့ မျက်ဝန်းတွေထဲမှာ
စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ကျန်သေးရဲ့လား?

(ဒီကဗျာဟာ ဒီအဖြစ်အပျက်နဲ့ တိုက်ဆိုင်မယ်ထင်လို့ တင်လိုက်တာပါ...တစ်ခုပြောပြချင်တာက
ဒီကဗျာဟာ ဒီအဖြစ်အပျက်အပေါ် ခါတော်မှီ ရေးသားထားခြင်းမဟုတ်ဘူးဆိုတဲ့ အကြောင်းဖြစ်ပါ
တယ်။ဟိုအရင် ရေးခဲ့ဖူးတဲ့ ကဗျာတွေထဲကနေ ခံစားချက်တိုက်ဆိုင်မယ်ထင်တဲ့ ကဗျာလေးကို
ရွေးချယ်တင်လိုက်ခြင်းပါ။တစ်နည်းအားဖြင့် ဒါဟာ အပြစ်မဲ့တဲ့ ဘုမသိဘမသိ ပြည်သူတွေရဲ့
စစ်မှန်တဲ့ ခံစားချက်နဲ့ ထပ်တူကျနိုင်လိမ့်မယ်လို့ ယုံကြည်လို့ပါပဲခင်ဗျာ)


ကိုးဆယ့်ကိုးကောင်မိထားလည်း
လွတ်နေတဲ့ တစ်ကောင်က ပိုပြီးကြောက်ရတာ..
.။


ထိတ်လန့်နေဆဲ မျက်နှာတွေနဲ့ တစ်မြို့လုံး အပျက်အစီးတွေ ပြန်ပြင်နေတယ်
အဆိုးဆုံးက ပြတင်းပေါက်တွေပဲ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကိုယ်ကကြည့်မိတဲ့အခါ
ကိုယ့်ကို ပြန်ပြီး သင်္ကာမကင်းပြန်ကြည့်တာခံရတယ် တစ်ယောက်ယောက်နဲ့
စကားပြောတိုင်း ဘေးကို အကြိမ်ကြိမ် သတိပြုရတယ် တစ်နေရာမှာတော့ မိသွားမှာပါဆိုပြီး
စိတ်လွတ်ကိုယ်လွတ် မနေနိုင်သေးဘူး သွေးပျက်ဖွယ်အခြေအနေက လွင့်ပြယ်စကာလမှာ
ရုပ်မြင်သံကြားသတင်း အဆက်မပြတ်ကြည့်နေရတယ် အဆော့သန်တဲ့ ကလေးတွေ
အပျောက်မခံ ထိန်းနေရတယ် ကိုယ်တိုင်တောင် အမှောင်ထဲ သွားဖို့ မရဲသေးဘူး
လတ်တလော ရောင်းအား အကောင်းဆုံးက သော့ခလောက်နဲ့ တရားစာအုပ်တွေဖြစ်လို့
အိပ်ယာစောစောဝင်ကြတယ် ဟိုနားဒီနား သွားစရာရှိရင် စောစောသွား စောစောပြန်လာတာ
အကောင်းဆုံးပဲ အသေးအမွှား ရုတ်ရုတ်သဲသဲလူအုပ်တွေ့ရင် အလိုလို ချောက်ချားနေဆဲ
အနေအထားအရ ဘယ်သူ့ကိုမှ အလွယ်တကူ ယုံကြည်ဖို့ မဖြစ်နိုင်ချိန် ပြီးခဲ့တဲ့
ရက်ပိုင်းအဖြစ်အပျက်က ကြောက်စိတ်အဖြစ် လတ်လတ်ဆတ်ဆတ်
တိုက်စားနေတုန်း လှိုက်စားနေတုန်း ဖွဲမီးလောင်သလို။ ။


လွန်းဆက်နိုးမြတ်
၆.၇.၀၉
နေ့လည် ၁၂း၄၀နာရီ

မျိုသိပ်ထားတဲ့ကိစ္စ

မျိုသိပ်ထားတဲ့ကိစ္စ


ဒီလေထုထဲမှာပဲ
ဘယ်နှစ်ခါ ပြန်ပြန်ရှင်နေမှာလဲလို့
မေးတယ်။

မနေ့ခပ်နွမ်းနွမ်းက ကောင်းကင်ပါ
တိမ်စိုင်တွေအုပ်လိုက်
ငါမြင်ဖူးပြီးသားပေါ့
ယခင်အနံ့ထက်ပိုစူးတဲ့
လေပြေက နည်းနည်း
လေးပင်တယ်။
ပါးပြင်ပေါ်က လှိုင်းတွေကို
ငါရိတ်သိမ်းပြီးစ
နှစ်ပေါင်းများစွာကလိုပဲ

ရှိုက်နမ်းနေကျ
အပြစ်ပါးပါးလေး
ရင့်မှည့်ဖို့

သနပ်ခါးမသွေးတဲ့ နေ့များများလိမ့်ပြို
အဲ့သလို မျက်ရည်နဲ့ညပါ
မငိုနဲ့ကွယ်
ထားတော့
ဒီမြစ်ရေမှာ ငါမူးအောင် ချိုးခဲ့တဲ့
အလွမ်းနဲ့
လှေကားထစ်တွေကို ဖျက်ရအောင်နော်

ငါက
သစ်ရွက်လေးတစ်ရွက်ကိုတောင်မှ
စိမ်းစိမ်းကြည်ကြည် ဖဲ့ချွေဖူးခဲ့တာမှ
မဟုတ်ခဲ့တာ။

ရိုင်းပြတဲ့ မုတ်သုန်မိုးတွေလည်း
သူ့အလိုကျ ရှိစေလို့
မငြိုငြင်တတ်ခဲ့တာ
ရဲရဲကြီး မေ့စွမ်းနိုင်ခဲ့ပြီး
ရဲရဲကြီး လွမ်းဆွတ်ခဲ့ဖူးတဲ့
မရက်စက်လိုခြင်းသာ
ရင်ထဲကို ကြည့်စွမ်းတဲ့
လှိုင်းဖမ်းကမ်းခြေလို
အစာနာပိုခဲ့တာ
(အထူးသဖြင့်)
နားလည်ခွင့်မရှိတဲ့
လမ်းလျှောက်ရင်လှနေဆဲဖြစ်တဲ့
ပေါ့ပါးရယ်သွေးခဏလေးတွေ ရှည်လျားစွမ်းတဲ့
ဘယ်အရပ်က ကြည့်ကြည့် ကြည်လင်တဲ့
တိမ်ရုပ်တစ်ရုပ်ကို
အလှမွေးဖို့
မြေကမ္ဘာယောင်ဆောင်ခဲ့သူ။ ။


ဇော်ထွဋ်နိုင်
ရနံ့သစ်၊ဇွန်၊၂၀၀၁၊စာ-၁၇

အကွာအဝေးဒဏ်ရာ

အကွာအဝေးဒဏ်ရာ

ပန်းချီကားတစ်ချပ်
ကင်းဘတ်တစ်စ အထက်ကနေ
စုတ်တစ်ချက် အခတ်မှာ
လွင့်စင်ဘေးထွက်ခဲ့ရတဲ့ ဆေးတစ်စက်ရဲ့ ဘ၀ပါ...
ဘယ်ကစပြီး ဘယ်လိုပြန်လည်ဆောက်ရမယ်
မသိတဲ့အကျနာမှုနဲ့
ဘယ်ကို ဆက်လျှောက်ရမယ်မသိတဲ့
ထွက်ပေါက်မဲ့စိတ်တွေထဲ
ဘယ်အချိန်ကတည်းက
စန္ဒရားခလုတ်တွေ တီးခတ်ရသလို အရသာရှိလှတဲ့
ဝါကျအလုပ်ရုံလေး
သွေးထဲလည်ပတ်နေခဲ့ပြီလည်း မသိပါ...
စကားလုံးတွေကို
ကလေးတစ်ယောက်လို လွယ်လင့်တကူကောက်ယူဆော့ကစား
ဟင်းလင်းပွင့်နေတဲ့ အကြောင်းတိုက်ဆိုင်မှုတွေတစ်ဆုံး
ကာရန်တွေကို တစ်ဝကြီးဖြုန်းတီး
လူမှန်းသူမှန်း မသိအောင်
ရစ်သမ်တွေကို တစ်လုံးပြီးတစ်လုံးမော့သောက်...
နောက်ဆုံးတစ်ယောက်တည်းပဲ ပြန်ကျန်တဲ့အထိ
ပတ်ဝန်းကျင်လှည့်ကြည့်တော့
ကျွန်တော် ဘယ်ရောက်လို့ ခရီးပေါက်ခဲ့ပြီလဲ။
ဘ၀က ချာချာလည်အောင် မူးကောင်းဆဲ
ဖရိုဖရဲ ခြေထောက်တွေကလည်း
အချိန်တန်ရင် အိမ်ပြန်လမ်းဆီ အသော့နှင်ဖို့လောက်ကလွဲရင်
ဘယ်ဆီမှ ဆက်ပြီး မဖြောင့်တန်းချင်ကြတော့ဘူးလား...
ရင်ဘတ်ထဲမှာ
အန်ချပစ်ချင်စရာကောင်းလောက်အောင် ချဉ်သိုးနေတဲ့
နှလုံးသားလေးရှိတယ်
အသုံးမပြုဘဲ ထားတာကြာလို့ သံချေးစားနေတဲ့ အသံကို
ဓားတစ်လက်လို လည်ချောင်းထဲက ဆွဲထုတ်
ဂီတာတစ်လက်ပေါ် ကမူးရှူးထိုးခုတ်ချ
ကိုယ့်ကိုကိုယ် ဖေးမဖို့ကြိုးစားတော့
ကြိုးခြောက်ချောင်းရဲ့ အလျားက အိပ်မပျော်ညထက်
ရှည်လျားတယ်
လယ်ကွက်ထဲက ဂဲသြမေတြီပုစ္ဆာတစ်ပုဒ်ထက်ခက်ခဲတယ်...
မနက်မိုးလင်းသွားတိုင်း...ငါဟာ
မမက်ရသေးတဲ့ အိပ်မက်တစ်ခုရဲ့ မျက်လုံးတစ်စုံအလား
ဟောက်ပက်ချိုင့်ဝင်သွားခဲ့တယ်...
ဘ၀မှာ...
ထမင်းစား ရေသောက်ကိစ္စလေးကိုတောင်
လှေကားထောင်တက်နေခဲ့ရသူပါ...
အနုပညာဆိုတာ
ရွှေဆိုင်မှန်ပုံးထဲက ပြောင်ပြောင်လက်လက်အရာတွေလား...
ကျွန်တော့်မှာ ဖြတ်သွားတိုင်း ငေးကြည့်ရတာအမော။ ။

ငြိမ်းမောင်

ကျောကုန်းစုတ်နေတဲ့ အင်္ကျီ

ကျောကုန်းစုတ်နေတဲ့ အင်္ကျီ

ကြာပွတ်ရာ
ယင်ကောင်များရဲ့ အသိုက်၊
ခါးဆစ်ရိုးပေါ်က ယောင်ရမ်းနာ။
ဒါတွေ
ငါရွေးချယ်ခဲ့တာ မဟုတ်။
ဒါတွေ
အရေပြားထဲက တိုးထွက်လာတဲ့
အဖာတစ်ရာနဲ့ ဆာလောင်မှုများလား။
ဒါတွေ
တောင်တန်းတစ်ခုပေါ်က
ဆေးတံတစ်အိုးလို မီးညှိခဲ့ဖူးတဲ့ ကံတရားရဲ့ အငွေ့တလူလူများ။
ငါ အရူးအမူးဆွဲနေရတဲ့ လှည်းက
သွက်သွက်ခါအောင် ရမ်းခါနေတယ်
ငါ မမြင်မစမ်းပြေးခဲ့ရတဲ့လမ်းတွေက
စုံလုံးကန်းနေကြတယ်
ငါ မ၀ရေစာစားခဲ့ရတဲ့ အတွေးအခေါ်တွေကလည်း
ပိန်လှီခြောက်သွေ့နေကြတယ်
စွန့်ခွာပယ်သတ်၍ မရနိုင်သေးသမျှသော ၀န်ထုပ်ဝန်ပိုးများကိုပဲ
ငါက ခြေကန်ဆွဲလို့။
ဒါတွေကပဲ
ငါ့ကို ဖိတွန်းရွေ့လျားစေခဲ့လို့။
ငါ့မှာ
သားသတ်သမားရဲ့ လက်က အချိန်ကာလများထဲ
အစဉ်တစိုက်ကြေကွဲလိုက်ပါနေဆဲက
ဒီလိုလည်း
တစ်ဖက်သတ်ယုံကြည်စိမ်းလန်းထားဖြစ်တယ်
ငါတို့ မိုးကုတ်စက်ဝန်းရဲ့ တစ်ဖက်မှာ
ငါတို့ရဲ့ မြက်ခင်းတွေက
ငါတို့အတွက် အစွမ်းကုန်ခုန်ပေါက်တက်ကြွနေလိမ့်မယ်...။

နိုင်မွန်အောင်သွင်
စတိုင်သစ်၊ဇွန်၊၂၀၀၄၊စာ-၁၅

သတ္တမမြောက်ရှုမျှော်ခင်း

သတ္တမမြောက်ရှုမျှော်ခင်း

ဆဋ္ဌမမြောက်ရှုမျှော်ခင်း၏ မှင်တက်မိကမ်းစပ်၌
လှိုက်လှဲသည့် တေးသွားတစ်ဝက်
သက်သောင့်သာယာ အေးချမ်းစွာမတ်ရပ်ရဲ့။
တောင်ကမ်းပါးယံတို့၏ လွှဲရှောင်မှုနှင့်
ငလျင်များ ဖြည်းဖြည်းချင်းပြန်လာခဲ့ကြ။
ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပွင့်ခဲ့သော ပုံကြမ်းများ
လွင်ပြင်မဲ့ခဲ့ရုံမျှ
ဒါပေမယ့် အဆုံးမဲ့ ကန့်သတ်လင်းပြတ်မှုမှာ
ထက်ကြပ်မကွာ နှင်းရည်စက်များ တေးသီငှက်များ
သဲသောင်ပြင်စပ်မှ ပင်လယ်၏ စောင့်မျှော်ခြင်းများ...။
ဟိုးအဝေးမှ ခပ်နှေးနှေးကျောက်တံတိုင်းတို့
ခြေလှမ်းမှန်မှန်ဖြင့်
ဖွင့်လိုက်သည့် သစ်တောအုပ်ထဲ၌
အရိပ်များပမာ
ပါးလျစွာ ဖြတ်ကျော်သွားကြရဲ့
ကြယ်စုများရဲ့ တံတိုင်းဆီ...။ ။

ဖြူမွန်
ရနံ့သစ်၊ဒီဇင်ဘာ၊ ၂၀၀၃

မဒမ်တူးဆော့မြို့သို့ပေးစာ

မဒမ်တူးဆော့မြို့သို့ပေးစာ

လူကြီးမင်း ရုပ်တုများခင်ဗျား...
လူကြီးမင်းတို့ဆီ ကျွန်တော်မကြာခင် လာရောက်တွေ့ဆုံဖို့ရှိပါတယ်
ကျွန်တော်ဟာ လူတစ်ယောက်အနေနဲ့
ထူးဆန်းအံ့သြဖွယ်ရုပ်တုတွေနဲ့ စကားပြောဖို့ အစီအစဉ်ပဲဖြစ်ပါတယ်
လျို့ဝှက်တိတ်ဆိတ်တဲ့ ရုပ်တုတွေနဲ့ ကခုန်ဖို့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်
ခင်ဗျားတို့ဟာ မဒမ်တူးဆော့မြို့က လူကြီးလူကောင်းတွေအနေနဲ့
ကျွန်တော့်ကို တစ်စုံတစ်ခုပြောပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်
ခင်ဗျားတို့ကို ဖန်ဆင်းတဲ့ လူတွေဟာ တစ်ချိန်မှာသေဆုံးသွားကြပြီး
ခင်ဗျားတို့ကတော့ ထာဝရရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်
နှောင်းလူတွေဟာ ခင်ဗျားတို့ကို လာရောက်ကြည့်ရှုပြီး
ခင်ဗျားတို့ဟာ တစ်ချိန်က လူဖြစ်ခဲ့ကြောင်း အသိအမှတ်ပြုကောင်း ပြုကြပါလိမ့်မယ်
ခင်ဗျားတို့ရဲ့ ငြိမ်သက်မှုဟာ ကမ္ဘာကြီးကို ထိတ်လန့်စေမှာဖြစ်ပါတယ်
ခင်ဗျားတို့နေထိုင်ရတာ ပျော်ရွှင်ရဲ့လား ရုပ်တုများခင်ဗျား
ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ လျို့ဝှက်ချက်ကို ဖော်ထုတ်ဖို့
လူကြီးမင်းတို့ဆီ ယခုလို ဆက်သွယ်ရခြင်းဖြစ်ပါတယ်
ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ကျွန်တော်
ဖယောင်းရုပ်တုတစ်ခုဖြစ်မှန်း ရိပ်မိခဲ့တာကြာပါပြီ
အခုဆိုရင် လူတွေရဲ့ ကောက်ကျစ်မှုတွေနဲ့ ပူလောင်နေတဲ့ ကမ္ဘာကြီးမှာ
ကျွန်တော်ဟာ တစ်စ တစ်စ အရည်ပျော်ပုံပျက်နေခဲ့ပါပြီ
ကျွန်တော့်ကို ထုလုပ်ခဲ့တဲ့ တစ်စုံတစ်ယောက်ရဲ့ အမည်ကိုလည်း စုံစမ်းမရခဲ့ပါ
ကျွန်တ်ာဟာ ခင်ဗျားတို့ရုပ်တုတွေနေထိုင်တဲ့
မဒမ်တူးဆော့မြို့ကို စိတ်ဝင်စားခဲ့တာ ကြာပါပြီ
ကျွန်တော်ဟာ ရုပ်တုတစ်ခုဖြစ်ကြောင်း နားလည်မိတဲ့ နေ့က စလို့ပေါ့
မဒမ်တူးဆော့ဟာ ကမ္ဘာကြီးရဲ့ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တစ်ခုဖြစ်လိမ့်မယ်
လူကြီးမင်းတို့ဆီ ကျွန်တော် မကြာခင် ရောက်ရှိလာဖို့ ရှိပါတယ်
လူယောင်ဆောင်ထားတဲ့ ရုပ်တုတစ်ခုအနေနဲ့။ ။


ပိုင်
Beauty၊နိုဝင်ဘာ၊၂၀၀၃၊စာ-၈

တစ်ယောက်တည်းရုပ်ရှင်

တစ်ယောက်တည်းရုပ်ရှင်

ငါ့အခန်းထဲ ဟိုတစ်စ ဒီတစ်စ နေရောင်ဟာ တွန့်ကြေ
ခန်းဆီးစဟာ တွဲလောင်းကျ ငိုက်မြည်း
ပြီးဆုံးသွားပြီဖြစ်တဲ့ ဆေးလိပ်ပြာများက
“ကောင်းကင်တစ်ခုမရှိဘူးလားတဲ့”
“ငါ့မှာ ကောင်းကင်တစ်ခုမရှိဘူးလားတဲ့”။
စေ့ထားတဲ့ တံခါးတွေ ငါတွန်းဖွင့်ပစ်လိုက်တယ်
ပျင်းရိနေတဲ့ အာခေါင်တွေက တကျိကျိရယ်ကြရဲ့
အလန့်တကြား မှားယွင်းမှုတွေ ဒေါင်ဒင်မြည်တဲ့
နာရီကြီးက
“သေချာတဲ့ အချိန်ဆိုတာ မရှိဘူးလား”တဲ့။
“ငါ့မှာ သေချာတဲ့ အချိန်ဆိုတာ မရှိဘူးလား”တဲ့။
ဖုန်တက်နံရံ
ရစ်ဘီးဟောင်း
တစ်ကြိုးတစ်ပင်ပြတ်နေတဲ့ ဂစ်တာ
အဖြူပွင့်တွေ အေးအေးလူလူ ခြွေချတတ်တဲ့
စကားပင်အိုကြီးက
“ပေါ့ပါးတဲ့ လက်တစ်ဖက်မရှိတော့ဘူးလား”တဲ့
“ငါ့မှာ ပေါ့ပါးတဲ့ လက်တစ်ဖက်မရှိတော့ဘူးလား”တဲ့။
ဘတ်သီးကျွမ်းမှာ ပင့်ကူဟာ ပိုက်အိမ်ဖွဲ့ရက်လို့
ငါလည်း ဒီပင်လယ်ပျက်ကြီးထဲ
ရွက်ကို ဖွင့်ချထွက်ခဲ့
ရွက်တိုင်က မေးတယ်
“မြို့တစ်မြို့ ဘယ်မှာလဲ”တဲ့
“ငါ့မှာ မြို့တစ်မြို့ ဘယ်မှာလဲ”တဲ့။
လိမ္မော်သီးများ အားလုံးချိုမယ့် နေ့တစ်နေ့မှာ
ဝင်ရိုးစွန်းပေါ်က ရုန်းကြွ ငါ့တောင်ပံတွေ
သတိရခြင်း သစ်ကိုင်းပေါ် ဖြန့်နားလိုက်တယ်
တကယ့်ကို ရှုံ့တွလွန်းနေတဲ့ အိပ်ကပ်က
“မိတ်ဆွေတစ်ယောက်လောက် မရှိဘူးလား”တဲ့
“ငါ့မှာ မိတ်ဆွေတစ်ယောက်လောက် မရှိဘူးလား”တဲ့။
တစ်ကိုယ်တော်တိတ်ဆိတ်
ငါ့စိတ်က ငါ့အရိပ်ကို နှင်းဆီတောအုပ်ထဲ
ခေါ်ဆောင်သွားတယ်
ပန်းပွင့်များပေါ်က
လွင့်စင်ထွက်ကျလာတဲ့ နှုတ်ခမ်းတစ်စက
“ဘာကိုထိုင်စောင့်နေပါသလဲ”တဲ့
“ငါ့မှာ ဘာကိုထိုင်စောင့်နေပါသလဲ”တဲ့။ ။


ညီညီညည့်သစ်
ရယ်စရာ၊အောက်တိုဘာ၊၂၀၀၃၊စာ-၁၃

ပင်လယ်ကမ်းခြေ

ပင်လယ်ကမ်းခြေ

ပင်လယ်ဟာ
မသန့်အရာ ဘာကိုမှ
သူ့ကိုယ်ထဲမှာ ကြာကြာ မထားဘူးတဲ့
ကမ်းခြေမှာ နေသူ တစ်ဦးက
ပြောဖူးတယ်
ဒါကြောင့်
ကမ်းခြေ တစ်ဝိုက်မှာ
အမှိုက်သရိုက်တွေ
ခွေးသေကောင်ပုပ်တွေကို
တွေ့တွေ့ နေရတာလေ
ပြီးတော့ ကမ်းခြေမှာ
ဘန်ဂလိုတွေ ရှိတယ်
ဘီယာဘူးခွံတွေ ရှိတယ်
ဘီကီနီနဲ့ ကောင်မလေးတွေလည်းရှိတယ်
ကျွန်တော်တို့တွေဟာ
ပင်လယ်ထဲမှာ
ခဏတာ ဆင်းစိမ်နိုင်ပေမယ့်
အမြဲတမ်းအတွက်တော့
ကမ်းခြေပေါ်ကိုပဲ
ပြန်ပြန်တက်ခဲ့ရတယ် မဟုတ်လား။ ။

မင်းချစ်သူ
တေးကဗျာ၊စက်တင်ဘာ၊၂၀၀၃၊စာ-ရ

တယ်လီဖုန်းခေါ်သံ

တယ်လီဖုန်းခေါ်သံ

နည်းပညာတစ်ဝက်၊မျှော်လင့်ခြင်းတစ်ခြမ်း
ကမ္ဘာသုံးဘာသာစကားတစ်ခြမ်း၊သမိုင်းတစ်ဝက်
ကျွန်တော်ခေတ်နဲ့ကျွန်တော်
ပင်လယ်လည်းပင်လယ်အလျောက်
တောင်တန်းလည်းတောင်တန်းအလျောက်
တစ်မျှော်တစ်ခေါ်ကြီးပေါ်မှာ
ကျွန်တော်လည်း တစ်မျှော်တစ်ခေါ်ကြီးဖြစ်လိုက်ရဲ့။

ရောရောထွေးထွေးပါ။
တစ်နေ့လုံးမှားအောင်နေပြီး
တစ်နေ့လုံးမှန်နေရင် မနေတတ်တဲ့ အတ္တ။
အရောင်ရှိရာလာပြီး
အနံ့နဲ့အရသာကို နည်းနည်းပဲယူလာသူရဲ့ ဆန္ဒ
မတော်တဆတွေ ခဏရပ်
ခေတ္တခဏ။

အိမ်ရှေ့က အမှန်တရားလား။
နှစ်အိမ်ကျော်က လောကဓံလား။
အိမ်ပိုင်ရှင်ပန်းချီဆရာလား။
ဟိုးလမ်းထိပ်က ကဗျာဆရာလား။

ဟဲလို
ပြောပါ
သူငယ်ချင်းငါးမိုင်၊ဘ၀ငါးမိုင်
စိတ်ကူးငါးမိုင်၊အပျင်းပြေငါးမိုင်
ဟုတ်ကဲ့
ကျွန်တော်ဆက်ဆက်ပြောလိုက်ပါမယ်။ ။

ပြေမြင့်
မြားနတ်မောင်၊ဂျူလိုင်၊၂၀၀၃၊စာ-၁၀

တိုင်ကပ်နာရီ

တိုင်ကပ်နာရီ

ခင်ဗျားက
ကိုယ့်အကြောင်းကိုယ်ပြောဖို့ချောင်းနေသူလား၊
ကျွန်တော်က
ကိုယ်အကြောင်းကိုယ်ပြောဆိုခြင်းမှ
ထွက်ပြေးနေသူပါ။

သတိထား
သတိထား...သတိထား
သစ်ပင်အမြင့်ကြီးပေါ်တက်တဲ့အခါသတိထား
ကိုယ့်အကြောင်းကိုယ်ပြောတဲ့အခါ
သတိထား။

ငှက်တွေဟာ ပျံရင်းသေကြတယ်
လူတွေကတော့
ကိုယ့်အကြောင်းကိုယ်ပြောရင်းသေကြတယ်။

သိပ္ပံပညာအကြောင်းဟာ
သိပ္ပံပညာမဟုတ်ပါဘူး
ဂီတအကြောင်းဟာလည်း ဂီတမဟုတ်ဘူး
ခင်ဗျားပြောတဲ့ ခင်ဗျားအကြောင်းဟာ
ခင်ဗျားဖြစ်နိုင်ပါ့မလား။

ပန်းကလေးတွေဟာ
တစ်ပွင့်ပြီးတစ်ပွင့် သူတို့အကြောင်းသူတို့ပြောရင်း
သေဆုံးကြရ၊
ကြယ်ကလေးတွေ
တဖြုတ်ဖြုတ်ကြွေကျနေတာ
သူတို့အကြောင်းသူတို့ပြောနေတာပါ၊
အချိန်တွေ ဘယ်လိုသေဆုံးရတယ်ဆိုတာပြောပြဖို့တော့
တိုင်ကပ်နာရီတစ်လုံးနဲ့မလုံလောက်နိုင်ဘူးပေါ့။

သတိထား
သစ်ပင်အမြင့်ကြီးပေါ်တက်တဲ့အခါ သတိထား။ ။


ပိုင်စိုးဝေ
မြားနတ်မောင်၊ဂျူလိုင်၊၂၀၀၃၊စာ-၉

လမ်းအတိုင်းအတ္ထုပ္ပတ္တိ

လမ်းအတိုင်းအတ္ထုပ္ပတ္တိ

စိတ်အလေကလေး
မိုးသားများလို လွင့်လို့
ရှုခင်းတဆုံးတွေးခေါ်တယ်။

ခေါ်သံများရဲ့ ဟိုးအဝေး
အမေ့ရင်ငွေ့နဲ့လည်း ဝေးလို့ရယ်ပါ...

စိတ်က
စံပယ်လို ၀ုန်းခနဲ ဖွေးဖွေးလှုပ်ပွင့်ချင်ပေမယ့်
ရင်တစ်ခွင်လုံး ကြေကွဲမှုတွေချည့်နိုင်းချင်းခဲ့ရ
အိမ်လွမ်းစိတ်နဲ့ ဆိုတဲ့သီချင်းမှာလည်း
မျှော်လင့်ခြင်းတွေက နိစ္စဓူဝကျွမ်းလောင်လို့။

ဖျတ်ခနဲ ကြယ်ရောင်အလက်မှာ
ငါ့အိပ်မက်တွေ ကြွေကျခဲ့တယ်။

ပြန်မရနိုင်တော့တဲ့ ငယ်ဘ၀မွှေးမြခြင်းများ
လူမသိ သူမသိ ဒုက္ခမိုးမိ ဖျားနာနေရခြင်းများ။

နူးညံ့ဝင်းပသောလေထဲ မိုးသားများနဲ့ အတူလွင့်ခဲ့ရာ
နေ့စွဲတွေ မပြတ်တမ်းစီးဆင်းဆဲ
ငါ့လောင်မြိုက်ခြင်းတွေ ငါကြိုးတပ်တီးခဲ့ရ။ ။


စိုးမင်းအောင်(လသာ)

တေးကဗျာ၊သြဂတ်၊၂၀၀၃၊စာ-၁၂

စကားစမြည်

စကားစမြည်

တံခါးချပ်ကို တွန်းဖွင့်တော့ တနင်္ဂနွေဟာ
နွားနို့ယောင်ဆောင်ပြီးရောက်လာတယ်
ဘာမှမစားချင်ဘူး ဘာမှမသောက်ချင်ဘူး
ဘာမှတေးသီမနေချင်တော့ဘူး
အခိုးအငွေ့လို ပျံတက်သွားဖို့ အရက်ပျံပုလင်းအဖုံးဆီ
စိတ်ရောက်တယ်…။
သိကြတဲ့အတိုင်း
နေထွက်ရာကို မျှော်တယ်
နေ၀င်ရာကို လွမ်းတယ်
တနင်္ဂနွေမှာ သီးခြားအဓိပ္ပါယ်ရှိခဲ့သလား
ကျောပိုးအိတ်လေးထဲ ရဲရဲ ငုံ့မကြည့်ရဲဘူး
တွင်းနက်ထဲ လင်းနို့မည်းမည်း
အမာရွတ်တွေတဖျပ်ဖျပ်ပျံတဲ့ ပဲ့တင်သံကြားရတယ်။
အသက်ရှင်ခြင်းအပေါ် တာဝန်ကျေကျေ
ထမ်းရွက်ခဲ့ပုံများ
ချောကလက်တစ်ခွက်လောက် နှစ်သိမ့်မှုမမည်တော့ဘူး
ဘယ်အားဆေးတွေအားကောင်းနေပါသလဲ
ဘယ်သီချင်းတွေပေါက်မြောက်ခဲ့သလဲ
ရခဲတဲ့ဘ၀မှာ ရခဲတဲ့တရားက ယှဉ်တွဲကျက်စားရာ
ဘယ်ကောင်းမှုကုသိုလ်က ထွန်းညှိခဲ့ပြီလဲ
ကိုယ်တော့ အရသာမတွေ့လှဘူး။ ။

ဝေလင်းမြင့်
(ချယ်ရီ၊ဇူလိုင်၊၂၀၀၃၊စာ-၁၄)

တမလွန်မှ ပို့စကဒ်တစ်စောင်

တမလွန်မှ ပို့စကဒ်တစ်စောင်

ညက
ပို့စကဒ်တစ်စောင်ရောက်လာရဲ့
ဖေဖေ့ဆီက။

သို့---
ချစ်လှစွာသော သားကြီး…။

မှ---
ခမ်းနားသော အချစ်များစွာဖြင့်…
…ဖေဖေ။

ဒုက္ခနဲ့တစ်ခါကြုံတွေ့တိုင်း
တစ်ကြိမ်ရယ်မောပါ။

ကိုယ့်မျက်နှာကို ကိုယ်စောင့်ကြည့်ပါ
စောင့်ရှောက်ပါ။

စိတ်နဲ့ စိတ်ကိုလေးနဲ့မြားလုပ်
ပန်းတိုင်ဆီပစ်လွှတ်
ပြီး…ထပ်ကြပ်မကွာ တန်းတန်းမတ်မတ်
လိုက်သွား…။

လှိုင်းတွေအောက်
ဦးခေါင်း မနစ်မြုပ်ပါစေနဲ့

မနက်ဖြန်တွေကို မမေ့ပါနဲ့

ဖေဖေ…
ကွယ်လွန်ခဲ့တာ
နှစ်တွေကြာပြီပေမယ့်လည်း။

ဖေဖေ့လက်ရေးလေးတွေ
အရင်လို ၀ိုင်းစက်ဆဲ။

ဖေဖေ့ ပို့စကဒ်ထဲက
နှင်းဆီပွင့်တွေ
ဖေဖေ့သွေးလိုပဲ။ ။

ငုအိမ်ထက်မြက်
(တေးကဗျာ၊သြဂုတ်၊၂၀၀၃၊အချပ်ပို-၃)

ဘယ်ဘက်လက်နဲ့ ရေးတဲ့ကဗျာ

ဘယ်ဘက်လက်နဲ့ ရေးတဲ့ကဗျာ

ဒီညကို နံနက်ခင်းဖြစ်အောင် ငါပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဒီသစ်စေ့ကို သစ်တောကြီးဖြစ်အောင် ငါပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဒီသွေးစက်ကို မြို့တစ်မြို့ဖြစ်အောင် ငါပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဘယ်လိုလဲ
စောင့်ရတာများလို့ ပျင်းသွားပြီလား
အဲဒီပျင်းရိမှုကို ပျော်ရွှင်ခြင်းဖြစ်အောင်
ငါကဗျာရေးမယ် နည်းနည်းစောင့်ပါ။ ။

နေမျိုး
(ချယ်ရီ၊ဇူလိုင်၊၂၀၀၃၊စာ-၆)

မေ

မေ

လောင်ကျွမ်းသူ
မိုးနဲ့မြေမကျန် လောင်ကျွမ်းပြီးတော့။

မျှော်နေသူ
နေ့ရော ညပါ မျှော်နေပြီးတော့။

မေက
လူသားဆန်တဲ့ အချစ်သီချင်းဆိုလို့
မေလာပြီ။

ပူပြင်းလောင်မြိုက်ခြင်းများပြီးဆုံးစေဖို့
မေလာပြီ။

ခြောက်ခမ်းနေတဲ့ ရေတွင်းထဲမှာရေ
ခြောက်ခမ်းနေတဲ့ မြစ်ထဲမှာရေ
နှလုံးသားတစ်ခု အက်ကွဲခြောက်ကပ်နေရင်
မေလာပြီ။

မော့ကြည့်လိုက်စမ်းပါတော့
ရှင်သန်ခြင်းကို အသက်ဓာတ်ပြန်သွင်းပေးမယ့်
အစဟာ
မေပေါ့၊မေမုတ်သုန်ပေါ့။ ။

ဇော်ထိန်
(စတိုင်သစ်၊ဇွန်၊၂၀၀၃၊စာ-၁၄)

သစ်သီးတစ်လုံး

သစ်သီးတစ်လုံး

ဒီသစ်သီးဟာ အမေမရှိတော့တဲ့သစ်သီး
ဒီသစ်သီးဟာ ချစ်သူမရှိတော့တဲ့သစ်သီးလို့
ပြောရင် သဒ္ဒါမှန်နိုင်ပါ့မလား။

ဒီသစ်သီးက အထီးကျန်ခြင်းအကြောင်းမပြောဘူး
ဒီသစ်သီးက ဒုက္ခအကြောင်းမပြောဘူးလို့
ပြောရင် သဒ္ဒါမှန်နိုင်ပါ့မလား။

ဒီသစ်သီးက အမှန်တရားအမျိုးမျိုးရှိတယ်လို့
ဒီသစ်သီးက လွင့်မျောခြင်းသီဝရီအတိုင်းနေတယ်လို့
ပြောရင် သဒ္ဒါမှန်နိုင်ပါ့မလား။

ခုပဲ…ဒီသစ်သီးက ကြွေကျလာတယ်
လူတစ်ယောက်က သစ်သီးကြွေတာကို ကြွေတယ်လို့မပြော
မြေကြီးက ဆွဲငင်တာလို့ပြောရင် သဒ္ဒါမှန်နိုင်ပါ့မလား။ ။

ထွန်းဝေမြင့်
(စတိုင်သစ်၊ဇွန်၊၂၀၀၃၊စာ-၉)

မြေသင်းနဲ့မှ မွှေးပါစ

မြေသင်းနဲ့မှ မွှေးပါစ

မိုးသက်လေလေး
မွှေးမြလိုက်တာ…
ဘယ်ဆီမှာများရွာပါလိမ့်။
မိုးသက်မိုးငွေ့၊ ရိပ်ရိပ်ရွေ့တော့
အမေ့စကားကြားယောင်မိ။
“မိုးသံလေသံကြားတော့
ကျွဲများနွားများတောင်မျက်ရည်ကျ
ချည်တိုင်ကို သတိရသတဲ့
ငါ့သားကော ရွာကို သတိမရဘူးလား“တဲ။့
ဟော…ပြောရင်းဆိုရင်း၊လေချိုသွင်း
မြေသင်းရနံ့မွှေးပြန်ပြီ…။
အမေတို့ဆီ၊မှုန်ရီရီနှင့်
ရာသီအစ၊မျိုးစေ့ချဖို့
မြေဆွထွန်နင်း၊တောင်ယာခင်းမှာ
မြေသင်းနံ့မှမွှေးပါစ။ ။

မောင်လင်းကြည်
(စတိုင်သစ်၊ဇွန်၊၂၀၀၃၊စာ-၈)

ခဲတံတစ်ချောင်းရဲ့ ရယ်သံ

ခဲတံတစ်ချောင်းရဲ့ ရယ်သံ

ခဲတံတစ်ချောင်းရဲ့ ရယ်သံကို နားထောင်ရအောင်
သူ့ကို “၀”လုံးတွေချည့် ရေးပစ်တာခံခဲ့ရတော့
သူဟာ“၀”လုံးတွေအကြောင်းပဲ ပြောပြနိုင်တာ ခွင့်လွှတ်ပါတဲ့
ခဲတံတစ်ချောင်းက ရယ်တယ်။

သူရေးခဲ့တဲ့ “၀”လုံးတွေဟာ သန့်ရှင်းစင်ကြယ်ပြီး
မိသားစုတစ်ခုကို ပျော်ရွှင်စေခဲ့တယ်တဲ့
ခဲတံတစ်ချောင်းက ရယ်တယ်။

“၀”လုံးတွေသာမရှိရင် ကမ္ဘာကြီး ဘာဆက်ဖြစ်သွားမလဲ
ဆိုတာကို သူမသိလိုက်ပါဘူး၊ ဒါပေမယ့် သူဟာ “၀”လုံးတွေ
ရေးခဲ့တာကိုပဲ ကျေနပ်ခဲ့ပါတယ်တဲ့
ခဲတံတစ်ချောင်းက ရယ်တယ်။

သူ့ကိုရေးသားနိုင်ဖို့ သူ့ကိုလှီးဖြတ်ပစ်ခဲ့ကြတယ်
အဆုံးထိ လှီးဖြတ်ပစ်ခဲ့ကြတာပါ အဆုံးထိတဲ့
သူဟာ“၀”လုံးတွေသာ ထားရစ်နိုင်ခဲ့တဲ့အတွက်
ပညာရှိများကို တောင်းပန်ခဲ့ပါတယ်တဲ့
အဲဒီနောက်
ခဲတံတစ်ချောင်းရဲ့ ရယ်သံကို ကျွန်တော်တို့ မကြားရတော့ပါဘူး။ ။

နေမျိုး
(စတိုင်သစ်၊သြဂုတ်၊၂၀၀၂၊စာ-၅)

အမည်မဲ့တမ်းချင်း

အမည်မဲ့တမ်းချင်း

အခုတော့
ကမ္ဘာမြေကိုအလင်းမပေးနိုင်သလို
ကိုယ်တိုင်ထွန်းလင်းခွင့်လည်းမရှိတော့
လမ်းဘေးမီးတိုင်ထိပ်က မီးသီးအကျွမ်းလေးဟာ
ငါများဖြစ်နေမလား။

ငှက်တွေလည်း
သဘာဝအတိုင်းသီချင်းသီဆိုရုံကလွဲပြီး
လူတွေလည်း
သဘာဝအတိုင်း ပရိယေသန ၀မ်းစာရှာရုံကလွဲပြီး
ဒီအထဲ
ငါ့တီးလုံးလေးတွေ အကွက်ကွက်ကျကျဆင်မပေးနိုင်တာ
ခက်တယ်။

ကောင်းကင်ရယ်၊ကြယ်တာရာရယ်၊နက္ခတ်ရယ်
ဘယ်လို ယတြာနဲ့မျှအစားထိုးကုမရတဲ့ ငါ့ရောဂါ
အချိန်တန် နေ၀င်မယ်မှန်းသိလျက်
အချိန်တန် ကြယ်ကြွေမယ်မှန်းသိလျက်
စိတ်က
အရုဏ်ဦးဆီငယ်မူငယ်သွေးပြန်ကြွမိတယ်။

ဘယ်တုန်းကမျှ
မျှော်လင့်မထားတဲ့ခဲ့ဖူးတဲ့ဝေဒနာရယ်
ဒီလိုဝဋ်နာကံနာအောက်မှာ
ငါ့ဝါသနာ
တာရိုးကျိုးသွားနိုင်မလား
ငါ့စေတနာ
ရေစီးကမ်းပြိုဦးမလား။

ဘာပဲဖြစ်ဖြစ်
ငါမရှိလည်း
ငါ့ကိုယ်စားအမျှဝေပေးနိုင်မယ့်ကဗျာ
ငါမရှိလည်း
ငါ့ကိုယ်စားပေးစွမ်းနိုင်မယ့်အလင်း
ကမ္ဘာတည်သရွေ့သင်းစေသတည်း။ ။

ကောင်းယဉ်မြင့်
(မြားနတ်မောင်၊ဇွန်၊၂၀၀၃၊စာ-၉)

ဒါတွေဟာ အရေးအသားတွေ

ဒါတွေဟာ အရေးအသားတွေ

ဂျင်းဘောင်းဘီဒီဇိုင်းတွေ ခေတ်ပြောင်းသွားသလိုမျိုး အရင်လို ရေးရစပ်ရမှာကို ပျင်းအီလာတော့
ပုံစံသစ်ရှာကြပြန်တယ် တခြားဆီက စာသားကိုယ်ထည်အပေါ် ကိုယ့်ဥာဏ်ရည်အလိုက် လှီးထုတ်တွဲစပ်
ရေးတယ် ပညာရပ်ဆိုင်ရာ ဘာသာစကားတစ်ခုခုကို တည်မှီပြီးတော့လည်း တည်ဆောက်သင့်တည်ဆောက်တယ်
အများသုံးဗန်းစကား အရပ်စကားတွေနဲ့ တန်ဆာဆင်ရေးလည်း ဖြစ်နေတာပဲ လမ်းကြောင်းဟာ ပြောင်းလာတယ်ပေါ့
သိသာသူနဲ့ မသိသာသူဆိုတာတော့ ကွဲပြားမယ် ဖတ်ရှုရခက်ခဲတာကို သန်တော့လည်း ခက်ပေါ့ လွယ်တာသန်ရင်
တော့လည်း လွယ်ပေါ့ လွတ်လပ်နေဖို့က အဓိက အချုပ်အနှောင်တစ်ခုခု အရိပ်သြဇာတစ်ခုခုနဲ့ ငြိနေရင်တော့
သိပ်မဟန်တဲ့ ဟန်လို့ပြောကြတယ် ကမ္ဘာကြီးက အငြိမ်မနေတော့ ကျန်တာတွေပါပြောင်းကုန်တာပေါ့လေ ဆိုပါတော့
အင်တာနက်၊နာဂစ်၊သမတ္တအိုဘားမား၊မြန့်မာ့ပရိုလိဒ်ဘောလုံးပြိုင်ပွဲ စသဖြင့် အများကြီးပါပဲ နေ့စဉ်သုံးဘာသာစကား
ကို အခြေပြုပြီး နေ့စဉ်တိုင်း ရရှိတဲ့ အရေးအသေားတွေကို ကဗျာအဖြစ် ဖန်တီးလာကြတယ် အဲ ဖန်တီးတယ်မပြောဘဲ
ထုတ်လုပ်လာကြတယ်လို့ပြောရင် ပိုမှန်မလားပဲ ကြုံဆုံနေရတဲ့ အ၀ိုင်းအ၀န်းဆီကနေလည်း နှိုက်ထုတ်တယ် မြင်ကြားနေရတဲ့
သတင်းအချက်အလက်တွေကနေလည်း ခြစ်ယူတယ် တိုးတက်လာတဲ့ နည်းပညာတွေကနေတဆင့် ညှစ်ချတာလည်း
ရှိမယ် တစ်လုံးရတစ်လုံး တစ်ကြောင်းရတစ်ကြောင်း တစ်ပုဒ်တစ်ပုဒ် ရသလောက် သဲ့ယူတယ် တိုက်ယူတယ်
အရင်လို ရေးထားတာလားမေးရင် မဟုတ်ဘူးဖြေမယ် ဘယ်လိုမဟုတ်တာလဲဆက်မေးရင်
ဖင်ကုတ်ခေါင်းကုတ်လုပ်ပြီး ထွက်သွားမယ် သွားမလုပ်နဲ့ ဒါတွေဟာ အဖွဲ့အနွဲ့တွေမဟုတ်
တော့ဘူး အရေးအသားတွေ အရသာရှိစွ။ ။


လွန်းဆက်နိုးမြတ်
၂၇.၁၀.၀၉
ည၁၁း၄၄နာရီ

ဂြိုဟ်သားမှတ်စု

ဂြိုဟ်သားမှတ်စု


လူ
စီးကရက်သောက်တယ်။
သောက်ပြီး ဖြစ်သလို လွှင့်ပစ်တယ်။
ကွမ်းယာစားတယ်။
စားပြီး နေရာတကာ တပျစ်ပျစ်ထွေးတယ်။
အရက်သောက်တယ်။
မူးလာရင် ကြုံတဲ့နေရာ လက်ထိုးအန်တယ်။
တာဝန်ယူချင်စိတ်နည်းပြီး အချောင်ရလိုစိတ်များတယ်။
ငြိမ်းချမ်းရေးအတွက် ဥပဒေအမျိုးမျိုး ပြဒါန်းတယ။် ငြိမ်းချမ်းရေးအတွက်ပဲ
ဥပဒေအမျိုးမျိုး ပြောင်းလဲကျင့်သုံးတယ်။
နက္ခတ်တာရာတွေ ကြည့်ပြီး ပြက္ခဒိန်ထုတ် သက္ကရာဇ်တွေ လုပ်တယ်။
ပြီးတော့လည်း အဲဒီ့ သက္ကရာဇ်တွေ ပြန်ဖြိုတယ်။
“တစ်ရွာမပြောင်း သူကောင်းမဖြစ်”
“သေချင်တဲ့ကျား တောပြောင်း”
အဲသလို ရှေ့နောက်မညီတဲ့ စကားပုံတွေနဲ့ အပင်ပန်းခံတယ်။
မြင်တဲ့အရာထက် မမြင်ရတဲ့ အရာကို ပိုစိတ်ဝင်စားတယ်။
လက်နှစ်ဖက်တည်းရှိလည်း အမြဲတမ်း လက်နှစ်ဖက်မက ပိုင်ဆိုင်ချင်တယ်။
မွေးဖွားတာနဲ့ သေဆုံးတာကြားမှာ ရသလောက် အပါးဝတယ်။
ကိစ္စတော်တော်များများပြုလုပ်နိုင်တော့
ဘာမဆို လူလုပ်ရင် ဖြစ်တယ်လို့ ထင်ကြတယ်။
ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တယ်။
တားမြစ်ထားတာ အကုန်လုပ်တယ်။

ဘာသာတရား
အမျိုးမျိုးအစားစားရှိကြပေမယ့်
အကြမ်းဖျဉ်းတူတယ်။
ကုသိုလ်နဲ့ အကုသိုလ်ရှိတယ်။
ငရဲနဲ့ ကောင်းကင်ဘုံရှိတယ်။
အစွန်းရောက်ဝါဒီတွေ ရှိသလို ဘာသာမဲ့ဝါဒီတွေလည်း ရှိတယ်။
အကောင်းမြင်စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးကို ရှေးရှုတယ်။
ဘယ်သူမှ မရောက်ဖူးတဲ့ အကြွင်းမဲ့ ချုပ်ငြိမ်းရာနဲ့ မျှားတယ်။

နည်းပညာ
ကမ္ဘာကို ရွာဖြစ်အောင်လုပ်တယ်။
ဘာပစ္စည်းပဲဖြစ်ဖြစ် ပိုသေးသထက်သေးအောင်
ပိုမြန်သထက်မြန်အောင် ပိုစွမ်းသထက်စွမ်းအောင်
အပြိုင်အဆိုင်ထုတ်လုပ်တယ်။
ဂြိုဟ်သားပေါက်စလေးတွေ လက်ရေးလှလေ့ကျင့်သလောက်
ဥာဏ်ထုတ်တယ်။

ငွေ
လိုအပ်သမျှကို
ပေးချေလဲလှယ်နိုင်တဲ့ ပစ္စည်း။
စိတ်ဝကမြန်စေသလို စိတ်ကျလည်းမြန်စေတယ်။
အသုံးလွယ်သလောက် ရှာရခက်တယ်။
ငွေကို ရေ၊မန်းနီး၊အာရကေ၊ပိုက်ဆံ
အဿပြာ၊ဖွတ်ကလိဒင်္ဂါး
စသဖြင့် အမျိုးမျိုးသုံးနှုန်းတယ်။
မမြင်ရတဲ့ ခြေထောက်သုံးချောင်းရှိတယ်။
လူပြိန်းတွေအတွက်
ဒုတိယမြောက်ဘုရားသခင်။

ယဉ်ကျေးမှု
ဂူနံရံမှာ ပုံတွေ လျှောက်ခြစ်တယ်။
အသားကို မီးနဲ့ အပူပေးပြီး စားတယ်။
ဘာသာစကားတီထွင်တယ်။
ပိရမစ်ဆောက်တယ်။
လက်ညှိုးထိုးမလွဲ ဘုရားစေတီတွေတည်တယ်။
ကျိန်စာကို ကျောက်စာမှာ ထွင်းတယ်။
သစ်ရွက်ကနေ ဂျင်းထိအောင် အရှက်ဖုံးတယ်။
ဂူထဲက ထွက်ပြီး မိုးပျံတိုက်တွေပေါ်
ဓာတ်လှေကားနဲ့ တက်တယ်။
ပြတိုက်ဆောက်တယ်။
ရုပ်တုလုပ်တယ်။
ပစ္စည်းဟောင်းကို ဈေးကောင်းကောင်းနဲ့
ရောင်းဝယ်တယ်။

အနုပညာ
ဂြိုဟ်သားတွေ နားမလည်တဲ့အရာ။
လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အန္တရာယ်များတယ်။
ထိန်းချုပ်ရခက်တယ်။

ချစ်ခြင်းမေတ္တာ
၁၅၀၀နဲ့ ၅၂၈
အရေအတွက်နှစ်မျိုးပဲရှိတဲ့ သင်္ချာ။
အလကားနေရင်း ခံစားတယ်။
ဆန့်ကျင်ဘက်လိင်အတွက် စစ်ဖြစ်တယ်။
ပူလောင်တယ် ပူလောင်တယ်ပြောပြီး
မကြာခဏ ပျော်ပျော်ကြီး ခုန်ချတယ်။

သဘာဝ
ဖြစ်တယ်။
ပျက်တယ။်

ကမ္ဘာ
မိမိဝင်ရိုးပေါ်မှာ
၂၃-၁/၂ ဒီဂရီတိမ်းစောင်းလည်ပတ်တယ်။
လွင့်မျောဆဲ ဆပ်ပြာပူဖောင်းကြီးနဲ့
တူတယ်။
လူ၊ဘာသာတရား၊နည်းပညာ၊ငွေ၊ယဉ်ကျေးမှု
အနုပညာ၊သဘာဝနဲ့ ချစ်ခြင်းမေတ္တာ
စတာတွေအပြင် တခြားသက်ရှိသက်မဲ့
အရာဝတ္ထုအမျိုးမျိုးရှိတယ်။
ဂြိုဟ်သားတွေ ခရီးတထောက်ရပ်နားရာ နယ်မြေ
စွန့်ပစ်ပစ္စည်းနဲ့ ကြွပ်ကြွပ်အိတ်ပေါတယ်။
ကွန်ဒုံးတွေ လိုသလောက် ရတယ်။ ။


လွန်းဆက်နိုးမြတ်
၃၁.၈.၀၉
နေ့လည် ၀၉း၄၆နာရီ

ရာသီဖျား

ရာသီဖျား

ဖျားပြီဆိုတော့ ကိုယ်တွေလက်တွေနာတာပေါ့
ဒါကိုပဲ ဖျားနာတာလို့ ခေါ်သလားမသိဘူး
ချောင်းဆိုးတိုင်း လည်ချောင်းထဲမှာ ချွဲတွေက ကျပ်ခဲနေသလို ခံစားရတယ်
လေကိုတောင် အားတင်းပြီးလည်ရတာ ဆီးသွားတဲ့အခါ အထဲက နည်းနည်းအောင့်တယ်
သက်ပြင်းထဲမှာ အဖျားငွေ့လို့ ဆိုရင် ဆိုနိုင်မယ့် အာငွေ့တွေ တဟူးဟူး မျက်လုံးတွေ စပ်ဖျင်း
ဖျင်းဖြစ်နေတယ် တစ်နေရာကနေ အခြားတစ်နေရာကို ရောက်ချင်ရင် တစ်ယောက်ယောက်ရဲ့
နာမည်ကို လှမ်းခေါ် အသံပြုရတယ် အနီးနားမှာ အဲဒီ့တစ်ယောက်ယောက်ကို ရှိလည်းရှိစေ
ချင်တယ် ရှိလည်း မရှိစေချင်ဘူး ကုတင်ပေါ်လှဲပြီးရင် အပေါ်တည့်တည့်က မီးချောင်းကို ပိတ်
ပစ်မှ ရတယ် အဲဒီ့လို အလင်းစူးစူးတွေ မခံနိုင်ဘူး သာမန်အလင်းရောင်လေးကိုတောင် စူးလွန်း
တယ်ဆိုပြီး ငြင်းဆန်မိတဲ့ အချိန်မျိုး ချောင်းဆိုးရင် ကွယ်ဆိုးဖို့နဲ့ နှာရည်တွေကို သုတ်ရ
အောင် လက်ကိုင်ပုဝါတစ်ထည် ကိုယ်နဲ့မကွာဆောင်ထားရတယ် အားနည်းတာကြောင့်လို့ ပြော
ရမလားပဲ အကူအညီမပါဘဲ လမ်းနည်းနည်းလျှောက်မိတော့ စိတ်နဲ့ကိုယ် မကပ်သလို လွင့်လွင့်
သွားတယ် ချွေးစေးတွေ ထွက်ပြီးသွားတိုင်း အ၀တ်အစားကို တစ်ကြိမ်လဲလှယ်ဝတ်ဆင် ဘာစားစား
နှုတ်ခမ်းထဲမှာ ခါးသက်ပြီး ကျန်နေတာ အော်ဂလီဆန်တယ် အခန်းငယ်ထဲ အထီးကျန်မှုကို
ခါတိုင်းထက် ပိုအကျွမ်းဝင်ရသလို အသေးအမွှား အဆင်မပြေမှုလေး တွေ့ရင်တောင် စိတ်မရှည်ဘူး
ဘ၀တစ်လျှောက်လုံး မလုပ်ဘဲ ပေါ့လျော့ခဲ့တဲ့ အခွင့်အရေးတွေအတွက် ခုမှ အလျင်အမြန်
ကောက်ကာငင်ကာ ထလုပ်ချင်နေတာ အဖျားမိခြင်း ခံစားမှုအများကြီးထဲက
တစ်ခုပဲဖြစ်ပါလိမ့်မယ်။ ။


လွန်းဆက်နိုးမြတ်
၂၇.၆.၀၉
ည၁၀း၄၂နာရီ

Monday, April 5, 2010

မှန်ကွဲစများ

မှန်ကွဲစများ

ငါတို့ရဲ့အပေါ်
ကဝေအလင်းလက်ချောင်းတွေ ဖြာကျလာတော့
ဝေးလို့ဝေးမှန်းမသိအောင် ဝေးခဲ့ကြရ။

နတ်ဆိုးတွေတီးခတ်တဲ့ ပတ္တလားသံတွေကြောင့်ပဲ
ရင်ဘတ်ထဲက နှင်းဆီပွင့်လေး အငွေ့ပျံ
ပန်းအိပ်မက်တစ်ပုဒ် အရေခွံကွာကျ
ကောင်းကင်မှာ မီးလျှံစဖရိုဖရဲနဲ့…

မှားခဲ့တယ်၊မှားခဲ့တယ်၊မှားခဲ့တယ်
အိမ်ပြန်ချိန်တိုင်း သွက်သွက်ခါအောင် လွမ်းဆွတ်တဲ့စိတ်
ကျိန်စာအက်ခရာတွေ ခန္ဓာကိုယ်မှာ သေရာပါကုပ်တွယ်လို့
လူမသိသူမသိ တိမ်မည်းတွေဖုံးအုပ်သွားတဲ့ အနမ်းဖျော့ဖျော့များ
ပျောက်ရှပဲ့ကြွေ အဝေးသို့ လွင့်ပါးတယ်။
ချည်နှောင်ခွင့်တချို့ပြန်ပြီးရနိုင်ပါတော့မလား
အထီးကျန် ပင်လယ်ကမ်းစပ်ပန်းချီကားတစ်ချပ်ပေါ်
သွေးစက်တွေပေစွန်းနေ
လည်ချောင်းထဲ ကြယ်တံခွန်ပျက်တွေ တဝေါဝေါပြိုဆင်း
အဆုံးမသတ်တဲ့ ဆုတောင်ုးခင်းများနဲ့သာ နာဖျား
နေရာဟောင်းလေး ပြန်မသွားဖြစ်ဘူး။

တကယ်ဆိုရင်
ဓားရွက်တစ်ခုက နှလုံးသားကို
ယိမ်းသွဲ့သွဲ့လှီးဖြတ်သွားတာပါ…မချယ်ရီ။ ။

လွန်းဆက်နိုးမြတ်
(ချယ်ရီ၊ဇူလိုင်၊၂၀၀၁)

အလေ့အထ

အလေ့အထ

အားလုံးဟာ ရုပ်ရှင်ထဲက အတိုင်းပါပဲ
အမှိုက်ကစ ပြသဒ်မီးလောင်ခဲ့ပါတယ်
ဒါဟာ နေညိုချိန်မှာ
နေသားတကျ ဖြစ်သွားတဲ့ ရူးသွပ်မှုပါ
ကျွန်တော်ကလည်း ကျွန်တော်အလျောက်
မုန်တိုင်းကလည်း မုန်တိုင်းအလျောက်
ပြသနာက
မီးခိုးကြွက်လျှောက်ဖြစ်ခဲ့
တစ်ဖက်အသင်းဟာ ကန်သွင်းခွင့် ပိုရခဲ့တယ်
ကျွန်တော့်မှာ
ခြေသံကြားရင်တောင် ရင်ထိတ်မိပါရဲ့
အိမ်ဝမှာလည်း ဘီလူးနှစ်ကောင်ရပ်စောင့်လို့
စက်ခလုတ်တွေ တပ်ဆင်ထားတဲ့ ချစ်ခြင်း
ပြောပါ
ဘ၀ကို ဘေးမျဉ်းမတားပဲရေးမိတဲ့အခါ
ဘယ်သူက လက်ဆစ်လာခေါက်မှာလဲ
နာကျင်မှုတွေကြားမှာ ညပ်နေတဲ့ အပြုံး
အားလုံးဟာ ဆိုပြီးခဲ့သလို
တကယ့်ကို ရုပ်ရှင်ထဲက အတိုင်းပါပဲ
အလွမ်းကို
ဖုန်တွေဘာတွေမတက်အောင်
ပလတ်စတစ်လောင်းထားလိုက်တယ်
ဇာတ်လမ်းအဆုံးရောက်ရင်
ကျွန်တော်က ဒါပဲပိုင်မှာမို့လို့ပါ။ ။

လွန်းဆက်နိုးမြတ်
(၂၀၀၅)

မီးစ

မီးစ


ချစ်ခြင်းတရားမှာ
အထိနာခဲ့တယ်။
ဘ၀ရဲ့ ဖြစ်တည်မှုအားလုံး
အကိုင်းအခက်ပါမကျန် ရိုက်ချိုးခံလိုက်ရ
ကိုယ့်ရိုးဖြောင့်မှုကို
ဘယ်လို လက်ထိုးအန်ချပစ်နိုင်မှာတဲ့လဲ
ဥမင်လှိုဏ်ခေါင်းလို
မသိနားမလည်ခြင်းများ
နက်မှောင်လျို့ဝှက်မှုများ
ဘယ်သော့နဲ့မှ ဖွင့်မရနိုင်ခဲ့ဘူး။
တက်ခေါက်သံတစ်ခုအဆုံး
ဒိုင်ယာရီကြားက
စွယ်တော်ရွက်တွေ ဆွဲထုတ်မီးရှို့ပစ်တယ်။
ဒဏ်ရာနဲ့ ပြုလုပ်ထားတဲ့
ကန္တာရလွင်ပြင်ဆန်ဆန် တီးလုံးတွေသာ
စီ(၆၀)တစ်ခွေစာ ပြည့်လို့။

လက်နှစ်ဖက်နောက်ပစ်ပါ
ခေါင်းကလေးမော့ပါ
တခစ်ခစ်ရယ်ပါ
ဒီမှာတော့ တေးမျှော်ပုခက်ထဲ
အိပ်မက်တွေ သွေးထွက်သံယိုဖြစ်ခဲ့ပြီ။ ။

လွန်းဆက်နိုးမြတ်
(၂၀၀၅)

သက်တော်စောင့်

သက်တော်စောင့်

နတ်သမီးတွေ တီးခတ်တဲ့
ဗျတ်စောင်းသံချိုချိုနဲ့ပဲ
အိပ်စက်ပါတော့…ကောင်မလေးရေ

လေပြင်းတွေလည်း
တိုးတိုးသာသာ ပြေးဆော့ပေးကြ
ကောင်းကင်မှာ နက်ခတ်စုံစေရမယ်။

လရောင်ကမွှေးမွှေး
စမ်းချောင်းကလေး ငြိမ်သက်စွာ စီးဆင်းတယ်။

ကောင်မလေးရေ
ပူလောင်တာတွေ ခ၀ါချပြီး
နွေးထွေးတိတ်ဆိတ် အိပ်စက်ပါတော့…

ပန်းအိပ်မက်တစ်ပုဒ်
လှပစွာ မက်ရဖို့အတွက်
မိစ္ဆာအထပ်ထပ်ကို
ငါ့ဓားနဲ့ အပိုင်းပိုင်း ခုတ်ဖြတ်ပေးပါ့မယ်။ ။

လွန်းဆက်နိုးမြတ်
(၂၀၀၀)

ဝင်္ကပါ

ဝင်္ကပါ

နှင်းတောထဲထိုင်ပြီး
ရင်ဘတ်တစ်ခုလုံး
ပြာရော်သွေးဆုတ်သွားတဲ့အထိ
မင်းနာမည်လေး အော်ခေါ်နေမိတယ်။

နာမကျန်းဖြစ်နေတဲ့
ကြောင်ပေါက်စနလေးဟာ
ငါပေါ့။ ။

လွန်းဆက်နိုးမြတ်
(၂၀၀၄)

ဆောင်းနတ်သမီး

ဆောင်းနတ်သမီး

နှင်းခိုးအိပ်မက်တွေပဲ ပေးသွားတယ်
နောက်…ဆောင်းကို တရှိုက်ကြီးပွေ့ပြီး
ပြန်သွားတယ်။

ပြန်မသွားခင်မှာ
လက်ကျန်မြူငွေ့တွေကြားကနေ
သွယ်ပြောင်းအေးစက်တဲ့ လက်ချောင်းအစုံနဲ့
နှလုံးသားကို နှိုက်ယူသွားသေးရဲ့။ ။

လွန်းဆက်နိုးမြတ်
(၂၀၀၁)

အလွမ်း

အလွမ်း

မိုးလင်းကတည်းက
အရိုင်းဆန်တဲ့ ဂစ်တာရိုက်ချက်တွေနဲ့အတူ ကြေကွဲ
အပြစ်အနာအဆာမဲ့
အေးတိအေးစက် စကားသံလေးကိုမှ
နားထဲမှာ မကြာခဏ ကြားယောင်မိ
ရုန်းကြွတောက်ပခဲ့တဲ့ နေ့စွဲဟောင်းတွေ
ဘယ်လိုမှ ပြန်ပြီးတူးဖော်မရတော့ဘူး
ဝင်သက်ထွက်သက်များက မီးကျွမ်းသလို ပူပြင်းနေဆဲပါ
မျက်ရည်ဝဲ၀ဲနဲ့ပေါ့
ရထားဥသြသံလေးက ငါ့ကို သူမဆီ ပြန်ပို့ပေးတယ်။ ။

လွန်းဆက်နိုးမြတ်
(၂၀၀၁)

အရိုးခေါင်းပုံလက်ကိုင်ပုဝါ

အရိုးခေါင်းပုံလက်ကိုင်ပုဝါ

စနေပြီးရင် တနင်္ဂနွေလာမယ်
ငကန်းသေတော့ ငစွေပေါ်မယ်
ခက်ခက်ခဲခဲရယူထားတဲ့ ရည်းစားကိုလည်း
စိတ်တိုင်းမကျလို့ ဖြတ်တောက်မယ်
တီဗွီစခရင်းမ်ပေါ်မှာ ယင်နှစ်ကောင်က နားခိုလို့
မြင်ကွင်းမရှင်းတော့ ပိတ်ပစ်တယ်
အပြင်ဖက်မှာ ဖားကို မြွေကိုက်တဲ့အသံ
သူ့အတိုင်းထားလိုက်တယ်
H5N1 H5N1
ပြီးခဲ့တဲ့ ၂၀၀၆ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်ဇယား
နံရံမှာ ခုထိ ကပ်ထားတယ်
ဒုတိယအကြိမ် ဖူဆယ်လ်ဝင်ခွင့်ကတ်ပြား
ပိုက်ဆံအိတ်ထဲ ခုထိ ထည့်ထားတယ်
တစ်ချို့ကိတ်စတွေက ရှုံးနိမ့်ပေမယ့်
ကျေနပ်မြတ်နိုးတတ်ခဲ့
H5N1 H5N1
အမှုဖြစ်ပွားရာ နေရာက ဒီမှာ
ခံစားလွယ်တော့ ရင်ဘတ်ကြီးနာကျင်တယ်
ထိုးမိတဲ့ လက်သီးက နံရံပေါ်ချည်းပဲ
စောင့်ဆိုင်းမှုကိတ်စမှန်သမျှ စိတ်ကုန်တယ်
ခေတ်က အံစာတုံးကို မြန်မြန်ပစ်ကြဲ
ကျလာတဲ့ အပွင့်အတိုင်း မြန်မြန်ပျော်ရွှင်
လစ်ရင်လစ်သလို လမ်းဖြတ်ကူးမယ်
ပြောင်းပြန်လှန်ဝတ်ထားတဲ့ တီရှပ်က အနက်ရောင်
အချစ်ဆိုတာ အိမ်သာတက်ပြီး ရေကြိုးဆွဲချခဲ့ဖို့ပဲ
ဂဏန်းသင်္ချာ၊ပိုးဟပ်၊ ဆုတံဆိပ်နဲ့ သေမင်းတို့ကို မေ့လျော့ကာ
လူထူထူမှာ ဦးထုပ်ကို လျှာကွေးပြီး ဆောင်းတယ်
လူငယ်ပီပီ အရိုးခေါင်းပုံနဲ့ လက်ကိုင်ပုဝါလေး
ဂျင်းဘောင်းဘီအိတ်ထဲ ထိုးထည့်တယ်။ ။

လွန်းဆက်နိုးမြတ်

ခဏရပ်တန့်ထားခိုက်

ခဏရပ်တန့်ထားခိုက်

ငါ့အခန်းနံရံပေါ်မှာ
အ၀ါရောင်ကြောင်ရှိတယ်
ငါ့အီးမေးလ်အကောင့်ထဲမှာ
နောက်ကျောကိုပဲ ရွေးထိုးတတ်တဲ့ ဓားတစ်လက်ရှိတယ်( ငါဘယ်တော့မှ ဖွင့်မကြည့်ဘူး)
ငါကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်ကားက ရုံမတင်တော့ဘူး
ငါချစ်ချင်တဲ့ မိန်းမက မမွေးဖွားတော့ဘူး
ဆံပင်ရှည်ပြန်ထားမယ်
ပိုက်ဆံရှာနည်းသင်ရမယ်
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရခဲ့တဲ့ အတွေ့အကြုံအရ
ရက်စက်တတ်ဖို့နဲ့ ရယ်မောတတ်ဖို့ ငါ အချိန်ပေးလေ့ကျင့်ရမယ်( ဗီဇအရ သိပ်တော့မလွယ်ကူ)
ငါကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ ပညာက ခေါင်းကြောမာခြင်း
ဂျင်းဘောင်းဘီနဲ့ တီရှပ်အသစ်မ၀တ်နိုင်တာကြာပြီ
ငါပန်းခြံတွေကို ရှောင်ကွင်းပြီး လမ်းလျှောက်တယ်
ဘုရားမသွားဖြစ်ဘူး(သရဏဂုံတော့အမြဲတင်တယ်)
ဘာပဲလုပ်လုပ် အရင်ကထက် ငါပိုတွေးတယ်
တွေးသလောက် ယုံကြည်မှုမဲ့တယ်
ငါ့လက်ထဲ ဘာမှ ကိုင်မထားတဲ့ နေ့ရက်တွေဆို
မြစ်ဆိပ်ဖက် ငါရောက်တယ်
လူတွေ အရိုးစွဲပြီးသား သတင်းက
ငါဟာ ချောင်နေတဲ့မူလီ လွတ်နေတဲ့မှန်ကွဲစ
လူခြေတိတ်တဲ့ တချို့ညတွေမှာ
တိတ်တိတ်လေး ငါငိုကြွေးတယ်(ကိုယ့်ကိုယ်ကို ဘယ်လိုမှ ညာလို့မရတဲ့အချိန်တွေ)
ငါ အခု အရင်က ပြီးခဲ့တာတွေ ပြန်မတွေးဘူး
တခြားသူတွေ သတိမထားမိသလို
ငါ့လက်ဖျံပေါ်က အရှုံးအနိမ့်ဆန် ဒဏ်ရာတွေကို ငါမမြင်ဘူး
ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ် မွေးနေ့တွေကို ငါမုန်းတယ်
ကိတ်စအတော်များများကို ငါအမြဲနှစ်ခါပြန်လုပ်ရတယ်(အချစ်ရေး နှစ်ခါပြန် သစ်စာဖောက်ခံရတာအပါအ၀င်)
ဘ၀က အသက်ကြီးလာလေလေ
ကြယ်ကြွေညတွေ များလာလေလေ
ငယ်ငယ်တုန်းကလို ပြန်ဖြူစင်မလားအထင်နဲ့
မူကြိုကျောင်းရှေ့ ငါသွားထိုင်တယ်
လေထဲက အဓိပ္ပါယ်မရှိတဲ့ စက်ကူစွန်တွေကို အဓိပ္ပါယ်ရှိရှိ ငါငေးတယ်(အဓိပ္ပါယ်ဆိုတာဘာလဲ)
အရပ် ၅ပေ ၇လက်မခွဲ ကိုယ်အလေးချိန် ၁၅၀ပေါင်
ချစ်မှုပြုတာနဲ့ ဘောလုံးကန်ရတာကြိုက်သူ
ငါ့သရုပ်မှန်ဟာ စိပ်မွှာတွန့်ခေါက်နေတဲ့ နှင့်ဆီပွင့်ဖတ်တွေလား
လူမှုဒုတ်ခတွေအတွက် မရေရာဝိုးတ၀ါး အဖြေထုတ်ရင်း
တောထအောင် ပိန်းပိန်းပိတ်နှင်းမြူတွေရဲ့
မနက်ခင်းမှာ ထိုင်မိတယ်
အရိုးကွဲမတတ်နှင်းတွေအေးစက်နေလည်း
ပူလောင်မှုနဲ့ ငါ့အရေပြားဟာ အငွေ့တအူအူ
ငါ့အသေားအရေက ဟိုတုန်းကလောက် မဖြူတော့။ ။

လွန်းဆက်နိုးမြတ်

မင်္ဂလာဦးည

မင်္ဂလာဦးည

ရော့…
တလွမ်းလွမ်းတဆွတ်ဆွတ်နဲ့
ယုယမွေးမြူခဲ့တဲ့ ငါ့အဖြူထည်ဝိညာဉ်
ကောက်ရိုးမီးတောက်လို့ မင်းတို့တွေ ထင်မြင်ရိုးသွပ်ထားကြတဲ့
အစမ်းသပ်ခံစိတ်လက်အင်္ဂါတွေထဲက ငါ့အစွဲအလမ်းကြီးမြတ်မှု
ဆွဲဆွဲဖွင့်ပြရတာ များလွန်းလို့
ကုတ်ခြစ်ရာပရပွ အသားဖတ်တွေပြဲလန်နေတဲ့ ငါ့ရင်ဘတ်သား
နိုင်သလောက်ရွက်ကုန်လွှင့် ဒုန်းစိုင်းအားထည့်ကာ
အမှောင့်ပယောဂတို့ ထူထပ်ပြည့်သိပ်လွန်းတဲ့ ဖုန်ထောင်းထောင်းထ
ငါ့ ကြယ်စင်ဆီ သွားရာလမ်း
ရော့…
ခါးသီးပူလောင်ကန္တရလွင်ပြင်ပေမယ့် ခုနေခါ လှပစွာဖူးပွင့်ပြီဖြစ်တဲ့ ငါ့ဥယျာဉ်
ဆူးခြုံတောတွေ တစ်တောတစ်တောင်လုံး ဖုံးလွှမ်းထားတာတောင်
ခဲရာခဲဆစ် ဖောက်ထားတဲ့ ငါ့လမ်းသွယ်
ကြည့်လေတိုင်း မွဲပြာခြောက်သယောင်း သစ်ငုတ်တိုတွေပြည့်ခဲ့ပေမယ့်
စွမ်းသမျှလေးနဲ့ သွေးသားခြင်ဆီတို့ လောင်းထည့်စိုပြေစေခဲ့တဲ့ ငါ့တောင်ကုန်းမို့မို့
ချောင်းမြောင်းတိုက်ခိုက်ဖို့ အနားမှာ အသင့်ရှိနေတတ်တဲ့ ၀ံပုလွေအုပ်စုအတွက်
ကျားကုတ်ကျားခဲ ရဲရင့်စောင့်ကြပ်နိုးကြား ငါ့ခွန်ငါ့အား
ပွက်ပွက်မြည်အောင် ထိုးစိုက်နေတဲ့ နေဆယ်စင်း အရှိန်အောက်မှာ
သွေးအန်မတတ် မေးမြမှုကို ပျိုးယူထား ငါ့အရိပ်အာဝါသ
ပိန်းပိန်းပိတ်မည်းမှောင်ညကိုဖောက်ပြီး လင်းချင်းဖို့
မီးတုတ်တစ်ခုလို
ထိုးစိုက်ထွန်းညှိထားတဲ့ ငါ့နှလုံးအိမ်
အထည်ကြီးပျက်ဖုန်းဆိုးမြေသားပေါ်
ရာသီများစွာ ခုတ်ထွင်စိုက်ပျိုး အရိပ်တကြည့်ကြည့်ရှိခဲ့တဲ့ ငါ့ယာခင်း
အမြဲတမ်း ပက်ကြားအက်ရာတွေထဲ ကျွံကျွံကျနေတတ်လည်း
ခုတော့ညီညာသာယာတဲ့ ငါ့ခြံမြေတလင်း
ရော့…ယူဦး
ငါ့ သွေးအလိမ်းလိမ်း စုတ်ပြတ်သတ်လက်ချောင်းများ
ငါ့ ကျောပြင်ပေါ်က တစ်ဘ၀စာလောင်မီးကျကြာပွတ်ဒဏ်ရာ
ငါ့ အသင်္ချေနဲ့ ကမ္ဘာများစွာ မျိုသိပ်ကြိတ်မှိတ်ရမှုမှတ်တမ်း
ငါ့ ဖန်ဂေါ်လီလို ကြောင်စီစီမျက်လုံးတစ်စုံ
ရော့…
ရော့…
ယူပါလေ…ရော့
မိန်းမတစ်ယောက်ရဲ့ ပိုင်ဆိုင်သမျှဌာန်ကုန်
အားလုံး ရှင့်အတွက်ပါ။ ။

လွန်းဆက်နိုးမြတ်

ကျောနံပါတ်(၁၃)

ကျောနံပါတ်(၁၃)

ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့
သွေးတွေ ပန်းကျလာတယ်
ထိတ်လန့်တကြား နောက်အဆုတ်
ကြမ်းပြင်ပေါ်က
ပြန့်ကျဲနေတဲ့ ပုလင်းကွဲစတွေနင်းမိတယ်
နာကျင်စွာ ပြေးထွက်လိုက်တဲ့အခါ
ချောက်ချောက်ချားချားအော်သံတစ်ခု
ဘယ်ကမှန်းမသိ ကြားရတယ်
ဘေးဝဲယာဆီ အလျင်စလို ကြည့်မိတော့
လျှပ်စီးကြောင်းတွေလို
ဖြည်းဖြည်းချင်း အက်ကွဲစပြုလာနေတဲ့
နံရံတံတိုင်းလေးဖက်ကို မြင်တယ်
ဘာ့ကြောင့်နဲ့ ဘာလုပ်မလဲကိုတွေးနေတုန်း
ဗြုန်းဆို မြေငလျင်တစ်ချက်လှုပ်သွားတယ်
သတိထားပြီး ခေါင်းအမော့မှာ
တည့်တည့်ကြီး ပြုတ်ကျလာတာ
တ၀ီဝီလည်မွတ်နေတဲ့
ပန်ကာ။ ။

လွန်းဆက်နိုးမြတ်

ခခွေးကမ္ဘာ

ခခွေးကမ္ဘာ

ဒီကမ္ဘာမှာ ကကြီးဆိုတာမရှိဘူး။
အလားတူ ဂငယ်၊ဃကြီး၊င၊စလုံး၊ဆလိမ် စသဖြင့်…
ဘာတစ်ခုမှ မရှိဘူး။
ဒီကမ္ဘာမှာရှိနေတာက ခခွေးတွေပဲ။
ခင်ဗျား မနပ်အိပ်ယာထကနေ အိပ်ယာဝင်ချိန်အထိ
များပြားလှစွာသော ခခွေးအက်ခရာအမည်နာမရှိတဲ့ ပစ်စည်းတွေနဲ့ ထိတွေ့ရလိမ့်မယ်။
ခင်ဗျား ခင်မင်ရင်းနှီးပြီးသားလူတွေနဲ့
သူစိမ်းတွေ အားလုံးရဲ့ နာမည်တွေဟာလည်း ဦးခခွေး၊ ဒေါ်ခခွေးဆိုတဲ့ အမည်တွေပဲ။
ခင်ဗျားနာမည်ဟာ ဒီကမ္ဘာမှာ ကိုခခွေးအမည်နဲ့ နံပါတ်စဉ် ၁၈ ဖြစ်ပြီး
ခင်ဗျားရဲ့မျိုးနွယ်ဟာ D မျိုးနွယ်ဖြစ်တယ်။
ခင်ဗျားကိုးကွယ်တဲ့ ဘာသာကအစ
ခင်ဗျားရဲ့ အသားအရောင်အဆုံး ခခွေးကလွှမ်းမိုးဖုံးအုပ်ထားတယ်။
မူလတန်းကနေ အဆင့်မြင့်တကသိုလ်ကြီးတွေထိအောင်
ခင်းဗျားတို့ဟာ ခခွေးပညာရပ်တွေကို ဆုံးခန်းတိုင်သင်ယူကြရတယ်။
ခခွေးပညာထူးချွန်သူတွေကတော့ ခခွေး Ph.Dတွေ၊ ခခွေး Master တွေ ဘာတွေ ရကြသပေါ့။
ခခွေးပန်းချီပညာရှင်တွေဟာ ခခွေးမြို့တော်ကြီးက အထည်ဝါဆုံး Gallery တွေမှာ
သူတို့ရဲ့ ခခွေးပန်းချီပုံတွေကို အမျိုးမျိုးရေးဆွဲလို့ ပြသကြတတ်ရဲ့။
ဒီကမ္ဘာမှာ ခခွေးနှစ်တစ်နှစ်ကူးပြီဆိုရင် ခင်ဗျားတို့အားလုံးဟာ
လက်ဝါးချင်းတဖြောင်းဖြောင်းရိုက်ပြီး ခခွေးအမှတ်တံဆိပ်ဘီယာကို ဖွင့်ဖောက်သောက်ကြ။
လလွေးပွဲတော်တွေကို ကြက်ပျံမကျ ဆင်နွှဲပျော်ပါးကြ။
ခခွေးတွေချည်းပဲရှိမှန်း သတိမထားမိနိုင်လောက်အောင် ခင်ဗျားတို့ဟာ ခခွေးတွေနဲ့ တစ်သားထဲကျလို့
ခင်ဗျားတို့အတွက် ခခွေးဟာ မရိုးနိုင်မအီနိုင်တဲ့ ပြဇာတ်ပဲ။
နေ့ထူးနေ့မြတ်တွေရောက်ပြီလားဆို ဒီကမ္ဘာရဲ့ လမ်းတိုင်း လမ်းတိုင်း
ခခွေးအလံငယ်လေးတွေဟာ တလူလူလွင့်တက်နေတတ်တယ်။
ခခွေးကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေက သတ်မှတ်ပြဌာန်းထားတဲ့ ခခွေးစည်းမျဉ်းစည်းကမ်းတွေနဲ့
ခခွေးလုပ်ထုံးလုပ်နည်းတွေဟာဆိုရင် ခခွေးကမ္ဘာသားချင်းချစ်ကြည်သင့်မြတ်ရေးကို ရှေးရှုတယ်။
ခခွေးကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ AIDS ရောဂါပပျောက်ရေး၊
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနှိမ်နှင်းရေး၊ လူမှောင်ခိုကူးမှုတားဆီးရေး၊
လဘ်ပေးလဘ်ယူမှုကင်းစင်ရေး စတာတွေအတွက် ပခါအားလျော်စွာ ခခွေးမီဒီယာတွေကနေတဆင့်
ခခွေးကမ္ဘာသားတွေထံ ပညာပေးအစီအစဉ်တွေကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးတယ်။
ခခွေးနိုင်ငံအသီးသီးမှာ ဖြစ်ပေါ်လာနေတဲ့ အလုပ်လက်မဲ့ ခခွေးလူဦးရေလျော့ချရေးအတွက်
ကျွမ်းကျင်သူခခွေးပညာရှင်တွေက နှစ်ရှည်စီမံကိန်းဆွဲထားတာတွေလည်း ခခွေးကမ္ဘာမှာရှိတယ်။
လတ်တလော ခင်ဗျားတို့ ခခွေးဂီတနယ်မှာ ကြုံတွေ့နေရတာကတော့
ခခွေးကော်ပီစီဒီခွေတွေကို နိုင်နင်းစွာ မတားဆီးနိုင်တာပဲ။
ခင်ဗျားတို့ရဲ့ ခခွေးကဗျာနေ့ စာတမ်းဖတ်ပွဲတွေဟာ ဂုဏ်သရေရှိခခွေးလူကြီးမင်းတွေကို
အစဉ်အမြဲဆွဲဆောင်နိုင်ခဲ့ကြတယ်။
ခင်ဗျားတို့ သားသမီးတွေက ခခွေးအိပ်ယာဝင်ပုံပြင်တွေကို သဘောကျတတ်ကြကာ
ဒီဖက်နှစ်ပိုင်းတွေမှာ ရုံတင်တဲ့ ခခွေးပေါ့တာရုပ်ရှင်ဇာတ်လမ်းများအား အထူးနှစ်ခြိုက်စွဲလမ်းကြတယ်။
ဒီကမ္ဘာမှာ ခခွေးကံစမ်းမဲတွေနဲ့ ခခွေးဂျာနယ်လစ်ပေါက်စတွေများပြားသလောက်
ခခွေးစစ်ခခွေးမှန်ကဗျာဆရာတွေကတော့ ရှားပါးမြဲ ရှားပါးလျက်ပါပဲ။
ခင်ဗျားတို့ ခခွေးမော်ဒယ်လ်တွေရဲ့ ဖက်ရှင်ရှိုးပွဲတွေဟာ
ခုနှစ်ရက်ကို တစ်ကားနှုန်းရိုက်ကူးတဲ့ ခခွေးဗီဒီယိုကန်တော့ပွဲတွေလိုမျိုး
အရည်အသွေး ခပ်ညံ့ညံ့နဲ့ အရေအတွက် ခပ်စိပ်စိပ်ကျင်းပတတ်ကြရဲ့။
ခခွေးအမျိုးသမီးအသုံးအဆောင်ပစ်စည်းအသစ်အဆန်းတစ်ခုခုထုတ်လုပ်ဖြန့်ချိပြီဆိုရင်
ခင်ဗျားတို့ ခခွေးမိန်းမတွေက သူ့ထက်ငါဦးအောင် ၀ယ်ယူသုံးစွဲဆင်ယင်ထုံးဖွဲ့မယ်။
ပြီးတော့ ညည ခခွေးရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသတဲ့
ခခွေးရီးယားဇာတ်လမ်းတွဲတွေကို မလွတ်တမ်းကြည့်မယ်။
ခခွေးကမ္ဘာမှာ ငွေကြေးချမ်းသာတဲ့ ခခွေးနံတွင်းပိုင်ရှင် သူဌေးကြီးတွေနဲ့
နိုင်ငံတကာ အသိအမှတ်ပြု ခခွေးဘွဲ့လက်မှတ်ကိုင်ဆောင်သူတွေ လူတွင်ကျယ်လုပ်ကြ။
ခခွေးကမ္ဘာဟာ တစ်နေ့တစ်ခြားတိုးတက်လာတာနဲ့အမျှ
ခခွေးဘာသာရေးအစွန်းရောက်စစ်သွေးကြွတွေနဲ့ ခခွေးနိုင်ငံရေးအာဏာရှင်တွေက
ခခွေးကမ္ဘာပျက်စီးဖို့ ခခွေးအကြမ်းဖက်လုပ်ရပ်တွေနဲ့
ခခွေးအဏုမြူလက်နက်တွေ ရရာနည်းနဲ့ တပ်ဆင်ကြ။
ခင်ဗျားတို့ဟာ ခခွေးကမ္ဘာမှာ ခခွေးလကြတ်တာတွေ ကြုံရ။
ခခွေးနေကြတ်တာတွေ ဆုံရ။
မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ခခွေးနာမီ လှိုင်းလုံးကြီးတွေကြောင့်
ခခွေးတစ်ကမ္ဘာလုံးမှာ လူတွေ သိန်းနဲ့ချီပြီးသေဆုံးရ။
ခခွေးစကြ၀ဠာကြီးထဲမှာ လွင့်မျောနေတဲ့ ခခွေးကြယ်တံခွန်တချို့ကို
ခခွေးကမ္ဘာရဲ့ အနီးက နီးကပ်စွာ ဖြတ်သန်းသွားတာမျိုးလည်း
ခင်ဗျားတို့ တချို့နှစ်တွေမှာ တွေ့ကြရမယ်။
ဒီကမ္ဘာက ခခွေးယဉ်ကျေးမှုအရ ခင်ဗျားတို့ရဲ့ ခခွေးသမီးပျိုတွေဟာ
ခခွေးအမျိုးသမီးဆိုင်ရာ လွတ်လပ်ခွင့်တွေကိုလည်း အပြည့်အ၀ခံစားခွင့်ရှိကြရဲ့။
ခခွေးကလေးသူငယ်ကျင့်ဝတ်စည်းကမ်းတွေအတိုင်း
ခခွေးကလေးသူငယ်တွေဟာ မှန်ကန်တဲ့ အုပ်ထိန်းမှုအောက်မှာ နေထိုင်နိုင်ကြတယ်။
ဒါပေမယ့် ခခွေးကမ္ဘာရဲ့ တချို့သောနေရာတွေအတွက်တော့
စောစောက အချက်အလက်တွေဟာ မှန်ကန်မှုမရှိသေးပါဘူး။
အထူးသဖြင့် ခခွေးဖရိကတိုက်က ရောဂါဘယထူပြောနေပြီး လွတ်လပ်ခွင့်ဆုံးရှုံးနေကြတဲ့
ခခွေးကလေးသူငယ်နဲ့ ခခွေးအမျိုးသမီးတွေ အတွက်ပေါ့။
ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ဟာ ခခွေးသံစဉ်တွေချည်းပဲပါတဲ့ ခခွေးတေးသီချင်းတွေကို
တစ်ဘ၀လုံးလုံး ပျင်းရိငြီးငွေ့စွာ သီဆိုသွားကြရတော့မယ်ဆိုတာကတော့ ၀မ်းနည်းဖွယ်ရာပဲ။
ခခွေးကမ္ဘာမှာ ဘယ်နေရာကြည့်ကြည့် ခင်ဗျားတို့ရဲ့ ခခွေးအင်တာနက်ချိတ်ဆက်မှုတွေ
ခခွေးအစားထိုးခွဲစိတ်မှုတွေ၊ ခခွေးပုံတူမျိုးပွားဇီဝဖြစ်စဉ်တွေ
ခခွေးလကမ္ဘာခရီးသွားဝန်ဆောင်မှုတွေ
ခခွေးစွန့်ဦးတီထွင် Pioneers တွေဟာ ကမ္ဘာတစ်ခုစာထွန်းကားလို့
ခခွေးကမ္ဘာမှာ ခင်ဗျားနေထိုင်လာတာ နှစ်ကာလတွေ မနည်းမနောပါပဲ။
ခုဆို ခင်ဗျားမှာ အသစ်စက်စက် ခခွေးလက်ကိုင်ဖုန်းလေးရှိပြီ။
ခခွေးနံပါတ်မော်တော်ကားလေးလည်း ရှိပြီ။
တစ်ခါတစ်လေတော့ ခင်ဗျားဟာ
ခင်ဗျားနေထိုင်တဲ့ ခခွေးကမ္ဘာကို မေးခွန်းတွေ ထုတ်မိချင် ထုတ်မိတတ်မှာပေါ့။
ခခွေးကမ္ဘာဟာ ဘာဖြစ်လို့ ခခွေးကမ္ဘာဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းမျိုး
အမှန်ဆို ဒီမေးခွန်းဟာ
ခင်ဗျားကလည်း ဘာလို့ ခင်ဗျားဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းနဲ့ ခပ်ဆင်ဆင်ပါပဲ။
ခင်ဗျားတို့မှာ ခခွေးအော်စကာပေးပွဲတွေရှိသလို ခခွေးနိုဗယ်ဆုပေးပွဲတွေရှိတယ်။
ခခွေးစာပေဟောပြောပွဲတွေရှိသလို ခခွေးအဆင့်မြင့်တန်းဘောလုံးပွဲစဉ်တွေလည်းရှိတယ်။
ခခွေးစစ်ပွဲတွေရှိသလို ခခွေးအံ့ဖွယ်သရဲအဖြစ်အပျက်တွေလည်း နှစ်စဉ်နှစ်တိုင်းရှိတယ်။
ခခွေးနိုင်ငံတကာအစည်းအဝေးပွဲတွေရှိသလို ခခွေးသိပ္ပံနဲ့ အဆင့်မြင့်နည်းပညာတွေလည်းရှိနေသပေါ့။
တကယ်လို့များ
ခင်ဗျားက ဒီကမ္ဘာမှာ ကကြီးဆိုတာရှိတယ်လို့ သွားမပြောလိုက်မိပါစေနဲ့
အလားတူ ဂငယ်၊ဃကြီး၊င၊စလုံး၊ဆလိမ် စသဖြင့်…
အားလုံးရှိတယ်လို့ ဘယ်တော့မှ သွားမပြောလိုက်ပါနဲ့။
ဘာ့ကြောင့်လည်းဆိုတော့ ခင်ဗျားအဲသလိုပြောလိုက်ရင် ခခွေးလူတွေအကုန်လုံးက
ခင်ဗျားကို အနီးဆုံး ခခွေးစိတ်ရောဂါဆေးရုံတစ်ခုခုဆီ ပို့ပစ်ကြမှာသေချာနေလို့ပဲ။ ။

လွန်းဆက်နိုးမြတ်
(သောင်းပြောင်းထွေလာရယ်စရာနှင့်နွယ်နီမဂ္ဂဇင်းနှစ်စောင်၏ ကဗျာရှည်ကဏ္ဍမှာ
စာပေစိစစ်ရေးမှ နှစ်ကြိမ်တိုင်တိုင် ဖြုတ်ပယ်ခြင်းခံရသော ကဗျာရှည်ဖြစ်သည်။)

အိမ်ထောင်ကျကာစမှာ အဆင်ပြေလားဆိုတော့

အိမ်ထောင်ကျကာစမှာ အဆင်ပြေလားဆိုတော့

ဘယ်လိုပြောမလဲ အိမ်နားက ပျံကျဈေးတန်းလေးကနေ အသားဟင်းတစ်ခွက်နဲ့ ဟင်းသီးဟင်းရွက်နည်းနည်း ရ တတ်တယ် ပုံမှန်မဟုတ်ပေမယ့် မီးလာနေချိန် ရေလွှတ်ပေးတယ် ၀င်ငွေဟုတ်တိပတ်တိမရှိသေးတော့ မျက်စိ နောက်လောက်အောင်လည်း ဟိုဟိုဒီဒီမသွားဖြစ် မလာဖြစ်ပါဘူး နဂိုကတည်းက သိုသိုသိပ်သိပ်နေတတ် လွန်း တော့ စပ်စပ်စုစုလုပ်တတ်တဲ့ ရှားလော့ဟုမ်းလိုလို စီအိုင်အေလိုလို အိမ်နီးချင်းတစ်ယောက်စ နှစ်ယောက်စ တော့ ကြုံရတာပေါ့ လူချမ်းသာတွေ နေတဲ့အရပ်အတိုင်း နေ့စဉ်အမှိုက်သိမ်းကားဆိုတာမျိုးမရှိပေမယ့် နေ့ခင်း နေ့လယ် ဂျက်စီဂျိန်းလို လွတ်လွတ်ထွက်တတ်တဲ့ အမှိုက်လှည်းတစ်စီးရှိတယ်(အိမ်မှာ အမှိုက်တွေပုံနေတတ် တယ်) ကြေးရတတ်တွေနေတဲ့ ကွန်ဒိုတိုက်ခန်းမဟုတ်တော့ ၀င်းတံခါးမှာယူနီဖောင်းဝတ် လုံခြုံရေးအစောင့်တွေ ဘာတွေလည်း ရှိမနေပါဘူး တစ်ခါတစ်ရံ တိုက်ခန်းပေါ်တက်တဲ့ လှေကားမှာ ခွေးပေါက်စလေး ၄-၅ ကောင် လောက် ပိတ်ပြီးအိပ်နေလို့ အသာကျော်ခွသွားရသေးတယ် တခြားကမ်ဘာ့အင်အားကြီးမြို့တွေလို ညသန်းခေါင် ကြီး လင်မယားနှစ်ယောက်အိပ်နေတုန်း အခန်းထဲ ဓာတ်မီးတ၀င်းဝင်းနဲ့ အယ်အေပီဒီတွေ ၀င်လာမှာလည်း မစိုးရိမ်ရ ငါးရက်တစ်ခါလေထိုးစီးရတဲ့ တရုတ်စက်ဘီးကလေးကို အက်ဖ်ဘီအိုင်ကဒ်ပြပြီး အတင်းလုနင်းမှာ လည်း မကြောက်ရ မကြာခဏသွားဝယ်ဖြစ်တဲ့ လမ်းဘေးကုန်စုံဆိုင်ဆိုတာကလည်း အမေရိကန် မီနီမားကတ် မဟုတ်တော့ လမ်းသရဲလူငယ်တွေ သေနတ်တကားကားပြပြီး ဓားပြတိုက်တာမျိုးလည်း ကြုံစရာမလို ကျန်တာ ကတော့ ညဖက်ခဏတဖြုတ် မီးလာချိန်လေးမှာ လေးဖြူနဲ့ အယ်ဆိုင်းဇီဖြစ်ချင်တဲ့ လူငယ်တွေရဲ့ ကာရာအိုကေ သံတွေကို မသိဟန်ဆောင်ရသလို ပိုင်သက်ကျော်နဲ့ ပိုးအိစံကလုန်းတွေကိုလည်း မုဒိတာပွားတတ်ရတာပေါ့ ပတ်ဝန်း ကျင် အိမ်တွေရဲ့ ဘက်စုံအဆင်မပြေမှုတွေကြောင့် အီရတ်စစ်မြေပြင်အလား ဆော်ကြတီးကြတာတွေ လည်း မေ့ တတ်အောင် လေ့ကျင့်ခန်းယူရတယ် အညံ့စားလက်ဖက်ရည်အရောင်နဲ့တူပြီး သောက်ဖို့ ချက်ပြုတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ (ရေ) လွှတ်ချိန်မှာ ရေပိုက်ခေါင်းကို အမြဲလိုလိုဖွင့်ထားရတတ်တာဟာ လင်မယား နှစ်ယောက်အတွက် သတိတရားတစ်ခုတောင်ဖြစ်လို့နေပါပြီကွယ်ရို့။ ။


လွန်းဆက်နိုးမြတ်
၂၈.၃.၁၀
ည၀၈း၁၁နာရီ
မင်္ဂလာဧည့်ခံပွဲ တစ်လပြည့်အမှတ်တရ

Saturday, April 3, 2010

ကျောက်ဆောင်များ

ကျောက်ဆောင်များ

ပင်လယ်လှိုင်းစုန်း
တ၀ုန်းဝုန်း
ထစ်ချုန်း ကျိန်စာတိုက်ပါလေ။

ကမ်းခြေစောင့်ကြပ်
နတ်ကောင်းမြတ်တို့
မတ်ရပ်တောင့်ခံအောင်ပါစေ။ ။

ချမ်းငြိမ်းအေး
(မြားနတ်မောင်၊ဇွန်၊မြန်မာ့ရနံ့ကဗျာ၊၂၀၀၃၊စာ-၆)

မြစ်ယောင်ယောင်

မြစ်ယောင်ယောင်

ဝန်တင်သင်္ဘောကြီးတွေ တရွေ့ရွေ့
မြစ်ကိုတော့ ကိုယ်မမြင်ရသေးဘူးပေါ့။
ဟိုလှမ်းလှမ်းက မတ်ရပ်
လူတစ်ယောက် တစ်စုံတစ်ရာကိုအော်နေ
လက်နှစ်ဖက်ကို ပါးစပ်ဘေးမှာ စုကာပြီး
အသံကို ဘယ်လောက်ကြီးကျယ်လောင်အောင်
အားစိုက်ထုတ်လွှင့်လိုက်သလဲ
ကိုယ်ကတော့ အော်နေတာကိုပဲရိပ်မိပြီး
ဘာသံကိုမှ မကြားရ
ဝေးလွန်းလို့လားဆိုတော့လည်း မဝေးပါဘူး
နားတွေပင်းပြီလားဆိုတော့လည်း မပင်းပါဘူး
ဒီလိုပါပဲ အော်သူကအော်ပြီး
ကြားသူက မကြားရတာ
အဲဒီအနီးအဝေးတွေနဲ့
အဲဒီနားကောင်းမကောင်းနဲ့
အမြဲတမ်း မသက်ဆိုင်ဘူးတဲ့
လေသံတီးတိုးပွတ်သပ်
ကိုယ့်ဘေးမှာ ရပ်နေတဲ့ တစ်စုံတစ်ယောက်ကပြောတယ်
မြစ်ကိုတော့ ကိုယ် မမြင်ရသေးဘူးပေါ့
သူ့ကိုတော့ သံသယနဲ့ကြည့်လိုက်တယ်
သိသလိုလို သိယောင်ယောင် တစ်စုံတစ်ယောက်ဆိုတာကလည်း
မျက်လုံးက အကန်းလို ကြောင်တောင်တောင်နဲ့
ခြေထောက်က ၀ါးလုံးကြီးလို တောင့်တင်းတင်းနဲ့
ကိုယ့်အမြင်ကို သိသွားသလိုပဲ
မျက်လုံးဆိုတာလည်း အခါခပ်သိမ်းမြင်ဖို့မဟုတ်
ခြေထောက်ဆိုတာလည်း အခါခပ်သိမ်းသွားဖို့ မဟုတ်တဲ့
ထပ်ပြောပြန်တော့တယ်
မြစ်ကိုတော့ ကိုယ် မမြင်ရသေးဘူးပေါ့
သင်္ဘောကြီးတွေ ရွေ့ရွေ့ဝေး။
တော်ပါပြီကွာ
ဟောဒီ…သဲသောင်စပ်တွေမှာ
ညနေခါ ရေလာမခပ်တော့ပါဘူး
မင်းတို့မြစ်တွေက မှော်ဆန်လွန်းတယ်လို့
ပြောပြီး ကိုယ်ပြန်ခဲ့။ ။

စန်းဦး
(ရုပ်ရှင်အမြုတေ၊ဇွန်၊၂၀၀၃၊စာ-၁၂)

ဖြောင့်ချက်

ဖြောင့်ချက်

မာယာပဉ္ဓလက်တွေနဲ့ ဘ၀၀မ်းစာမရှာဘူး
အတ္တကြီးကြီးကို ပိပိရိရိနဲ့ အန်ထုတ်ပစ်လိုက်တယ်
အသစ်ကပြန်စမယ်လို့ ပရလောကကို ကြေငြာခဲ့တယ်။
အဲဒီမှာ…
အယ်ဒီဆင်ကို ၂၄နာရီ ဂုဏ်ပြုမယ်
ဇနပုဒ်က တိုက်အိုကြီးတွေကို ပေါလစ်တင်ပြီး
အပြုံလိုက်ထွက်ကြမယ့်ဆဲဆဲ
ခံစားချက်အဆွေးအမြေ့ကို သော့ခတ်ထားတယ်
ဆွဲဆောင်မျှကောင်း ညဉ်းကြောင်မလေးရဲ့
ကျကျန်ခဲ့တဲ့ဘ၀တွေကို လေလံပစ်မယ်။
တစ်ပါးသီလပဲရှိတဲ့
အိတ်ထောင်ပေါက် ကားစပယ်ရာတွေအတွက်
ပြိုင်ပွဲတွေရှိတယ်။
လမိုက်ညမှာ…
သံယောဇဉ်ကြိုးပြတ်စတွေအတွက်
ကပွဲတွေရှိခဲ့ရင်
မိုးစင်စင်မလင်းခင်
ခါးသီးတဲ့အယူအဆတွေကို မြေမြုပ်သဂြိုဟ်ပစ်မယ်။
ကဗျာဆရာကတော့
တွင်းနက်နက်ထဲ အကြိမ်ကြမ်ခုန်ချလို့
နေလုံးကြီး ပြုတ်ကျလာမှပဲ
ကျွန်တော့် စားကျက်ပေါ်က ကျွန်တော့်စိတ်ကို
ကြိုးချည်ခဲ့ရတယ်။ ။

စစ်စွမ်းရည်(ပဲခူး)
(သောင်းပြောင်းထွေလာရယ်စရာ၊ဇွန်၊၂၀၀၃၊စာ-၁၆)

အရက်သမား(၂)

အရက်သမား(၂)

အရက်ဆိုင်တွေ
ဓားတန်းလန်းနဲ့ ဖူးပွင့်ကြ
ငါ့ညီ
မင်းရှေ့မှာ
ငိုနေသောစမ်းချောင်းများ
ချည်ပေါင်ပင်များနဲ့
ချိတ်တွယ်ထားသောမီးခိုး
ငါ့ညီ
ငါ့တူမလေးရဲ့ ကျောင်းလွယ်အိတ်ထဲမှာ
ရေစိုနေသောစာအုပ်များ
ငါ့တူမလေးရဲ့ အင်္ကျီမှာ
ဗင်းဆင့်ဗန်ဂိုးရဲ့
မွစာကျဲနေသောစုတ်ချက်များ
မင်းမသိနိုင်ဘူး
မသိစိတ်ဟာ
ငရဲပန်းများကို နမ်းတယ်
ဟောဟိုမှာ
မင်းရဲ့ ဆဌမနံရိုး
အရည်ပြားကို ဖောက်ထွက်လို့
အရိပ်ကျဉ်းကျဉ်း
မှောင်ရိပ်ထဲ စီးဆင်းနေပုံ
ညစာအကြောင်း
မြွေကြွက်တွေက မပြောကြတော့ဘူး၊
အိမ်ဟာ
သချိုင်းပမာ
တိတ်ဆိတ်
ငါ့ညီ
မင်းအရက်ခွက်ထဲမှာ
မင်းအရိပ်ဟာ အရိုးပြိုင်းပြိုင်း
အဲဒီမှာ
ငါ့တူမလေးရဲ့ ပုလဲတွေ
မျက်ရည်လိုဥခဲ့ပေါ့။ ။

ခရမ်းပြာထက်လူ
(သောင်းပြောင်းထွေလာရယ်စရာ၊ဇွန်၊စာ-၁၄)

အသံဗလံများနှင့် မီးညှိခြင်း

အသံဗလံများနှင့် မီးညှိခြင်း

သည်မနက်တော့
ယင်ကောင်ကျသွားတဲ့ ကော်ဖီတစ်ခွက်ပါပဲ
မနေ့ကမျက်နှာတွေ ဒီနေ့မြင်ရတော့
မနေ့ကလို အရေးအကြောင်းတွေနဲ့
သြော်…
ကိုယ့်သက်ပြင်းက ဘေးဝိုင်းတွေမှာ မီးကူးလို့။
ညက တော်တော်များသွားတယ်
ရေရောထားတဲ့အသံက ကိုယ့်နံဘေးမှာ ဦးခေါင်းငိုက်စိုက်
သမုဒ္ဒရာ ၀မ်းတစ်ထွာမဟုတ်ဘူးကွ
အနုပညာတစ်ဝမ်းထွာတဲ့
သည်တစ်ခါ
သူ့သက်ပြင်းက ကိုယ့်ကိုယ်လောင်လို့။
စက္ကူတွေ ဈေးတက်လာတော့
အတွေးအခေါ်တွေ ဈေးကျသွားတယ်
စာမူခဆိုတာ စိတ္တဇနာမ်လားဆိုတဲ့ နယ်က ကဗျာဆရာရဲ့ အသံ
သည်တစ်ခါ
သူ့သက်ပြင်းက တစ်နယ်တစ်ကျေးမှာ မီးစွဲနေမှာပဲ။
ကိုယ်လည်း မဖြစ်တော့ဘူးဆိုပြီး
ဆိုင်ထဲကအထွက်
ကိုယ့်လူ မီးတစ်တို့လောက်တဲ့
မျက်နှာချင်းဆိုင်က အသံ။
ဟေ့…ဒီမှာ
ငါ့တစ်ကိုယ်လုံး မီးတွေချည်းပဲ
တို့ချင်တဲ့နေရာတို့သွား
မကျေနပ်သေးရင် ဆိုင်ထဲမှာလည်း မီးတွေချည်းပဲ
သည်တစ်ခါ
ကိုယ့်သက်ပြင်းက
ဆေးလိပ်ပြာလို တော်တော်နဲ့ ချွေမရဘူး။ ။

မိုးရင့်ကြယ်
(သောင်းပြောင်းထွေလာရယ်စရာ၊ဇွန်၊၂၀၀၃၊စာ-၁၁)

အဖြေများ

အဖြေများ

၁။ရေခဲပြင်ကို တူးဆွတဲ့အခါ
ရေငုပ်သင်္ဘောများကို တွေ့ရပါတယ်။

၂။သမိုင်းဝင်ကြက်ခြေခတ်များက
ကမ္ဘာမြေကို နည်းနည်းပိုကောင်းစေပါတယ်။

၃။ကင်းခြေများတစ်ကောင်မှာ
ခြေထောက် ၄၈ ချောင်းရှိပြီး
မေရီအင်တွုင်းနက်ဟာ ကိတ်မုန့်
မဖုတ်တတ်ပါ။

၎။မီးသတ်ကားဥသြဆွဲသံဟာ
ဆွဲဆောင်မှုအရှိဆုံးသံစဉ်ဖြစ်ပါတယ်။

၅။နေမင်းဟာ လေးထောင့်ပုံစံရှိပြီး
အင်္ဂါဂြိုဟ်ပေါ်မှာ
အိပ်မက်များမရှိပါ

၆။သိပ္ပံပညာမှာ ဦးခေါင်းနှစ်ခုရှိပြီး
လက်တစ်ဖက်မရှိပါ။

ရ။ထို့ကြောင့် ကမ္ဘာကြီးဟာ ပြားပါတယ်။

နေမျိုး
(အိုင်ဒီယာ၊မေ၊၂၀၀၃၊စာ-၅)

ငါတို့ လူငယ်ဘဝ

ငါတို့ လူငယ်ဘဝ

နို့အိမ်ထဲက နို့တစ်စက်
ညထဲ ခုန်ဆင်းလိုက်သလို လင်းထိန်တယ်။

ငါတို့ လူငယ်ဘဝ
နှင်းတွေက နှင်းအတိုင်း မှုန်လို့
ရယ်မောစရာ အနန္တ
ဓာတ်ကြိုးတန်းပေါ်မှာပင်
အမှန်တရားဟာ ဖူးလို့ ပွင့်လို့ပဲ။

ငါတို့ လူငယ်ဘဝ
ဓားခုတ်ရာ ဒဏ်ရာနဲ့ မျက်နှာပင်
လောကကို သက်တန့်လို ကိုင်းစေတော့။

ငါတို့ လူငယ်ဘဝ
ကျေးဇူးတရား မလိုဘူး
လက်ဆောင်ပစ္စည်း မလိုဘူး
ရွှေမထွက်တဲ့ကိစ္စ စိတ်မ၀င်စားဘူး။

လိုနေတာ
အချစ်ပြီးရင် အချစ်ပဲ။

ငါတို့ လူငယ်ဘဝ
ချောက်ကမ်းပါးကြီးထဲက လူသားများ ဖတ်မယ်
စစ်နဲ့ ငြိမ်းချမ်းရေး ဖတ်မယ်
ရွှေပြည်တော် မျှော်တိုင်းဝေး ဖတ်မယ်

အိပ်ရာတွေ လန့်ပျံအောင်
ဂစ်တာ တီးမယ်
ဆိုလိုက်တဲ့ သီချင်းဟာ
အချင်းပတ်နေတဲ့ ကြယ်တွေကို လွတ်မြောက်သွားစေမယ်။

ငါတို့ လူငယ်ဘဝ
မြက်ခင်းစိမ်းများပေါ်
မြို့သစ်များတည်လို့
ဓားပေါက်ကျင့်ရင်း ပန်းချီရေးခဲ့။

ငါတို့ လူငယ်ဘဝ
အလေအလွင့် ခပ်များများ
ရွှေစင် ရွှေစ ခပ်များများ
ရဲစိတ်ရဲမာန် ခပ်များများ။

အဲဒါကိုပဲ
အမေက မီးမမှိတ်ဘဲ စောင့်တယ်
ချစ်သူက မီးမမှိတ်ဘဲ စောင့်တယ်
ကောင်းကင်က မီးမမှိတ်ဘဲ စောင့်တယ်

အထင်ကရ
ဓာတ်မီးတိုင်များနဲ့
ဟိုးအဝေးက နတ်ဒေ၀တာများကလည်း စောင့်မှာပဲ
ဒါ…ငါတို့ လူငယ်ဘဝ
ငါတို့ အနာဂတ်ဆီ ရောက်ဖို့
စောင့်နေတဲ့
ငါတို့ လူငယ်ဘ၀…။ ။

ခရမ်းပြာထက်လူ
(သရဖူ၊မတ်၊၂၀၀၃၊စာ-၁၄၉)

ပုပ္ပါး

ပုပ္ပါး

မွှေးမြတဲ့ စကားဝါတွေကို
ပုလင်းလွတ်တစ်လုံးထဲ…ထည့်သိပ်
ရနံ့ပိတ်ရက်သူကြီး…။ ။

သစ်ငြိမ်း
(ကလျာ၊ဧပြီ၊၂၀၀၃၊စာ-၁၀)

ဖုန်မှုန့်

ဖုန်မှုန့်

တစ်ဟုန်ထိုးပြေးလာနေသော
တစ်နေ့တာ ပျော်ရွှင်မှု အစစ်မဟုတ်။
မျက်နှာမူရာအရပ်မှ
အလျားလိုက်လာစေချင်ခဲ့တဲ့ ဆန္ဒတွေကိုသာ။
ခါတိုင်းလိုပါပဲ
စွန့်ခွာခဲ့တဲ့
စိတ်အနာအဆာတွေ ယိုးမယ်ဖွဲ့ မပြောချင်တော့ဘူး။
စွဲမက်စေသော
ဝေါဟာရတစ်ခုနောက်
တစ်ကောက်ကောက်လိုက်နေခဲ့တာ
အဓိပ္ပါယ်ကို သိချင်လွန်းလို့ မဟုတ်
အထားအသိုတွေ မြင်ချင်လို့သာ
ဒါပေမယ့်…
“လောကသည် အဖြူ၊လူသည် အမည်း(အမဲ)“
ဒီဆိုရိုးစကားက
ခန့်ခန့်ကြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ကြဲလို့။ ။

ကျော်စိုးလူ
(ရုပ်ရှင်တေးကဗျာ၊ဇွန်၊၂၀၀၃၊စာ-၁၁)

ပင်လယ်(၂)

ပင်လယ်(၂)

ညနေရီရီဆို
ပင်လယ်က
မုန်းဖို့ကောင်းလောက်အောင်လှတယ်။
ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘူး။
ဝုန်းခနဲခုန်ချမိမှာစိုးလို့
ဆက်မကြည့်ရဲ
မျက်နှာလွှဲပြီး နေရတယ်။
သတ္တိနည်းတဲ့သူပါကွယ်။
ကမ်းပါးထိပ်သစ်ပင်ကြီးမှာ
ကိုယ့်ကိုယ်ကို ကြိုးနဲ့ချည်ထားရတယ်။
တစ်ခါကဆို
ကိုယ်ကိုယ်တိုင်
ပင်လယ်ဖြစ်သွားခဲ့ဖူးသေးတာပဲမဟုတ်လား။
တော်တန်ရုံမာယာများတာလောက်တော့
ပင်လယ်က ပျင်းတောင်ပျင်းသေးရဲ့။
နေလုံးနီနီ ပင်လယ်ထဲ စွပ်ခနဲမြုပ်သွားချိန်
ဦးခေါင်းခွံတစ်ခု မတော်တဆ ကွဲကြေသွားတဲ့အသံ
ကြားမိတယ်။ ။

ရဲဘုန်းခေါင်
(အိုင်ဒီယာ၊မေ၊၂၀၀၃၊စာ-၁၆)

ထိလွယ်ရှလွယ်ရာသီ

ထိလွယ်ရှလွယ်ရာသီ

စိတ်နဲ့ လည်ပတ်ဖူးတဲ့ ဥယျာဉ်က
စိတ်ညွှတ်အောင် ပန်းတွေပွင့်လို့…
အားလုံးရဲ့ နံမည်ခေါ်ကြည့်တော့
သောကမှော်တွေ
ကျစ်ဆံမြီးကျစ်သွားတဲ့ ကိုယ့်ဘ၀လေးကိုမှ
လွမ်းဆွေးမိပြန်တယ်…
အလင်းဟာ
ကိုယ်အကြိုက်ဆုံး အရောင်ပါပဲ
အမှန်တရားဟာ ကွဲရှခဲ့တော့
ဘယ်အချိန်ကမှ အလင်းမပြန်ခဲ့ဘူး…
ရင်နာလိုက်ရတာ
လက်နှစ်ဘက်ရှိလည်း လက်ပြမနှုတ်ဆက်မိခဲ့
သစ္စာပျက်သွားတဲ့ သင်္ဘောတွေ
မျှော်လင့်ခြင်း မီးပြတိုက်ဆီ
ဦးတည်ခုတ်မောင်းသွားနေရဲ့…
နံမည်လေး မှန်အောင် တပ်ပေးကြပါ
ကိုယ်ကလည်း
ကြိုးပြတ်နေတဲ့ ဂစ်တာလေးကိုမှ
ဥယျာဉ်သီချင်း ဆိုပြဖို့
ပူဆာမိခဲ့တယ်…
ဥယျာဉ်ရဲ့ ရနံ့တွေ
နှလုံးသားတွေ ပြတ်တောက်နေချိန်…။ ။

လင်းသော်ဝေ၊မြစ်ကြီးနား
(ချယ်ရီ၊မေ၊၂၀၀၃၊စာ-၁၄၃)

မနေ့က

မနေ့က

နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်မှာ မဟုတ်လား
ဘာမှလာမပြောနဲ့ ဘာမှမကြားချင်ဘူး
အဲသလိုအော်ဟစ်ထွက်ပြေးခဲ့စဉ်က ငါဟာ
ကျောက်စိုင်ကျောက်သားတွေထက်မာကျောနေဦးမယ်
ငါ့အတွက်တစ်နေရာက ဘယ်မှာရှိသလဲ
လူတွေအလယ်မှာ မလိုမုန်းထားတဲ့ ငါ့အတွက်တစ်နေရာ
ဖောက်ပြန်တတ်တဲ့ သစ္စာဟာ အချစ်အတွက်နဲ့တော့
နှစ်ခါပြန်အသက်ရှင်မှာမဟုတ်ဘူး
အဲသလိုအော်ဟစ်ထွက်ပြေးခဲ့စဉ်က ငါ့မှာ
မျက်ရည်လည်းရှိပုံမရဘူး
အသည်းနှလုံးမရှိသူကြီးပုံစံနဲ့
ကောက်ကောက်ကွေ့ကွေ့၊
ငါ့မာနအတိုင်းကောက်ကွေ့ခဲ့တယ်
လှောင်ရီခဲ့တယ်
အမှားဆိုတာ ငါကိုယ်တိုင်လည်း မသိတဲ့အမှား
အမှားဘယ်ကစခဲ့သလဲ
ခင်ဗျားတို့အားလုံးငွေစာရင်းရှင်းတမ်းတွေပဲ…
အဲသလိုအော်ဟစ်ထွက်ပြေးခဲ့စဉ်က ငါဟာ
ငယ်ရွယ်သေးတယ်
အသိတရားလည်းနုံနည်းသေးတယ်
စနစ်တကျတီထွင်ထားတဲ့ လူတွေရဲ့ ဟာသကို
ငါက ရယ်လိုအားနည်းခဲ့တယ်
ပြီးတော့…ဘာမှန်းမသိတဲ့
အက္ခရာတွေနဲ့ ထွက်ပြေးခဲ့တယ်။ ။

နေ၀ိုင်ဝိုင်
(ချယ်ရီ၊မေ၊၂၀၀၃၊စာ-၁၁)

ကျွန်တော့်ပုခုံးပေါ်ကရွာကလေး

ကျွန်တော့်ပုခုံးပေါ်ကရွာကလေး

နံနက်ခင်းက
ပန်းလိုပွင့်လာ
မိဘရဲ့ မေတ္တာရိပ်များ
လွှမ်းခြုံပြီးသားတွေ့ရတယ်။
ညာလက်ကို
ရုတ်တရက်ဆန့်လိုက်တော့
သားရယ် သမီးရယ် ဇနီးရယ်
အိပ်မက်ဆိုးများမမက်ခဲ့တာလည်း
ဒါ့ကြောင့်ပဲထင်ပါရဲ့

နွေးထွေးပြီးအေးမြနေတာလည်း
ဒါ့ကြောင့်ပဲထင်ပါရဲ့။

သတိရစိတ်နဲ့
ခြေလှမ်းမယ်ပြင်တော့
ကျွန်တော့်ပုခုံးပေါ်
မိသားစုက
ရွေ့ရပြောင်းရခက်တဲ့
ရွာကလေးတစ်ရွာစည်ကားနေပြီ။

သစ်ပင်လို ကမ္ဘာမှာ
အဖေအမေနဲ့ ရွာကလေးဆီ
ပြန်လည်မေတ္တာပို့သရုံမျှ။

ခုတော့
ကျွန်တော့်စုဘူးလေးထဲ
အဲဒီနံနက်ခင်းတွေ
တဒေါက်ဒေါက်ကျဆင်းနေ။ ။

ကိုရွေး
(ချယ်ရီ၊မေ၊၂၀၀၃၊စာ-၁၀)

အသံ

အသံ

ညရဲ့
တိတ်ဆိတ်ခြင်းထဲက
အသံကို
ကြားလိုက်ရတယ်။

တိတ်ဆိတ်ခြင်းထဲမှာ
အသံရှိတယ်ဆိုတာလည်း
ယုံလိုက်ရတယ်။
အဲဒီအသံကို
တကယ်ပဲကြားလာရခြင်း
ဖြစ်တယ်။
ဟော…
ပြောရင်း
အသံတွေဟာ
လေချွန်လာသလိုမျိုး
အဝေးက
တစ်စတစ်စ
စူးစူးရှရှပြေးလာနေကြပြီ။
မုန်တိုင်းတွေ
ပင်လယ်လှိုင်းရိုက်သံတွေ
မိုးကြိုးထစ်သံတွေ
သစ်ကိုင်းကျိုးသံတွေ
အိမ်ပြိုသံတွေ။
နောက်
တစ်စတစ်စ
ပြန်ဝေးသွားတဲ့အခါ
လေပြေလေညင်းတွေအဖြစ်
ပန်းပွင့်ကလေးတွေ
ခြွေသွားခဲ့ပြန်ရဲ့။
ညဟာ
ငြိမ်ကျသွားတယ်။
တိတ်ဆိတ်ခြင်းဟာ
တိတ်ဆိတ်ခြင်းအဖြစ်နဲ့ပဲ
ရှိနေတော့တယ်။
အဲဒီအသံတွေကို
ဖမ်းမမိတော့ဘူး။ ။

ပိုင်
(အနှစ်စိမ်း၊ခေတ်ပေါ်ကဗျာနှင့် ခံစားမှုဆောင်းပါး၊စာ-၁၁၊၁၂)

ကဘူးလ်မြို့ပေါ်ကတေးသံ

ကဘူးလ်မြို့ပေါ်ကတေးသံ

လှတစ်မျက်နှာ
ယဉ်တစ်ကိုယ်လုံး…တဲ့
ညှိ့ငင်စွဲယူတတ်သော အပြုံးကလေးနဲ့
မြိန်မြိန်ရှက်ရှက်ကြီး ကလိုက်စမ်းပါ မိန်းမလှလေးငဲ့။
နှစ်ရှည်လများ
ဝတ်ရုံဖားဖားကြီးတွေရဲ့ အောက်မှာ
ငါတို့ရဲ့ အလှတရားတွေ
ဆိတ်သုဉ်းခဲ့ရတာမဟုတ်လား…
ဟောဒီမှာ ငါတို့ရဲ့ စောင်းသံလေး…
ဟောဒီမှာ ငါတို့ရဲ့ ဗုံသံလေး…
ဟောဒီမှာ ငါတို့ရဲ့ နှဲသံလေး…
သူ့ဝိညာဉ်နဲ့သာ
လာရောက်တီးခတ်ဖျော်ဖြေနေရှာတဲ့
ပတ္တလားဆရာလေးကတော့
တာလီဘန်တွေရဲ့ ကွပ်မျက်ခြင်းကို ခံခဲ့ရရှာပေါ့။
အို…တူရိယာသံဆိတ်သုဉ်းခဲ့ရတဲ့ မြို့တော်ကြီး
ငါတို့ရဲ့ တေးသံမှာ လွန့်လူးနိုးထပေလော့။
အို…မုတ်ဆိတ်ကျင်ဆွယ်ရိတ်ထားတဲ့ ကိုလူချောငဲ့
သင့်တေးသံမှာ သင့်နှမလေးလည်း
မြူးမြူးသွက်သွက်ကလို့ပေါ့။
အို…မုတ်ဆိတ်ကျင်ဆွယ်ရိတ်ထားတဲ့ ကိုလူချောငဲ့
သင့်တေးသံမှာ မြို့မျက်ရည်တွေ လျှံထွက်သွားအောင်သာ
သီကျူးလိုက်ပါတော့
ဒါဟာ…လင်းပွင့်မှုရဲ့ တေးသံလည်း ဖြစ်ရဲ့
ဒါဟာ…လွတ်မြောက်မှုရဲ့ တံဘိုးခရာမှုတ်သံလည်း ဖြစ်ရဲ့
အို…မြို့တော်ကြီး…
သင့်နှလုံးသည်းပွတ်အိမ်မှာ
ငါတို့ရဲ့ တေးသံတွေနဲ့သာ
တပွက်ပွက်စီးအန်လော့။ ။

အောင်ဆု
(ရယ်စရာ၊မေ၊၂၀၀၃၊စာ-၁၃)

မေမေမွေးတဲ့မြို့ကလေး

မေမေမွေးတဲ့မြို့ကလေး

လူမသိသူမသိ ဒဏ္ဍာရီများစွာ
သွပ်သွင်းထားတဲ့ မာယာရှင်မူးမြစ်ဟာ
မလောက်လေး မလောက်စား ထင်ချင်စရာ ကောင်းနေတုန်း
တကယ့်တကယ်ကျတော့
“လူသားစားသတ္တ၀ါကြီးတစ်ကောင်ပါပဲ”လို့
ငယ်ငယ်က မေမေ ကျွန်တော့်ကို ပြောဖူးတယ်။
အဲဒီ့မြစ်ကြီးရဲ့ ပုခုံးကိုမှီပြီး
“ရေဦး”ဆိုတဲ့ အညာမြို့ပေါက်စကလေးဟာ
တိုးတိုးတိတ်တိတ် ငြိမ်သက်
အိမ်နြေ္ဒရှိရှိ ငုတ်တုတ်ထိုင်နေလေရဲ့။
အဲဒီ့မြို့ကလေးမှာပေါ့
ကျွန်တော့်ကို ပိုးလိုမွေးခဲ့တဲ့ မေမေ့ကို
မေမေ့ရဲ့ မေမေက ပိုးမွေးသလို မွေးခဲ့တယ်။
မေမေမွေးတဲ့ မြို့ကလေးမှာပေါ့
နံနက်ခင်း ကောက်ညှင်းပေါင်း အငွေ့တထောင်းထောင်း
အကြော်စုံ(လတ်လတ်ဆတ်ဆတ်)
နွားနို့မလိုင်များ ပေါလောပေါ်နေသော
သဘောခပ်ကောင်းကောင်း လက်ဖက်ရည်ဆိုင်များ
(လတ်လတ်ဆတ်ဆတ်)
မီးတိုင်အောက် အုတ်ခုံပေါ်
ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပျော်ကြသော ဂစ်တာဝိုင်းများ
(လတ်လတ်ဆတ်ဆတ်)
မျက်စိတဆုံး မြေနီလမ်း လေညှင်းခံ ခြေလှမ်းများ
(လတ်လတ်ဆတ်ဆတ်)
စက်ဘီးတွေနဲ့ ဗိုက်ပြည့်နေတဲ့ မြို့ကလေး
“တခွပ်ခွပ်”စည်းချက်များ အသက်ဝင်နေတဲ့ မြို့ကလေး
ယဉ်တစ်မျိုးလှ ပါးကွက်ကြား အပျိုမတို့ရဲ့ မြို့ကလေး
ရွှေအိုရောင် ဆည်းဆာအလှကို ရှင်းရှင်းလင်းလင်း
မြင်ခွင့်ရတဲ့ မြို့ကလေး
မြစိမ်းလွင်ပြင်နုတို့ ယိမ်းထိုးထူပြောနေတဲ့ မြို့ကလေး
အရုဏ်ဦး တုံးမောင်းခေါက်သံသဲ့သဲ့နဲ့ မျက်နှာသစ်တတ်တဲ့
မြို့ကလေး။
အညာဆန်လို့ ရိုးသတဲ့လား
“မေမေမွေးတဲ့မြို့ကလေး”ဟာ
ဆည်းလည်းသံလေနုအေးမှာ
တမာရနံ့သင်းသင်း
အပူအပင်ကင်းကင်း…
အရာရာကိုရောင့်ရဲ
စကားလည်း အလွန်နည်းလှတယ်။ ။

ဖိုးဆောင်း
(ရုပ်ရှင်တေးကဗျာ၊ဧပြီ၊၂၀၀၃၊စာ-၁၂)

ကြာပွတ်သီချင်း

ကြာပွတ်သီချင်း

ငါ့ရဲ့ နောက်ကျောမှာ
ဆေးသားအဟောင်းတွေ အဖတ်လိုက်ကွာကျမယ်။
အသည်းကွဲမယ်။ခေါင်းကိုက်မယ်။အိပ်ရေးပျက်မယ်။
ဒီသီချင်းကို မင်းဖွင့်တဲ့အခါ

ငါ့ရဲ့ ရင်ထဲမှာ
ဒဏ်ရာအသစ်တွေရမယ်။
တောမီးလောင်မယ်။အသိုက်ပျက်မယ်။သွေးစိမ်းရှင်ရှင်
ထွက်မယ်။
ဒီသီချင်းကို မင်းဇွင့်တဲ့အခါ

ရှိပါစေတော့။
နေဟာနေအတိုင်း
လဟာလအတိုင်း။
မင်းက
ညွတ်ပြောင်းသွယ်လျသော ရက်စက်မှုကို
အစီအစဉ်တကျမွေးမြူတယ်။
ငါကတော့
မင်းကိုယုံကြည်ပြီး
ရက်စက်မှုကို စုံလုံးကန်းခဲ့လေတယ်။
သစ္စာတရားက ကျောတစ်ရာ ရင်တစ်ရာ။
ငရဲအလင်းနဲ့
ဒီသီချင်းကို မင်းဖွင့်တဲ့အခါ။ ။

နိုင်မွန်အောင်သွင်
(ရုပ်ရှင်တေးကဗျာ၊ဧပြီ၊၂၀၀၃၊စာ-၉)

ထွက်ပြေးတဲ့အခါ

ထွက်ပြေးတဲ့အခါ

ထွက်ပြေးတဲ့အခါ
ပိတ်ဆို့လမ်းတွေကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်ကတောင် လေးလံရဲ့။

ထွက်ပြေးတဲ့အခါ
မျက်လုံးများစွာကြား
ပြားပြားဝပ်အကျဉ်းကျ
ပါးစပ်ပေါက်တွေက ကာဆီးတောင်တန်း
ကျရတဲ့ မျက်ရည်တွေက ပင်လယ်။

ထွက်ပြေးတဲ့အခါ
နာကျင်ခြင်းမြွေတွေက
ခန္ဓာကို လိမ်ပတ်
ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူး မျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကို ပိုရုပ်ကြွလာစေပြန်တယ်။

ထွက်ပြေးတဲ့အခါ
အရိပ်တွေက
နဂိုထက်မြန်မြန်ပိုလိုက်
ဒါနဲ့ပဲ
မိုက်မဲတဲ့အသည်းက
မေ့ထားသမျှကို ပိုပိုသတိရ
အဲဒီအခါ…
“နင်ဟာ အနာတရနဲ့သာ ထိုက်တန်တဲ့ကောင်“လို့
ကိုယ့်ကိုကိုယ်ဆဲရေးရ
တကယ်တမ်းကျ
“ထွက်ပြေး“ရတာကိုက
“ထွက်ပြေးမရ“တာ။ ။

မေငြိမ်း
(ရာစုသစ်မြစ်ကျဉ်း၊အမှတ်-၄၊စာ-၅)

အိမ်

အိမ်

ဆူဆူညံညံနဲ့မှ နေလို့ကောင်း
အ၀တ်တွေဟောင်းလည်း ဟောင်းပစေ
အိုးခွက်တွေဟောင်းလောင်းလည်း လောင်းပစေ
ကြမ်းချောင်းတွေကျဲလည်း ကျဲပစေ
တိုးတိုးခွေခွေရင်ငွေ့ဝေကြ
ထူးထူးထွေထွေတွေမလိုဘူး
တစ်ယောက်စိတ်တစ်ယောက်ခူးပန်ကြရုံ။ ။

စည်သူငြိမ်း
(အိုင်ဒီယာ၊ဖေဖော်ဝါရီ၊၂၀၀၃၊စာ၁၄)

မိသားစု

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက်နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်းအခုတ်ခံရတယ်
မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်ကတောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

မိသားစုဆိုတာ
ရှင်သန်ဖို့အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေး ၀င်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု။

ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာမလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက်ရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲ ဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ ဂိုးတွေကို ငါသွင်းခဲ့တာ။ ။

စိုင်းဝင်းမြင့်၊၂၀၀၂
(ချယ်ရီ၊ဖေဖော်ဝါရီ၊၂၀၀၃၊စာ-၁၀)

အိမ်ဝေးကြယ်

အိမ်ဝေးကြယ်

ဘယ်ဆီကို လှမ်းမျှော်ရမှာလဲ ရာသီ။
ကျွန်တော်မှာ လေတွေလို တိုးတိုးလေး ကြေကွဲရ။
ပြေးပေမယ့်
ဒီအ၀န်းအရပ်က လွတ်မထွက်နိုင်သော
ဇာတ်လမ်းနဲ့
စိတ်နဲ့မထပ်သော
တလက်လက် ပူအိုက်မှု၊
ဖြတ်သွားဖြတ်လာ ခပ်ဖျော့ဖျော့အနွမ်း၊
ပြီး၊သမ်းဝေမှုများစွာနဲ့ ကျွန်တော်။
မြို့ကြီးပြကြီးမှာ
တောမှောက်သော နက်ရှိုင်းခြင်းများ
ဘယ်လက်ကို လှမ်းဆွဲရမလဲ စဉ်းစားမိ
မေမေလည်း
မရှိတော့ဘူး။ ။

ကေမျိုးငြိမ်း
(ရုပ်ရှင်တေးကဗျာ၊ဖေဖော်ဝါရီ၊၂၀၀၃၊စာ-၁၂)

ကြေးဝါရုပ်တု

ကြေးဝါရုပ်တု

ဟောဒီ မြို့လယ်ခေါင်ကြီး
ငါ့ကို ဒီအတိုင်း ရပ်ခိုင်းထားကြတာ ဘာလုပ်မလို့ပါလိမ့်
တကယ်တော့ ငါ့မှာ သွားချင်တဲ့ နေရာရှိတယ်
ပြောချင်တဲ့ စကားလုံးရှိတယ်
အတိတ်ကာလဆန်တဲ့ ငါ့အရေပြား ၀ါညစ်ညစ် အရောင်မတောက်နိုင်တော့ဘူး
ငါရုန်းလိုက်တာနဲ့
ငါ့အသားတွေ တစ်စစီ ပဲ့ကျ ကြေမွကုန်မှာ
ငါ မသေတဲ့အကြောင်း နေ့တိုင်း အော်ပြောတယ်
မော်တော်ကားတွေလည်း မကြားဘူး
လူတွေက ဦးထုပ်နဲ့ တုတ်ကောက်နဲ့ လက်ဆွဲအိတ်နဲ့
လမ်းလျှောက်တဲ့ အလုပ်ပဲ အရေးတကြီး လုပ်နေကြ
ဒီလိုနဲ့ ကြေးဝါရောင်မျက်နှာနဲ့ ရုပ်တုတစ်ခုရဲ့ အော်သံဟာ
နေလုံးတစ်လုံး ပျောက်ကွယ်သွားတိုင်း နာကြဉ်းမှုတစ်ထပ် တက်လာခဲ့
ငါ ဒီအတိုင်း ရှင်သန်မနေချင်တော့ဘူး။
ဂုဏ်ပြုတာရော မထေမဲ့မြင် ဟာသလုပ်တာရော နှစ်ခုစလုံးကြောက်တယ်
ရုပ်တုတစ်ခုအဖြစ် ပြီးပြည့်စုံသွားတဲ့အခါ
ကိုယ်ပိုင်အတွေးအခေါ်အားလုံး ပျောက်ဆုံးသွားရ(ဦးခေါင်းအသုံးချစရာ မလိုလို့)
ငါ့ကို ပင်လယ်ကြမ်းပြင်အောက် ပစ်ချရင်တောင်
ဒီအတိုင်း တစ်သက်လုံး ရပ်နေရမယ့် အကောင်ပါ
အခြားမြို့တစ်မြို့က မိတ်ဆွေရုပ်တုဆီ စာတစ်စောင်ရေးဖို့
သူ့ရဲ့လိပ်စာကို ပေးပါ(ဒီလိုလေ…)
လူကြီးမင်းခင်ဗျာ…သင်ဟာ လီဆယ်ထားတဲ့ ကျမ်းစာတစ်စောင်ကို
ဖတ်နေရခြင်း မဟုတ်ပါ
ကျွန်တော်ဟာ ဒီမြို့ကလေးမှာ ရုပ်တုတစ်ခုမျှသာ ဖြစ်တဲ့အတွက်
ကျွန်တော့်အကြာင်းကို မပြောပြနိုင်ပါဘူး
ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ(ဘ၀)အနုပညာအားလုံး
ဝံပုလွေလို ပန်းပုဆရာလက်ထဲ ပေးအပ်ခဲ့ရ
ကျွန်တော်ဟာ လူတွေ နားမလည်နိုင်တဲ့
စကားများကို ပြောကြားသူအဖြစ်။
ဒီရာစုနှစ်ထဲ ကျန်ရစ်ခဲ့ပြီလား…
တဆိတ်-ကျွန်တော့်အကြောင်းကို စုံစမ်းပြီး
ကျွန်တော့်ဆီ အမြန်ဆုံး အကြောင်းကြားပေးစေလိုပါတယ်။ ။

ပိုင်
(သောင်းပြောင်းထွေလာရယ်စရာ၊ဖေဖော်ဝါရီ၊၂၀၀၃၊စာ-၇)

သင်္ဘောပျက်များ

သင်္ဘောပျက်များ

ပင်လယ်က ဘယ်လောက်ပဲတေးဆိုဆို
သင်္ဘောပျက်တွေကတော့ နိုးထလိမ့်မည်မဟုတ်
ပင်လယ်အောက်မှာ သင်္ဘောပျက်တွေ ပူနွေးစွာအိပ်ပျော်နေကြ
မနှိုးလိုက်ပါနဲ့တော့။အသံမပြုလိုက်ပါနဲ့တော့…
သင်္ဘောပျက်တွေလို ဟောင်းနွမ်းတိမ်မြုပ်နေတဲ့ ငါ့နှလုံးသားကို
တစ်စုံတစ်ရာသော မျှော်လင့်ချက်ဥသြသံတွေနဲ့ မဆွဲတင်လိုက်ပါနဲ့တော့
မာလိန်မှူးဟောင်းတွေက ကမ်းခြေမှာ အရက်သောက်ပြီး
သူတို့မောင်းနှင်ခဲ့တဲ့ သင်္ဘောတွေကို သတိရနေသလိုမျိုး။ ငါ့ကို သတိမရသင့်တော့
သင်္ဘောပျက် အစုအဝေးကြီးဘယ်တော့မှ ရေပြင်ထက် တက်မလာတော့သလို
ကြေကွဲမှုတွေက နှစ်များစွာအောက်ခြေမှာပဲ ဆိတ်သုဉ်းနေထိုင်ကြ
နေရောင်အောက်မှာ ပင်လယ်ဟာ တလက်လက်တောက်ပနေပေမယ့်
ငါ့အတွေးမှတ်ဥာဏ်ထဲမှာတော့ နက်ရှိုင်းငြိမ်သက်လို့သာနေပေရဲ့
သင်္ဘောပျက်တွေရဲ့ မျက်လုံးတွေ ဘယ်တော့မှ ပွင့်မလာတော့သလို
ငါ့မျက်လုံးကို ဘယ်တော့မှဖွင့်ပြီး မောင်းနှင်လာတော့မှာမဟုတ်
သင်္ဘောပျက်ထဲမှာ အရိုးစုနဲ့ ရတနာသေတ္တာတွေရှိနိုင်သလို
အထီးကျန်မှုနဲ့ ငါ့အတိတ်ဟာ မည်းမှောင်အေးစက်မှုထဲမှာ ပေါလောမျောနေတယ်
မာလိန်မှူးဟောင်းတွေရဲ့ ဆေးတံထဲက မီးခိုးငွေ့တွေထွက်နေပုံက
သူတို့ကိုယ်တိုင်က သင်္ဘောတွေလိုလို
သင်္ဘောတစ်စင်းထဲ လေ့လာနေသလိုလို
သင်္ဘောပျက်တွေရဲ့ ထာဝရတင်းမာနေတဲ့ ချေးညှိတက်သံလက်ကိုင်တွေဆီ
သူတို့လက်တွေ ရောက်မလာတော့
ထာဝရဝေးကွာသွားတဲ့ ချစ်သူတွေလို
သင်္ဘောပျက်တွေရဲ့ မီးခိုးခေါင်းတိုင်ဆီက စကားသံကြားရတော့မှာမဟုတ်။ ။

ပိုင်
၁.၉.၂၀၀၁
(အိုင်ဒီယာ၊ဇန်န၀ါရီ၊၂၀၀၃)

စာကျက်ပျော်တဲ့ ငဗျော့

စာကျက်ပျော်တဲ့ ငဗျော့

ဆိုက်ကိုတော့ ဆိုက်ကိုပဲ အင်္ဂလိပ်လို Psycho မှာ စစချင်းစာလုံးက
S မဟုတ် C မဟုတ်နဲ့ P ဖြစ်နေတာကိုက ဆိုက်ကိုပဲ မညာနဲ့...မညာနဲ့နော် အရင်ကလုပ်ခဲ့တာမှန်သမျှ
အိပ်မွေ့ချပြီးမေးလို့ရတယ်
လိင်စိတ်ဟာ လူ့ဘ၀အတွက် ဘယ်ပုံဘယ်နည်း အရေးပါ အရာရောက်နေသလဲ
ဟိုလူက ရေကြောက်တယ် ဟိုလူက အမြင့်ကြောက်တယ် ဟိုလူက မီးခြစ်ဆံကြောက်တယ် ဟိုလူကျတော့ ထူးထူးဆန်းဆန်း
လက်ဖက်အစိုကို ကြောက်သတဲ့ ကြောက်သင်ပုန်းကြီးကို မခြစ်နဲ့ သွားကြိမ်းတယ်ပြောမယ်
ဥပမာ-ကျွန်ုပ်သည် တစ်လောကလုံးနှင့် အတိုက်အခံဖြစ်နေသည်ဟု ခံစားရသည်
အမြဲတမ်းလိုလို/မကြာခဏ/အတော်အတန်/တစ်ခါတစ်ရံ-စတာတွေအပေါ်
ရွေးချယ်မှုအလိုက် အမှတ်ပေးစနစ်ထားရှိတယ် မျက်နှာကို ခဏခဏ သပ်ချနေတယ် လက်ကို
ခဏခဏ ဆေးကြောနေတယ် တံခါးဂျက် ခဏခဏ သွားကိုင်နေတယ်
လူနာရဲ့ လက်ရှိအသက်အရွယ်/အလုပ်အကိုင်/ လူနေမှုအဆင့်အတန်း/ပေါင်းသင်းဆက်ဆံရေးအခြေအနေ/နဂိုနေအသိဥာဏ်
ဒါ့အပြင် အရေးကြီးတာက ကျားလား မလား ဟိုတစ်ပိုင်း ဒီတစ်ပိုင်းလား
လူနာရဲ့ အတိတ်သမိုင်းက အထင်ကရဖြစ်ရပ်ကြီးတွေကနေ
ပိစိနှောက်တောက်ခံစားမှုလေးတွေအထိ အသုံးဝင်တယ် ငလျင်ဘေးကြုံခဲ့သေးသလား မီးကြီးလောင်ခဲ့ဖူးသလား
မုန်တိုင်းမိခဲ့ဖူးသလား ဆိုတာမျိုးကနေ ငယ်ငယ်က ပုလင်းကွဲရှဖူးသလား နေမကောင်း မဖြစ်ခင်နှစ်တွေတုန်းက
အမြင့်က လိမ့်ကျဖူးသေးလား ပျိုဖော်ဝင်စအရွယ်မှာ ဘယ်အကြောင်းအရာက စိတ်အထိခိုက်ဆုံးဖြစ်ခဲ့သလဲ
အိပ်မက်ထဲမှာ ပုန်းအောင်းနေတဲ့ ဆန်ဒတွေ/ရယူလိုမှုတွေ မသိမသာ(သို့မဟုတ်)သိသိသာသာ အိပ်စက်နေချိန်မြင်မက်သမျှ
အိပ်မက်အားလုံးအရေးကြီးတယ် လူတစ်ယောက်ရဲ့ မသိစိတ်ကို
အဲဒီ့လူမက်တဲ့ အိပ်မက်တွေကနေတဆင့် ခြေရာခံကြည့်တယ် လေ့လာတယ် မှန်းဆတယ် အိပ်မက်တွေဟာ
မသိစိတ်ရဲ့ ပြတင်းပေါက် ရာဇ၀တ်မှုတစ်ခုခုကို ရင်ဆိုင်ရန် စောင့်ဆိုင်းနေတဲ့ တရားခံတွေမှာ
ဂင်ဆာလို့ခေါ်တဲ့ သတိမေ့တဲ့ ရောဂါဖြစ်တတ်ကြောင်းလည်းသိရ ပညာတတ်အထက်တန်းလွှာတွေမှာတောင်
စိတ်စွဲကိုယ်ရည်ကိုယ်သွေးရောဂါတချို့ရှိနေတာ တွေ့ရ နောက်တစ်ခုက (၁)စိတ်ရင်း(၂)အတ်တပင်ကိုယ်စိတ်နဲ့
(၃)ပင်ကိုယ်လွန်စိတ် ဆိုတဲ့ ဗီဇဆိုင်ရာ သင်္ကေတသုံးမျိုးအပါအ၀င်
ပျိုဖော်ဝင်စအရွယ်(၁၂နှစ်မှ ၁၈နှစ်ထိ) အပြင်းအထန်ပူးသတ်ခံရတဲ့ လိုင်ဘီဒိုးဥာဉ်ဆိုတာ
ဖြစ်လေ့ဖြစ်ထရှိတတ်တာမျိုးပဲ
မဟုတ်ဘူး မဟုတ်ဘူး ဒေါက်တာပြောသလိုမဟုတ်ဘူး ကျွန်မလည်ချောင်းထဲမှာ
ဖားတစ်ကောင်ရှိနေတာ သေချာတယ် ဒေါက်တာက ခေါင်းကို ခါတယ် ဖြည်းဖြည်းချင်းနဲ့ သက်တမ်းရင့်လာတဲ့
စိတ်စွဲရောဂါဟာ အကြောက်ရောဂါနဲ့ ပေါင်းစပ်လိုက်တော့ စိတ်စွဲအကြောက်ရောဂါဖြစ်လာတယ်
အများရှေ့မှာ စကားမပြောဝံ့/စာမရေးဝံ့/ချွေးပြန်/လက်တုန်/ ထစ်ငေါ့နေရင်
လူမှုရေးအကြောက်လွန်နေပြီဟုမှတ်ရန် မှတ်ဥာဏ်မှာ
ကွက်လပ်တစ်ခုခုဖြစ်ခြင်း(မေ့လျော့မှု)ကို ရောဂါရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး
ပညာရပ်ဆိုင်ရာယူဆချက်များအရ လွဲနေတဲ့ စံတွေ သွေနေတဲ့ စံတွေ ရှိနေခြင်းအားလည်း
မလွဲမသွေ သိလာရ အိဒီပတ်စ်ကွန်းပလက်စ်ကို အဇာတသတ်စိတ်လို့ ခေါ်ရင် ရမလား
အချိန်မှီတွန်းလှန်ဖြိုဖျက်နိုင်မှ တော်ကာကျမယ့် အဖသတ်သားစိတ်ပဲ
စိတ်ပညာအပေါ် လူတွေရဲ့ ဒီကနေ့သိမှုကို ဆန်းစစ်တော့
လမ်းခလယ်မှာ လျှောက်သွားနေတတ်တဲ့ စိတ်ဝေဒနာရှင်တွေတွေ့တိုင်း
ကြားကြားနေရတတ်တာက “အဲဒီ့ကောင် အရင်က အီးသိပ်ကောင်းတာ
စာကျက်လွန်ပြီး ရူးသွားတာ”တဲ့။ ။



လွန်းဆက်နိုးမြတ်
၃.၄.၁၀
နံနက် ၀၀း၂၅နာရီ

Friday, April 2, 2010

သန့်သန့်သန့်...သန့်ရှင်းရေး...ရေးရေးရေး

သန့်သန့်သန့်...သန့်ရှင်းရေး...ရေးရေးရေး


သေးသေးကွေးကွေးလေးတွေကို ရှင်းလင်းရတဲ့အခါ
အချိန်ပေးရတယ်
သိတယ်မဟုတ်လား အိမ်ရဲ့ ဘယ်နေရာမှာမဆို သေးသေးလေးတွေရှိတယ်
နေရာတိုင်းနေရာတိုင်းပဲ
သေးသေးမွှားမွှားလေးတွေ အများကြီးမှ အများကြီးတွေ
စက်ကူညှပ်တဲ့ ပလတ်စတစ်ကလစ်လေးကအစ
ဘယ်နေရာက ထွက်လာမှန်းအတိအကျမသိရတဲ့ ဆားကစ်ပြားလေးတွေအဆုံး
သံချေးတက်နေတဲ့ အပ်၊မမွှေးတော့တဲ့ ရေမွှေးပုလင်းခွံ၊သော့အမျိုးမျိုး၊
ဆိုတော့ ဒီရှင်းလင်းပွဲဟာ အပြည်ပြည်ဆိုင်ရာ အရေးပေါ် သတင်းစာရှင်းလင်းပွဲတွေထက်
ပိုအနုစိတ်ရတယ်
ကိုယ့်စိတ်ရဲ့ ရာသီဥတုကလည်း ကောင်းနေဦးမှ ဒီစိန်ခေါ်မှုကို တုန့်ပြန်နိုင်မှာမဟုတ်လား
အကုန်အစင်သွန်ခါလိုက်ရင်တောင်
ပြန်ကောက်ထည့်ရဦးမယ့် အပိုင်းအစတွေ အပိုင်းပိုင်းအစစတွေ
အိမ်က တံခါးဘောင်ပေါ် အလွယ်တကူတင်ထားတဲ့ ဖယောင်းတိုင်အတိုတွေ
ဆေးပေါ့လိပ်အစတွေ ရှိစေတော့ တစ်ဝက်တစ်ပျက်ကျန်နေသေးတဲ့
သောက်ဆေးကဒ်တွေ ပလတ်စတစ်ဆေးပုလင်းခွံတွေ
စေတော့ရှိ စေတော့ရှိ စတဲ့ စကားလိမ်တွေ
အကြိုအကြားထဲက လုံးပါးပါးသွားတဲ့ ပရုတ်လုံးသေးသေးလေးတွေမဟုတ်ဘူး
(မဟုတ်ရပါဘူး)
လက်ထဲမှာ ပေါက်သွားမှ အိမ်မြောင်ဥမှန်းသိတယ်
သစ်တာအဖုံး အံဝှက်ထဲမှာ တစ်ချိန်က အရေးကြီးခဲ့ဖူးမယ့်
ငွေလက်ငင်းဖြတ်ပိုင်းစာရွက်အထပ်လိုက်
ဘ၀မှာ အရေးမပါမှန်းမသိခဲ့တဲ့ သံရင်ထိုး/ကော်ရင်ထိုးလို
ဆုတံဆိပ်သေးသေးလေးတွေကလည်း တမှောင့်
ဒါဟာ ကိုယ့်စိတ်ကိုယ် တော်တည့်မှန်ကန်အောင် ချိန်ညှိခြင်းတစ်မျိုးလို့တောင်
ဆိုရမလိုပါပဲ
တံမြက်စည်းနဲ့ချည်း မိုက်လို့မဖြစ်တော့ ကြက်မွှေးကို ပြောင်းလဲကိုင်တွယ်
အဆုတ်ထဲထိ တိုးဝင်လာမယ့် အမှုန်အမွှားတွေကိုလည်း ထည့်တွက်ထားရမယ်
ချောင်အကွယ်က ပိုးဟပ်နဲ့ကင်းခြေများ မိသားစု
မင်းအိမ်မင်းယာဆိုပေမယ့်
ငါ့အိမ်ငါ့ယာလည်းဟုတ်နေတယ် ကိုပင့်ကူရေ
ဆေးကွက်မှုန်ဝါးပြီး ဘယ်လိုမှမပီပြင်တော့တဲ့ ဓာတ်ပုံတွေဆိုတာ
ဘယ်နေရာမှာ ဘယ်သူနဲ့ရိုက်ထားလို့ ဘယ်သူကကိုယ် ကိုယ်ကဘယ်သူလဲ
ပြန်မမှတ်မိလောက်အောင်ဖြစ်ရတယ်
ဝက်တွေလို နံရံထောင့်ချိုးအကွယ်မှာ ကာလကြာမြင့်စွာ
ငြိမ်သက်နေရသူ ၀က်အူရစ်လေးတွေလည်းပါသေး
ပန်းချီကားနဲ့ နံရံကြား ဘယ်အချိန်က ဘယ်သူထားသွားမှန်းမသိရတဲ့
အမျိုးသားစာပေများလည်း ထွက်ကျလာ
တစ်စစီပြန့်ကျဲနေတဲ့ ပိစိနှောက်တောက်တွေ အများကြီးကိုကြည့်ရင်း
အ၀တ်စုတ်တစ်ခုအရင်းပြု ဟိုနေရာပွတ် ဒီနေရာပွတ်
လီလီပွတ်ရောက်နေသလိုလို ဂါလီဗာဖြစ်နေသလိုလို
ရှင်းပြရခက်ခဲတဲ့ အခြေအနေတစ်ခုက စေ့ဆော်လိုက်တဲ့ အချိန်မှာ
လူတွေ သန့်ရှင်းရေးလုပ်တတ်ကြတယ်။ ။


လွန်းဆက်နိုးမြတ်
၁၃.၃.၁၀
ည၁၁း၀၀နာရီ

ကမ်းဝေး

ကမ်းဝေး

လှိုင်းရေ…
ရှိုက်သံစွက်တဲ့ အလွမ်းတွေ
ငါ့…စိတ် ကမ်းဆီ သယ်မလာပါနဲ့
ငါက ချစ်လို့
ပြန်လာခဲ့တာပါ
ပင်လယ်…။ ။

စောဝေ
(အိုင်ဒီယာ၊အောက်တိုဘာ၊၂၀၀၂၊စာ-၂၂)

ထစ်အခဲ့တဲ့ ဂီတ

ထစ်အခဲ့တဲ့ ဂီတ

ပေါင်မုန့်ကို မြင်နေရပေမယ့်
ပေါင်မုန့်မဖြစ်ခဲ့ဘူး။
လက်ဖက်ရည်ကို မြင်နေရပေမယ့်
လက်ဖက်ရည် မဖြစ်ခဲ့ဘူး။
ဒီမှာ…
စီးကရက်တွေ အလိပ်လိုက် အလိပ်လိုက်
ဘယ်လိုမှ မီးညှိလို့ မရဘူး။
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်
ဘယ်လိုမှ ကြိုးနဲ့စိတ် ညှိလို့မရဘူး။
မနက်နေမပွင့်ခင်ကတည်းက
သူ့ကိုဖွင့်ချခဲ့တဲ့ ကက်ဆက်သီချင်းလေ
ညမိုးကြီးကြီးချုပ်မှပဲ
သူ့အသံဖွာဖွာလေးကို တစ်စစီပြန်ရတယ်။ ။

စိုင်းဝင်းမြင့်
(ရနံ့သစ်၊အောက်တိုဘာ၊၂၀၀၂၊စာ-၁၄)

မြစ်သေ

မြစ်သေ

နေ့သားအတိအကျမရှိ
စကားခွန်းငါးခွန်းနဲ့
ကျောသားဟာ
အတ္တဓါတ်စီးလို့
ရင်ကွဲရာသီမှာ
အဆုပ်ပေါ်က
အနာဖေးဟာ
ဘေးလွတ်ရာပြေးရင်း
မြို့ပေါ်ကျသေခဲ့တယ်။
သံသရာတေးသီရာ မျက်ရည်တွေ
အတုအစစ်တွေက နှင်းစက်တွေဖြစ်
ဖ၀ါးစွန်းတစ်ဖက်နဲ့ လမ်းကျဉ်းတို့မှီရာ
လရောင်အက်ကြွေရာ
မြေနံ့သင်းရာ သက္ကရာဇ် ၂၀၀၀
အူဝဲသံကြားရာ အရပ်
ခြေစုံပစ်ကာရပ်လို့။
ဘာသာဗေဒသင့်ရာမြို့
အသက်သွင်းခံဖူးပြီ။ ။

ယုဝ
(ရနံ့သစ်၊အောက်တိုဘာ၊၂၀၀၂၊စာ-၁၃)

ညနေဥယျာဉ်

ညနေဥယျာဉ်

ဘ၀ကို မိုးဦးကျ ပျိုးခင်းလေးလောက်ဖြင့် စိမ်းစမ်းပါရစေဦး
အသိမေ့လျော့ခြင်းတို့ဖြင့် ပျော်ခဲ့ရတဲ့
ငါ့ငယ်ဘ၀…
အိပ်မက်တို့ တစ်နေ့ဖြစ်လာနိုးနဲ့
စိုးရွံ့ကြည်နူးခဲ့ရတဲ့ ငါ့ရင်ခုန်သံတို့
ပြန်လာခဲ့ပါ
အရေးပေါ် ခိုကိုးစရာဆိုလို့ အရေပြားပေါ်က ရာသီတွေနဲ့ပဲ
နေသာထိုင်သာ ရှိခဲ့ပါရဲ့
အချစ်ဟာ နွံဗွက်ထဲ ရုန်းနေရတဲ့ အရသာလား
ခါးသီးဖွယ် အမုန်းကို ဖုံးဖိထားတတ်တဲ့ သကာလား
အိပ်စက်မရတဲ့ ညဥ့်နက်တွေ အကြောင်း…
(ကိုင်းပင်နဲ့ပဲ ဖြစ်ဖြစ်) ခေါင်းလောင်းထိုး အသိပေးချင်ပါတယ်။
စိတ်က ထိုင်ချလိုက်တဲ့ ထိုင်ခုံလေးလောက်မှ ကြံ့ခိုင်မှုမရှိ
နာမည်က ကောက်ဝါးလိုက်တဲ့ ငါးကင်လေးလောက်မှ
မမွှေးပျံ့ဘူးတဲ့
စောင်မခြုံလိုက်မိရင် လေစိမ်းအတိုက်ခံရမယ်
ကိုယ်ရေးကိုယ်တာ ဖျားနာနေသူတစ်ယောက်အဖို့
ဟာသလိုတယ်တဲ့
ကျန်တာ ဘာမှ မလိုဘူးဆိုပဲ
ဟေ့…ငါ ဘာလိုချင်လို့လဲ မသိဘူး
ပျော်ရွှင်မှုဆိုတာ ကြောက်စရာ အကောင်းဆုံး မေ့လျော့မှု ဖြစ်ရဲ့
ဒီဝါကျရဲ့ အဓိပ္ပါယ်
ငါ နားလည်အောင် အသံတိတ်ရှင်းပြစမ်းပါ ညနေခင်းတို့…
ဒီအချိန်ဆို မင်းတို့လည်း စိတ်ကူးတွေ တငြိမ့်ငြိမ့်စီးရင်း
ရောက်လာကြပြီပေါ့။ ။

ရာမျိုး
(အိုင်ဒီယာ၊စက်တင်ဘာ၊၂၀၀၂၊စာ-၂၁)

ကြောက်တတ်တဲ့ ကောင်းကင်

ကြောက်တတ်တဲ့ ကောင်းကင်

ငါရှိရာဆီ
မမီ့တမီ တိုးထွက်လာတဲ့ တောင်တွေရယ်
ငါရှိရာဆီ
မီလုမီလု မြင့်တက်လာတဲ့ သစ်ပင်တွေရယ်
ငါရှိရာဆီ
မမီနိုင်မှန်းသိလျက် ရှည်ထွက်လာတဲ့ အရပ်တွေရယ်
အဲဒီအတွက်
အားတွေတက်ရပေမယ့်လည်း…
ငါ့ကို ကျောခိုင်းလျက်
မြေရှိတဲ့ဘက်မှ ရွာချတဲ့မိုးရယ်
ငါ့ကျ ကျောခိုင်းပြီး
ကမ္ဘာ့ကျမှ သွားလင်းပေးတဲ့ လရယ်
ငါ့ကိုကျတော့ ကျောပေးထားပြီး
နိမ့်ရာဝေးရာကိုမှ သွားစီးတဲ့ရေရယ်
ငါငုတ်တုတ်ရှိရက်
လက်ဟန်ခြေဟန်နဲ့ ရန်ဖြစ်နေကြတဲ့
…ကြယ်တွေရယ်
ပြီးတော့
မရေရာ မပြတ်သား
မိုးနဲ့မြေကြား
စကားခပ်များများနဲ့
လျှောက်သွားနေတတ်တဲ့ တိမ်ရယ်
အဲဒါတွေအတွက်တော့
ဆက်လက်ကြောက်ရပေဦးမပေါ့။

ခင်ပန်နှင်း
(မဟေသီ၊စက်တင်ဘာ၊၂၀၀၂၊စာ-၁၂)