Friday, May 28, 2010

ပြတင်းတစ်ချပ်သို့ အမှတ်ရချက်…။

ပြတင်းတစ်ချပ်သို့ အမှတ်ရချက်…။


သားတို့ အိမ်နားက လူမနေတဲ့ တိုက်ခန်းတစ်ခုမှာ နေ့ရောညရော တံခါးတစ်ခြမ်းဟင်းလင်းပွင့်နေတဲ့ မှန်ပြတင်း ပေါက်တစ်ခုရှိတယ် ဘာလို့ ပွင့်နေမှန်းတော့ သားလည်း မသိဘူး တချို့နေ့လယ်နေ့ခင်းတွေမှာဆိုရင် ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတဲ့ အဲဒီ့မှန်ပြတင်းက တန်ပြန်အလင်းတွေဟာ သားတို့သူငယ်ချင်းတွေ ဆော့ကစားနေကျ သဲပြင်ကွက်လပ်ဆီ စူးခနဲစူးခနဲ ရောက်ရောက်လာတယ် အဲဒီလိုရောက်လာတဲ့အခါ မွှေးနီက “သောက်တံခါး ကလည်း”ဆိုပြီး မြေကြီးပေါ်က ခဲလုံးတစ်လုံးနဲ့ မှန်ပြတင်းကို လှမ်းပေါက်တတ်တယ် ဒါပေမယ့် ပြတင်းပေါက်က ဟိုးအမြင့်ကြီးမှာဆိုတော့ မွှေးနီပစ်လိုက်တဲ့ ခဲလုံးတွေဟာ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ်ကို တဖုတ်ဖုတ် ပြန်ပြုတ်ကျလာတာချည်းပါပဲ ဒါကို မကျေနပ်လို့ဆိုပြီး မွှေးနီက တစ်ခါနှစ်ခါ ထပ်ပစ်ပြန်ပါတယ် ပစ်ပြီးသွားတော့ “ငါက ငယ်သေးလို့ပေါ့ကွာ ငါကြီးလာမှ ခဲကြီးကြီးနဲ့ အဲဒီ့ပြတင်းမှန်ကို ခွဲပစ်မယ်”လို့ ကျိန်းတယ် နောက်တော့ လည်း မွှေးနီခေါင်းထဲ အဲဒီ့ပြတင်းပေါက်ကိစမေ့သွားပြီး သားတို့နဲ့ ဆက်ကစားဖို့ပဲ သိတော့တယ် သားတို့လမ်း ထဲမှာနေတဲ့ နတ်ကတော်ကြီးကတော့ အဲဒီ့မှန်ပြတင်းပေါက်မှာ ညဖက်ညဖက်ဆို မျက်နှာဝါ၀ါကြီးတစ်ခု ပေါ်လာ တတ်တယ်လို့ သားတို့ကလေးတွေကို တစ်ခါပြောဖူးထားလို့ ညဖက်ကစားတဲ့အခါ သားတို့တွေ ဘယ်တော့မှ အဲဒီ့ပြတင်းပေါက်နားမှာ မကစားရဲကြတော့ဘူး နတ်ကတော်ကြီးကို ကြည့်မရတဲ့ မွှေးနီတောင် နတ်ကတော်ကြီး စကားကြောင့် ညဖက်ဆို အဲဒီ့မှန်ပြတင်းဆီလှည့်လို့တောင်မှ မကြည့်ဘူး ဒါပေမယ့် နေ့ခင်းရောက်ရင် မွှေးနီတစ် ယောက် ခဲပြန်ကောက်တော့တာပါပဲ ပါးစပ်ကလည်း ထုံးစံအတိုင်း“သောက်တံခါးကလည်း”လို့ အော်မြဲပါပဲ တကယ်တော့ နတ်ကတော်ကြီးပြောတာ ဟုတ်ချင်ဟုတ်မှာ အမြဲတမ်း ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတဲ့ အဲဒီ့မှန်ပြ တင်းတံခါးတစ်ခြမ်းဟာ လေမတိုက်တတ်တဲ့ အချိန်တွေမှာတောင် ယမ်းခါနေတတ်သလားပဲ သားစိတ်ထဲ ထင်မိတာလည်း ဖြစ်နိုင်ပါတယ် သား အဲဒီလိုဘာကြောင့်ထင်ရသလဲဆိုတော့ လေမတိုက်တဲ့ နွေတစ်ညမှာ သားတို့တစ်မိသားစုလုံး သန်းခေါင်ချိန်ကြီး တရေးနိုးလာတုန်း သားရဲ့ညီမလေးက “ကိုကို ဟိုမှာကြည့်”ဆိုပြီး လက်ညှိုးထိုးပြလို့ ဒီလောက်လေငြိမ်နေတဲ့ကြား အသက်ဝင်နေတဲ့ သတ္တ၀ါတစ်ကောင်လို တကျွီကျွီမြည်ပြီး ယမ်းခါနေတဲ့ အဲဒီ့မှန်ပြတင်းတစ်ခြမ်းကို သားတွေ့လိုက်ရတယ် သားလည်း နတ်ကတော်ကြီးပြောတဲ့ မျက်နှာဝါ၀ါ ကြီးပေါ်မလာခင် ညီမလေးလက်ကိုဆွဲပြီး မေမေ့ဆီ အမောတကော ပြေးသွားမိလို့ ဘာမှနားမလည်တဲ့ ညီမလေး ကျုံးအော်တာတောင် ခံလိုက်ရသေးတယ် တစ်ခါတုန်းကတော့ တစ်ခြမ်းပွင့်နေတဲ့ အဲဒီ့မှန်ပြတင်းတံခါးဘောင် ပေါ် တော်တော်ကြည့်လို့လှတဲ့ ငှက်ကလေးတစ်ကောင်နားနေတာ ထူးထူးခြားခြား သားတို့မြင်ဖူးတယ် သားတို့ ဆိုတာ ထုံးစံအတိုင်း သားရယ် မွှေးနီရယ် နက်ကျော်ရယ် တရုတ်မရယ်ပေါ့ အဲ ဒါပေမယ့် ထုံးစံမဟုတ်တာက သားတို့ကို တစ်ခါတစ်လေ အနိုင်လာကျင့်တတ်တဲ့ ကိုကြီးအောင်ဘုနဲ့ ကိုကြီးအောင်မောင်းတို့ ညီအစ်ကို နှစ်ယောက်လည်း ရှိနေတယ် အမြဲတမ်းလေးခွတကိုင်ကိုင်နဲ့ ကိုကြီးအာင်မောင်းက ဖြုန်းဆို အဲဒီမှန်ပြတင်း ဘောင်ပေါ်နားနေတဲ့ ငှက်ကလေးကို ခွနဲ့ပစ်လိုက်ပါရောလား အံ့သြစရာပါပဲ ကိုကြီးအောင်မောင်းပစ်လိုက်တဲ့ လောက်စလုံးဟာ ဘယ်ရောက်သွားတယ်မပြောတတ်ဘူး ငှက်ကလေးရှိတဲ့ ပြတင်းမှန်ဆီ မရောက်ဘဲ လေထဲမှာ ပျောက်သွားတယ် ကိုကြီးအောင်မောင်းလည်း ဘယ်နေမလဲ နောက်ထပ်လောက်စာလုံးတွေနဲ့ ငှက်ကလေးကို ဆက်တိုက်ထပ်ပစ်တယ် ပစ်သာပစ်တယ် အလကားပဲ နောက်ဆုံး ငှက်ကလေးခေါင်း တစ်ချက် ငဲ့ပြီး ပျံသန်း ထွက်သွားတဲ့အထိ ကိုကြီးအောင်မောင်းရဲ့ လောက်စာလုံးတွေဟာ ဘယ်ရောက်သွားမှန်း စဉ်းစားမရနိုင်အောင် ပျောက်ဆုံးသွားတယ် တိုက်ဆိုင်တာက အဲဒီ့နေ့ညပိုင်းမှာ ကိုကြီးအောင်မောင်း အပြင်း အထန်ဖျားတယ် နှစ်ရက် သုံးရက်နေမှ အဖျားပျေက်တယ် သားမှတ်မိသလောက်ပြောရရင် အဲဒီ့မှန်ပြတင်း ပေါက်ကို ဘယ်သူကမှ ဖျက်ဆီး လို့မရခဲ့ပါဘူး သားတို့အားလုံးရဲ့ နောက်ပိုင်းအချိန်တွေမှာ ဘယ်သူကမှလည်း မှန်ပြတင်းကို စိတ်မ၀င်စားကြတော့ဘူးလေ တစ်ခါတစ်လေ အဲဒီ့မှန်ပြတင်းပေါက်အကြောင်း သားနဲ့သိတဲ့လူ တွေကို အခုလို ဦးဦးကိုပြောသလို မျိုး ပြောပြပေမယ့် သားပြောတာကို ဦးဦးလောက် ဂရုတစိုက် နားမထောင် ပေးကြဘူး ဒါပေမယ့် ဒါတွေကကြာ ပါပြီလေ ကြာဆိုကိုကြီးအောင်မောင်းလည်း လက်သမားဆရာဖြစ်နေပါပြီ ကိုကြီးအောင်ဘုကတော့ နိုင်ငံခြားကို ထွက်သွားတယ် ဟိုတလောတုန်းကတော့ နတ်ကတော်ကြီးရဲ့ အသုဘကို သားသွားလိုက်ရတယ် နတ်ကတော်ကြီးသေတာ ထူးဆန်းတယ် အေကိုက်တာတဲ့ အဲဒီ့အေဆိုတဲ့ကောင်ကို သား တစ်ခါမှ မမြင်ဖူးဘူး သားက ခွေးတို့ ကြောင်တို့ တောထဲက ကျားတို့ ခြင်္သေ့တို့လောက်ပဲ သိတာ အံမယ် သားသူ ငယ်ချင်းနက်ကျော်ကတော့ အဲဒီ့အေဆိုတဲ့ကောင်ကို သိချင်သိမှာ သိလည်းနက်ကျော်က သားတို့ရပ်ကွက်ထဲ မနေတော့တာကြာပြီ နက်ကျော်က အခု ဗွီဒီယိုမင်းသားလုပ်နေတယ် လူချောမောင်ဆိုတာသူပေါ့ တရုတ်မက တော့ တခြားမြို့ပြောင်းသွားပြီးကတည်းက တစ်ခါမှ ပြန်မတွေ့ဖြစ်တော့ပါဘူး သားညီမလေးလား သူကသားနဲ့မ တူဘူး ကြီးလာတော့ သားကို ခဏခဏဆူတာပဲ သူက သားထက် စာတွေလည်း အများကြီးတတ်တယ် နောက် တစ်ပတ်ဆိုရင် သားညီမလေးမင်္ဂလာဆောင်တော့မှာ အဲဒီ့ခါကျရင် သားကြိုက်တဲ့ ရေခဲမုန့်စားရမှာ ဒါနဲ့ ဟိုကောင်မွှေးနီလေ မိန်းမသုံးယောက်တောင် ယူပြီးကွဲသွားတယ် မွှေးနီက အရင်လိုမဟုတ်တော့ဘူး တစ်နေ့ တစ်ခြားကြောက်စရာကောင်းလာတယ် နေ့တိုင်းလမ်းထဲမှာ မူးရူးနေတာပါပဲ မူးရူးတိုင်းလည်း လမ်းထဲ လူမနေ တဲ့ တိုက်ခန်းက တစ်ခြမ်းပွင့်နေတဲ့ မှန်ပြတင်းပေါက် ကို ဆဲဆိုပြီး ခဲနဲ့ထုတာပါပဲ သူထုတဲ့ ခဲတိုင်းဟာလည်း ဘယ် တော့မှ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ် တဖုတ်ဖုတ်ပြန်ပြန်ကျလွန်းတာများ အဲဒီ့နေရာမှာ ခဲပုံကြီးဖြစ်နေ တာသာကြည့်။ ။


လွန်းဆက်နိုးမြတ်

ဂီလာန

ဂီလာန

နာကျင်မှုမှာ အသက်ခန္ဓာကို ပုံအပ်ပြီး လဲလျောင်းနေတာက
တစ်ဘ၀လုံးလုံး တစ်ရေးမှ မမှေးစက်ခဲ့ရသလိုမျိုး
အရသာ ချို၊ချဉ်တွေရဲ့ ဆွဲဆောင်မှုက ၀ါဖျော့လာတဲ့ အခါ
ရှင်ခြင်းတရားကို ဂွမ်းစနဲ့ ဆွတ်ဆွတ်ပြီး တစ်စက်ချင်း ချပေးနေရ
အာဟာရကို ချောင်းတစ်သွယ် မြောင်းတစ်သွယ်ဖောက်ပြီး သွယ်တန်းပေးနေရ
ခန္ဓာကိုယ်က အရိုးနဲ့အရေ မကွဲတော့ဘဲ သစ်ကိုင်းခြောက်ကြီးလို
အဲဒီသစ်ကိုင်းခြောက်ကြီးမှာကလည်း နောက်ဆံငင်ခြင်းတွေ ပိုက်တန်းလန်းနဲ့
သူ့ရဲ့ကြီးမားတဲ့ ဂုဏ်သိမ်ဂုဏ်ဒြပ်တွေက သူ့ရဲ့ ရန်သူကို မတုန်လှုပ်စေနိုင်တော့
ချိုင့်ဝင်နေတဲ့ မျက်တွင်းထဲ မှိန်ဖျော့ဖျော့အလင်းရောင်လေးက ဆာလောင်ငတ်မွတ်လို့
ဆေးဝါးဓာတ်စာတွေနဲ့ ဂယ်ပေါက်တွေကို ပိတ်ဆို့လို့
ကျော်ဖြတ်ခဲ့ဖူးသမျှ ပင်လယ်တောင်တန်းတွေကို စိတ်မှတ်မှတ်ပြီး
ကုတင်ပေါ်က ဆန့်ရပ်နေတဲ့ တောင်ကြီးကို ငေးကြည့်လို့
အပျက်စီးပုံကြီးထဲ ပြာကပ်ကပ်ရင်ဘတ် တစ်ထွာတစ်မိုက်က
နေထိုင်ခွင့်လေးကို အငမ်းမရ ရှူသွင်းလို့
နှစ်ပေါင်းများစွာ ၀င့်ကြွားခဲ့တဲ့ ခန်းဆောင်အိမ်ဝါကြီးလည်း
အပ်ချွန်လေးတွေရဲ့ ဆွဲအားမှာ ယိုင်နဲ့လို့
အားရစရာတစ်စက်မှ မရှိတဲ့ နေ့လားညလားကမ်းပါးက
စိတ်ရှိလက်ရှိပြိုကျလို့
သေရေးရှင်ရေး ကုတ်ကပ်တွယ်နေတဲ့ မျှော်လင့်စိတ်လေးသာ
အသက်ခန္ဓာမှာ နကိုယ်နေအတိုင်း ကောင်းကောင်းမွန်မွန်ရှိလေရဲ့
တစ်စတစ်စ နီးကပ်ကျယ်လောင်လာတဲ့ ခွေးအူသံတွေမှာ ကပ်ငြိပါလာတဲ့
တအိတအိ အုံ့မှိုင်းကျဆင်းနေတဲ့ မြူမှုန်စတွေမှာ ပုန်းခိုပါလာတဲ့
လူနာခန်းထဲ ရစ်သီရစ်သီနဲ့ နာရီကို တကြည့်ကြည့်လုပ်နေတဲ့
လုပ်သက်ရ ကျွမ်းကျင်သူ ၀န်ထမ်းကောင်း အချိန်တွေ။
ခေါက်ခနဲ ကောက်ကာငင်ကာ ညည့်ငှက်တစ်ကောင် သီချင်းလန့်ဆိုတယ်
အိမ်အိုပျက်ကြီးကို စွန့်ရစ်ပြီး အိမ်သစ်တစ်လုံးဆီ ပျံတယ်
အဖြစ်အပျက်တွေ အားလုံးဟာ ဓမ္မတာမျှသာမို့ ဆေးရုံအိုကြီးမယ်
သံဝေဂတေးကို မဆိုဖြစ်လိုက်ရရှာဘူး။ ။


အဲချို
သောင်းပြောင်းထွေလာရယ်စရာ၊အောက်တိုဘာ၊Y2K၊စာ-၁၅

စွန့်စားမှု

စွန့်စားမှု

(၁)
တံခါးဖွင့်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံရှိတယ်
တစ်ရံက သေးသေး။
တစ်ရံက ကြီးကြီး။
(၂)
ခဏကြာတော့
တံခါးပိတ်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံ ပျောက်သွားတယ်။
(၃)
မကြာခင်ပဲ
တံခါးဖွင့်ထားတဲ့
အခန်းဝမှာ
ဖိနပ်နှစ်ရံ ပြန်တွေ့ရတယ်။
(၄)
သေးသေးတစ်ရံရဲ့
သဲကြိုးတစ်ဖက်ကတော့
ပြတ်နေလေရဲ့။ ။

မောင်ကြိုးကြာ
ချယ်ရီ၊စက်တင်ဘာ၊Y2K၊စာ-၁၂

မိသားစု

မိသားစု

ညကရွာထားတဲ့ မိုးက
ကြမ်းပြင်ပေါ်မှာ မခြောက်ချင်သေးဘူး
မနက်ခင်းဆိုတာကို
အဖေက
ရေတစ်ခွက်သောက်ပြီး ကြိုဆိုလိုက်တယ်
(ညက များသွားလို့တဲ့)
ပြတင်းပေါက်ကို ဖွင့်လိုက်တော့
ညီမလေးက ခရေပန်းတွေ ကောက်နေတယ်
(ဈေးမကွဲခင် သွားရောင်းရမှာဆိုတော့)
အိမ်ပေါက်ဝကို ရောက်တော့
အစ်ကိုက တစ်ဘက်ခြံထဲမှာ ရေစည်ထည့်နေလေရဲ့
(တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလို့)
ခြံထဲမှာ စပယ်တွေဖွေးနေအောင် ပွင့်နေကြပြီ။
အမေ့ကို သတိရလိုက်တာ
ဒါပေမယ့်...
ထုံးစံအတိုင်း
နို့ပုံးနှစ်ပုံး စက်ဘီးမှာ ချိတ်ပြီး
ကျွန်တော်အိမ်က စထွက်ခဲ့တယ်။ ။

ထွဏ်းသွေးအိမ်
ရုပ်ရှင်အမြုတေ၊စက်တင်ဘာ၊Y2K၊စာ-၁၁

အိပ်မက်

အိပ်မက်

အိပ်မက်မရှိတဲ့ည
သိပ်ပျင်းဖို့ကောင်းတယ်။
အိပ်မက်မရှိရင် မဖြစ်လို့
အိပ်မက်မုဆိုး လုပ်ရဦးမယ်။
အိပ်မက်ကို တွေ့ရင်တော့လား
မပြေးနိုင်အောင်
တိုင်မှာ ကြိုးနဲ့တုပ်ထားလိုက်မယ်။
ကျွန်တော်က အိပ်မက်ကို ရှာနေသလို
အိပ်မက်ကလည်း ကျွန်တော့်ကို ရှာနေမှာပဲ။
အိပ်မက်ဟာ ကျွန်တော်ရှိနေပါမှ
အိပ်မက်ရယ်လို့ ရပ်တည်နေနိုင်မှာ။
အိပ်မက်ဟာ ကျွန်တော်မရှိရင်
အိပ်မက်ရယ်လို့ ရပ်တည်နိုင်မှာ မဟုတ်ဘူး။
ကျွန်တော်ကလည်း အိပ်မက်ရှိနေပါမှ
ကျွန်တော်ရယ်လို့ ဖြစ်တည်နေနိုင်မှာ။
ကျွန်တော်လည်း အိပ်မက်မရှိရင်
ကျွန်တော်ရယ်လို့ ဖြစ်တည်နေနိုင်မှာ မဟုတ်ဘူး။
အိပ်မက်ကို ဖမ်းပြီး ကြိုးနဲ့တုပ်ဖို့
အိပ်မက်ကို ကျွန်တော်က ရှာနေတုန်း
အိပ်မက်က ကျွန်တော့်ကို အရင် ဖမ်းမိသွားပြီး
လှလှပပ တင်းတင်းရစ်ရစ်
အိပ်မက်က ကျွန်တော့်ကို ကြိုးနဲ့တုပ်လိုက်တယ်။
ကျွန်တော်က အိပ်မက်ကို မက်နေတာလား
အိပ်မက်က ကျွန်တော့်ကို မက်နေတာလား။ ။


မောင်သင်းခိုင်
ကလျာ၊စက်တင်ဘာ၊Y2K၊စာ-၆

သီချင်းတောင်းခံလိုက်ရတဲ့ည

သီချင်းတောင်းခံလိုက်ရတဲ့ည

ဂီတက မသန့်ဘူး
ကွက်ကျားမိုးစို မီးရောင်မှိန်မှိန်ထဲက ဂီတ
လူကြီးလူကောင်းဂုဏ်သိက္ခာ လက်ကိုင်ပန်းမျှော်တဲ့ ဂီတ
အဆီပြန်ပွက်ပွက်ဆူ
ရမ္မက်မျက်နှာ အရိပ်မည်းတွေ ထိုးကျလာတဲ့ ဂီတ
သီချင်းတစ်ပုဒ်ပြီးရင် ဈေးခေါ်ကောင်းတဲ့ စားပွဲထိုး
လက်ဝါးချင်းရိုက် လက်ခုပ်သံထဲက ဂီတ
ပန်းပွားပန်းကုံးတွေ လည်တိုင်ဖွဖွပေါ်
ညင်သာစွာ စွပ်ချလိုက်တဲ့ ဂီတ
သံလိုက်လက်ဖ၀ါးကြမ်းကြမ်းတွေ
ဆုပ်ညှစ်ခါယမ်းလိုက်တဲ့ ဂီတ
အမြှပ်တစီစီခွက်ထဲက ခြောက်ကပ်အက်ကွဲစွာ
ဟာမိုနီလိုက်တတ်တဲ့ ဂီတ
မဆွတ်ခင်က ညွှတ်ချင်နေတဲ့ ကိုယ်ဟန်ပြဂီတ
ပရိယေသန အသံလှိုင်းတွေ တစ်စတစ်စ မှောင်သွားတဲ့ ဂီတ
ပထမတန်းစား ဖြေဖျော်မှု ဘ၀ရေခဲတုံးတွေ
အေးစက်စက် မျောပါနေတဲ့ ဂီတ
သရဖူလေးဆောင်းလိုက်ရဖို့ မာယာအသံလှိုင်းတွေ
မြူးကြွယိမ်းနွဲ့ ဂီတ
ဆိုနေကျ သီချင်းတွေနဲ့
အနက်ရောင် ၀မ်းဆက်ဇာကွက်ထဲက
ဝင်းပရုန်းကြွ အသားရောင်ဂီတ
ဂီတက မသန့်ဘူး။ ။

ကောက်နွယ်ကနောင်
မဟေသီ၊စက်တင်ဘာ၊Y2K၊စာ-၁၀

ရာသီ

ရာသီ

မျက်လှည့်ဆရာက
စံပါယ်ပွင့်တွေကို
ဓားအတုံးကြီးနဲ့ ခုတ်ချလိုက်တဲ့အခါ
ကျွန်တော် ထပြန်လာခဲ့တယ်။
ပြီး...သံကြိုးစာတစ်စောင်ရေးတယ်။
လိပ်စာက ကျွန်တော့်လိပ်စာဖြစ်ပြီး
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ဖြစ်တယ်။
ပြီး...ရုပ်မပါတဲ့ နာမ်အလွမ်းတွေ ပါတယ်
ခိုတွေအကြောင်း ဖွဲ့ထားတဲ့ တိတ်တစ်ခွေပါတယ်။
သံချေးတက်နေတဲ့ ဓားတွေ ပါတယ်။
အတ္တဖိုထဲက ပေါင်မုန့်အသိုးတွေအကြောင်း
ပါတယ်။
လွန်ခဲ့တဲ့ (၃)နှစ်ကျော်က ကဗျာတစ်ပုဒ်ပါတယ်။
ကုလားထိုင်တွေသာ ရောင်းတဲ့
ရှေးဟောင်းဆိုင်တစ်ဆိုင်အကြောင်း ပါတယ်။
ဆိုတော့...
ဒီကြေးနန်းစာဟာ
ဒီရာသီနဲ့ပဲ ကိုက်ညီပါလိမ့်မယ်။ ။


အိုက်လူအောင်

ရုပ်ရှင်တေးကဗျာ၊စက်တင်ဘာ၊Y2K၊စာ-၁၀

ရိတ်သိမ်းဖို့

ရိတ်သိမ်းဖို့

မင့်ရင်ခွင်ညံ့ နုနွေးသက်မှာ မှေးစက်
ငါ့အားနည်းချက်တွေကို ခ၀ါဖွပ်ချင်တယ်
ငါ့မျှော်လင့်ချက်တွေကို စိုက်ပျိုးချင်တယ်
အချစ်ရယ်
ဘာကြောင့် ဤမျှ လေးလံရပါသလဲ။
ခေါင်းအုံးနှစ်လုံးရဲ့ ကီလိုမီတာခရီး
ငါ့အားနည်းချက်တွေ ဆေးကြောချင်တယ်
ငါ့မျှော်လင့်ချက်တွေ စိုက်ပျိုးချင်တယ်
အချစ်ရယ်
မြေဆီမြေနှစ်တွေ ဖွံ့ဖြိုးခဲ့ပြီပဲ
ဒါနဲ့များ
နွယ်ခွေဆံစလေးများရဲ့ ညံ့သက်မှု
အဘိဓမ္မာ နှုတ်ခမ်းစည်းရုံးရေးသမားရဲ့ ထူထွေးမှု
ပင့်သက်တို့ရဲ့ တိုးညင်းရှိုက်ညည်း ဟန်ဆောင်ကန့်ကွက်ခြင်း
လက်ဖျားခြေဖျားများ အေးစက်
တဒက်ဒက်ရင်ခုန်သံများကြားမှာ
အချစ်ရယ်
ငါ့အားနည်းချက်တွေ ဆေးကြောချင်တယ်
ငါ့မျှော်လင့်ချက်တွေ စိုက်ပျိုးချင်တယ်
ရိတ်သိမ်းဖို့
ငါမရှိတော့တဲ့နောက်မှာ
ငါ့မြေးမြစ် တီကျွတ်တို့
ရိတ်သိမ်းဖို့။ ။

အုန်းမြင့်လှိုင်
မဟေသီ၊သြဂတ်၊Y2K၊စာ-၉

လှိုင်း

လှိုင်း

မြင်ကွင်းကျယ် ရှုခင်းထဲ
နီးလာလိုက်...
ဝေးသွားလိုက်...
သူတို့အချင်းချင်း ရှုပ်ထွေးစွာ လမ်းခွဲ၊
ကမ်းကို ရောက်ဖို့တော့
အလုအယက် ပူးပေါင်းပြန်ကြ၊
ပြီး...
ငြိမ်သက်ပြေပြစ်နေခဲ့၊
နောက်တစ်ကြိမ်အတွက် အားမွေး၊
ကြည့်သူအဖို့တော့
ဖြစ်ခြင်း ပျက်ခြင်းကို ရိုးရိုးပဲ ဆင်ခြင်မိတယ်။ ။


ဝေမှူးသွင်

ရုပ်ရှင်အမြုတေ၊ဖေဖော်ဝါရီ၊Y2K၊စာ-၁၄၇

အလှည့်

အလှည့်

(၁)
သူသေသွားတော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။
(၂)
ရှိုက်ကြီးတငင်ငိုကြွေးသူ သေဆုံးသွားပြန်တော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။
(၃)
ဝမ်းသာအားရဖြစ်နေသူ သေဆုံးသွားပြန်တော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။ ။

ထွန်းဝေမြင့်
ရုပ်ရှင်အောင်လံ၊ဇွန်၊Y2K၊စာ-၁၆

သဗျစ်သီးများ မီးလောင်ခြင်း

သဗျစ်သီးများ မီးလောင်ခြင်း

အစိမ်းရောင်ရဲရဲ သရက်ပွင့်တို့ အရိပ်မှာ
ခင့်နှုတ်ခမ်းကို ကိုက်စုပ်ပြီး
သစ်တော်သီး၊သကြားသီး
သြဇာသီး၊စတော်ဘယ်ရီသီး
မာလကာသီးတွေ ခူးနေကြတယ်။
ဒီအချိန်မှာ ဆိုဗီယက်ကလား
အမေရိကန်ကလား၊အဏုမြူများ ဖြန့်ကြဲလိုက်ရာ
ဂင်္ဂါမြစ်၊ဆန်ဖရန်စစ္စကိုတံတား
ဘီတယ်လ်ဓာတ်ပြားကုမ္ပဏီ၊ပီကင်း
ချင်းတောင်တန်း၊အနော်ရထာလမ်း
တို့ချစ်သူနှစ်ဦး၏ အနမ်းများ
မီးခိုးမှိုင်းကြား၊အဆိပ်ငွေ့ကြား
ပျောက်ဆုံးသွား။ ။

မောင်စိမ်းခက်(ပြည်)(ခ)သုခမိန်လှိုင်
၁၉၇၂၊“ဇွန်လ၏ မိုးရေစက်များ”စာအုပ်ပါကဗျာ
ရုပ်ရှင်တေးကဗျာ၊အောက်တိုဘာ၊၂၀၀၂၊စာ-၁၉၉
ကိုခါး(ကွမ်းခြံကုန်း)၏ မှော်ရုံဟေ၀န် “စစ်အေးအလွန် ချစ်သူဘေးသင့်တဲ့ ဆောင်းရာသီ”ဆောင်းပါးမှ ထုတ်နှုတ်တင်ပြသည်။

မြွေဝင်စား

မြွေဝင်စား

အမေရေ...သားမအိပ်ချင်ဘူး
ညတာရှည်ရင် အိပ်မက်ရှည်သတဲ့
အာသီသသစ်သီးကို စားချင်စမ်းပါဘိ
ပန်းဖျက်တဲ့ ပိုးက ဆိုးတယ်...အမေ...။

အိပ်မက်ထဲ ကျွန်တော်က မြွေတစ်ကောင်ဖြစ်လို့
ကောင်းကင်ကို ညှို့ကြည့်တော့...
နဂါး၊ဂဠုန်၊ဂုမ္ဘန်၊ယက္ခ
တိမ်ညိုတွေ အထွေးလိုက်ပြုတ်ကျ...။

ပင်လယ်ကို ညှို့ကြည့်တော့
ငွေပင်လယ်က ရွှေပင်လယ်ပြောင်း
လဲလျောင်သဲသောင်ဖွေးဖွေးပေါ်
ကွေးကွေးလေး အိပ်ရှာတဲ့...
ကလေးဘ၀ကို ပြန်တွေ့တယ်...။

ရိုးမကြီးကို ညှို့ကြည့်ပြန်တော့...
တောင်ယာမီးခိုးတွေ တအူအူတက်နေတဲ့
မတ်ရပ်တောအုပ်တွေနဲ့ ချွေးစို့နေတဲ့ တောင်သူတွေ
ထွက်ကျလာတယ်...။

ကျွန်တော်က ချစ်သူကိုညှို့တော့ ...
ကမ်းနှစ်ဖက်ကြား အလွမ်းတွေ ရဲရဲဖြာလို့...။

ကျွန်တော်က အမေ့ကိုညှို့တော့...
မိတ္ထီလာကန်တော်အောက်က
ဖားကောက်သူဟာ ကျွန်တော်ဖြစ်နေရော့...
ရွှေလင်ပန်းနဲ့ အချင်းမဆေးနိုင်ခဲ့ဘူး...အမေ...။

ညထဲမှာ ဘ၀က ကျပျောက်...
ကြယ်ကြွေတွေ အိပ်ပေါက်နဲ့ လိုက်ကောက်...
ညတာရှည်ပါစေတော့...အမေ...
အိပ်မက်ရှည်တာကိုပဲ ချစ်နေမိပြန်။ ။

နရီ(မြိတ်)
ချယ်ရီ၊စက်တင်ဘာ၊၂၀၀၂၊စာ-၁၁

ချစ်သူကို နှုတ်ဆက်ခြင်း

ချစ်သူကို နှုတ်ဆက်ခြင်း

ကောင်းသော နံနက်ခင်းပါ ချစ်သူ...
ငါ့အတွက် အင်အားဓာတ်ကယ်လိုရီ
အဆီဓာတ်မီလီဂရမ်သီချင်းနည်းနည်း
ပရိုတင်းနဲ့ ကယ်လစီယမ်(မလိုအပ်)
ငါ မှန်မကြည့်တတ်ဘူး
တင်းနစ်မရိုက်တတ်ဘူး
စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေရဲ့ ပြဇာတ် ရေးဖို့(တွေးရင်း)
ကိုလက်စထရောများများ
အိပ်မက်ကြားလမ်းလျှောက်နိုင်ဖို့
အယ်လ်ကိုဟောတစ်ပုလင်း(ဒါပဲ)

ကောင်းသောနေ့လည်ခင်းပါ ချစ်သူ...
(ရှင်ခြင်းရဲ့ ပြဿနာ)
ကဗျာဆရာတွေပိန်ပိန်လာကြ
ခပ်၀၀ ကဗျာဆရာဆိုတာ၊ တစ်စုံတစ်ခု လွဲချော်နေမှုပဲ
Time မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး
ကိုလက်စထရောမများစေဖို့ သတိပေး
ငါကတော့ အေးအေးဆေးဆေးပါပဲ
ကြက်ဥ ဒိန်ခဲ
မိရိုးဖလာ မသိုးထမင်း မသိုးဟင်းနဲ့
(သေခြင်းရဲ့ နိမိတ်ပုံ)

ကောင်းသောညနေခင်းပါ ချစ်သူ...
ငါ့ရဲ့နောက်ဆုံး ဖယောင်းတိုင်လေးကို ဂုဏ်ပြု
အခု...ရောက်လာတော့မယ့် ဆောင်းနှင်းဖြူဖြူမှာ
ငါဝတ်စရာ၊ကုတ်အင်္ကျီ အဟောင်းလေးတစ်ထည်တောင် မရှိဘူး
စိတ်မူးနေသူ ငါ့နေ့စွဲတွေအတွက်
ဘေးဥပါဒ်ဖြစ်စေမယ့် အရာအားလုံး
(ငါလုံးဝလိုအပ်တယ်)

ကောင်းသော ညချမ်းပါ ချစ်သူ...
ငါအိပ်တော့မယ်။ ။

ပိုင်သ
ချယ်ရီ၊စက်တင်ဘာ၊၂၀၀၂၊စာ-၅

သေနေတဲ့ကဗျာ

သေနေတဲ့ကဗျာ

လွမ်းတယ်...
သက်တံရဲ့ အဲဒီ့ဘက်အခြမ်းကလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ်...။

စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ခဲ့
ကျဉ်းကျဉ်းကလေးဆိုပေမယ့် ကိုယ့်တွင်းကို ကိုယ်တူးခဲ့တယ်။

ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလို
နှစ်တွေဟာ ပွတ်ကာသီကာ ကြာခဲ့ပြီ။

ဝေးရမှာကို စပယ်တစ်ပွင့်စာလောက် ကြိုသိပါရဲ့။
ဒါပေမယ့်...
ပူအိုက်စွတ်စိုတဲ့ အဲဒီ့လမ်းကလေးမှာ
ကျွန်တော်တို့ အတူတူမိုးခိုခဲ့ကြပါတယ်။

အရှုံးကို ဘယ်လို သဲကန္တရတွေနဲ့ ခြယ်မှုန်းရမှာလဲ၊ပြောပါ။

ဝန်ခံပါတယ်။
ဆောင်းမြအမှုန်တွေကို တွေတိုင်း တလဲ့လဲ့ပြေးကောက်
“တစ်ခွက်ထဲပါ”လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်က ပင်လယ်အဟောင်းကို ခပ်သောက်ချင်နေတုန်းပဲ။


တာရာမင်းဝေ

ရုပ်ရှင်တေးကဗျာ၊ဇူလိုင်၊၂၀၀၂၊စာ-၇

မက်လင်ပင်ကြီးအောက်မှာ

မက်လင်ပင်ကြီးအောက်မှာ

ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့ သေတ္တာကို
ဒီမနက်မှာ တစ်ဖန်
ဖွင့်ကြည့်လိုက်တော့
မက်လင်ပင်ကြီးများ ပေါက်ရောက်နေတာ တွေ့ရ။

ငါလေ
မက်လင်ပင်ကြီးတွေအောက်မှာ
တစ်ယောက်တည်းလျှောက်သွား
စာအုပ်တစ်အုပ်လောက် ရေးဖို့ စဉ်းစားမိ
အဲဒီစာအုပ်ဟာ“အကယ်၍”ဆိုတဲ့ စကားလုံးမပါတဲ့
စာအုပ်ပေါ့ကွာ။

ငါလေ မက်လင်ပင်ကြီးတွေအောက်မှာ
နာရီပေါင်းများစွာ ကြာမြင့်ခဲ့
ဝါကျတစ်ကြောင်းမှလည်း မရခဲ့ပါဘူး။

ချစ်ဇနီးရေ
မက်လင်ပင်ကြီးတွေအောက်မှာ
အမြဲပဲအေးစိမ့်နေတာဟာ
တစ်စုံတစ်ယောက် ငိုကြွေးခဲ့တဲ့ မျက်ရည်တွေ
စွတ်စိုယိုစိမ့်နေခဲ့လို့ပဲ ဖြစ်မှာပေါ့။ ။

နေမျိုး
၃.၂.၂၀၀၀တွင်ကွယ်လွန်ခဲ့သော
ချစ်ဇနီး မ၀င်းမေကွယ်လွန်ခြင်း(၂)နှစ်ပြည့်အမှတ်တရ
မဟေသီ၊သြဂတ်၊၂၀၀၂၊စာ-၁၃

ကုန်စိမ်းဘူတာ

ကုန်စိမ်းဘူတာ

အသံမမြင်ရဘဲ လီဗာ လွတ်ပုတ်နေတဲ့ ဘူတာ
တက်သုတ်ရိုက်ပြီး ထမ်းကြ ပိုးကြ အော်ကြ ဟစ်ကြ
ဝေေ၀ဆာအောင် ပွင့်နေတဲ့ ဒေသသီးနှံ ကုန်စည်ဗရပွ
ခြင်းတောင်းနဲ့ တစ်မျိုး ကျန်ကျောင်းအိတ်နဲ့တစ်မျိုး
ခရီးသည်ကို စိတ်ဆိုးတာလည်း ဒီဘူတာပါပဲ

ပါဆယ်(ရထား) သံကြားမှ ကိုယ်စိတ်နှလုံးရွှင်ကြည်နိုင်သူများ
ငွေရဖို့ ငွေကိုရင်းသူ ငွေရဖို့ လူကိုရင်းသူ
ရုံးလုလင်၊ခရီးသည်၊ကုန်သည်ပွဲစား၊သီးနှံရောင်းသူ၊နေ့ပြန်သမား
အရက်သမား၊အရူး၊ရနံ့အရောင်ထူထူပြစ်ပြစ်
တိုးတိုးဝှေ့ဝှေ့ကြိတ်ကြိတ်
တစ်ယောက်နဲ့တစ်ယောက် နင်းတက်နေရာတစ်ခုအတွက် မနက်ခင်းတွေပျက်ခဲ့ပြီ
ဒါကိုပဲ ၀မ်းစာဆိုပြီး လက်ပိုက်ကြည့်နေတဲ့ဘူတာ

မြို့ပြကြီးကို ရွှေဖရုံနဲ့မြှူဆွယ်၊ပန်းဂေါ်ဖီနဲ့ မြှူဆွယ်
နံနံပင်နဲ့မြှူဆွယ်၊ပြောင်းဖူး၊သခွားသီး၊ဗူးသီး
မြေကြီးက ထွက်သမျှ အသီးအရွက်အရောင်စုံနဲ့ မြှူဆွယ်
တစ်ပဲခြောက်ပြားတွေ ရွှေဖြစ်ပြီး လောဘတွေ ထောင်းထောင်းထအောင် သီးနေလည်း
ဘူတာလေးက ရိုးသားတုန်းပဲလေ
ဘူတာလေးဟာ ရထားတွေဆုံပြီးတဲ့ အခါ
ဖုတ်ဖက်ခါရင်း သိက္ခာတစ်တိုကို အားပါးတရဖွာလို့
သူ့အရှေ့ဆီကို ငေးရီနေတော့တယ် နေ့စဉ်။ ။

တီကျူး
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၁၅

သွေးခြည်ဥ

သွေးခြည်ဥ

ပန်းချီကားကို ပြင်ဆွဲဖို့
သန်မာသော လက်များက
နာကျင်ခံစားနေပုံရတယ်။

စွဲစွဲမြဲမြဲ ပူလောင်စွာ ဆုပ်ကိုင်ထားရတဲ့
ဘ၀ခရီးဟာ
ကူးစက်ရောဂါတစ်မျိုးပဲ
အလွမ်းကို လက်စဖျောက်ပစ်ဖို့
ငွေကြေးက မလုံလောက်ဘူး။

ခင်ဗျားလက်
ကျွန်တော်ဆွဲမိတယ်
ကျွန်တော့်လက်
ခင်ဗျားဆွဲမိတယ်
ရုပ်ရှင်က ကလေးကြိုက်တွေ မရိုက်တော့ဘူး
ရာသီမရွေး ဆေးထိုးမခံနဲ့တော့
ဆံပင် အနီရောင်ဆိုးတာလည်း
ခေတ်တစ်ခေတ်
အသံသာသော လရောင်ဘ၀ထဲ ဖြာအကျ
ခါးကြားက သဲကြိုးမရှိတဲ့ ဖိနပ် စမ်းမိတယ်။

ပူဆာစတမ်းဆို
မေမေ့ဆီမှာ
ပူဆာစရာက အများသား
သစ်ပင်တွေပေါလျက်
အသက်ရှူကျပ်တယ်။

ဘာပဲဖြစ်ဖြစ်
ကြေကွဲစရာရှိရင်
ကျွန်တော်က အဦးဆုံးကြေကွဲမိမှာပါ။ ။

ရိုးသက်
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၁၄

အဆင်ပြေသလိုကြည့်ပြော

အဆင်ပြေသလိုကြည့်ပြော

နယ်သစ်ပယ်သစ်မှာ မိတ်ဆွေသစ်နဲ့ အဆင်ပြေသလို ကြည့်ပြော
လူအုပ်ထဲ လမ်းလျှောက်ရင်း တိုးတိုက်မိတဲ့အခါ
အဆင်ပြေသလို ကြည့်ပြော
အိမ်ပြန်နောက်ကျလို့ မိဘက မေးရင် အဆင်ပြေသလို ကြည့်ပြော
အဆင်ပြေသလိုသာ ကြည့်ပြောလိုက်
“ဘာများအလိုရှိပါသလဲရှုင်”တဲ့
မီနီမားကတ်အရောင်းသမလေးက မေးတယ်
အဆင်ပြေသလို ကြည့်ပြော
လူကြီးမင်းရဲ့ ဂုဏ်သရေရှိစွာ ဖြတ်သန်းခဲ့တဲ့
ဘ၀အပေါ် သုံးသပ်ချက်တွေအတွက်
အင်တာဗျူးသမားလေးတစ်ယောက်ကို အဆင်ပြေသလို ကြည့်ပြော
ရင်ခွင်ထဲက ကောင်မလေး စိတ်ကောက်နေတဲ့အခါ
အဆင်ပြေသလို ကြည့်ပြော
နားထောင်၊အဆင်ပြေသလို ကြည့်ပြော
သတ်မှတ်ရက်အတွင်း မပြီးစီးတဲ့ အလုပ်တွေအကြောင်း
နှဖူးပြောင်ပြောင်အလုပ်ရှင်ကို အဆင်ပြေသလို ကြည့်ပြော
ချိန်းဆိုထားတဲ့ ကတိက၀တ်တွေ လွဲချော်သွားခဲ့ရင်
စီးကရက်ဗူးကို ထိုးပေးရင်း အဆင်ပြေသလို ကြည့်ပြော
သေသေချာချာတည်ကန်လိုက်ပေမယ့်
ဘားတန်းပေါ် ကျော်တက်သွားတဲ့ ပင်နယ်တီဘောလုံးအတွက်
နည်းပြဆရာကို အဆင်ပြေသလို ကြည့်ပြော
ကြည့်ပြော၊အဆင်ပြေသလို
ဘယ်ကိစ္စမဆို ခေါင်းမမာရဘူး အဆင်ပြေသလို ကြည့်ပြော
ဒီလိုပဲ ဘယ်ကိစ္စမဆို မပျော့ညံ့ရဘူး
အဆင်ပြေသလို ကြည့်ပြော
အကျဉ်းအကျပ်တစ်ခုထဲ
မတော်တဆရောက်တဲ့အခါ အဆင်ပြေသလို ကြည့်ပြော
ပျော်ရွှင်မှုတစ်ခုဆီ
အမှတ်မထင် စိုက်ဝင်မိရင် အဆင်ပြေသလို ကြည့်ပြော
ကြားလား၊အဆင်ပြေသလို ကြည့်ပြော
အခုနေ တစ်ယောက်ယောက်က
လူကြီးမင်းဘာလုပ်နေသလဲမေးလာရင် အဆင်ပြေသလို ကြည့်ပြော
ဒီကဗျာရဲ့ အဓိပ္ပါယ်အကြောင်း
ထပ်မေးလာရင်လည်း အဆင်ပြေသလို ကြည့်ပြော
ဘယ်အချိန်မှာပဲဖြစ်ဖြစ်
ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်
ဘယ်ဘာသာစကားနဲ့ပဲဖြစ်ဖြစ်
ဘယ်အရပ်ဒေသမှာပဲဖြစ်ဖြစ်
အမြဲတမ်း အဆင်ပြေသလို ကြည့်ပြော
ထပ်ပြောမယ်
အဆင်ပြေသလို ကြည့်ပြော။ ။


လွန်းဆက်နိုးမြတ်

ဖက်ရှင်၊နိုဝင်ဘာ၊၂၀၀၈၊စာ-၁၆

အဖျားသွေး

အဖျားသွေး

အခန်းထဲလည်း မ၀င်ချင်ဘူး
အခန်းအပြင်လည်း မထွက်ချင်ဘူး
အရာရာဟာ နောက်ကျိခြင်းတွေနဲ့ အသားကျလို့
ပျော်ရွှင်မှုကို ကုန်နေတဲ့ သွားတိုက်ဆေးညှစ်သလို
ဇွတ်ညှစ်ချကြည့်နေရတယ်
လက်ဖက်ရည်ဆိုင်က ခွေးခြေခုံလေးတွေကိုယ်တိုင်
ငြီးငွေ့လွန်းလို့ ကိုက်ခဲနေကြ
တစ်ကိုယ်စာမျှော်လင့်ချက်တွေက
လေထဲ လွင့်မျောဆဲ ဗာဒံရွက်တွေလား
လူ့အဖြစ်ရဲ့ ရှင်သန်လိုခြင်းမှာ
ပင်နယ်တီ အကြိမ်ကြိမ်ပေးနေရတယ်
ပြစ်ဒဏ်ဘော ခဏခဏထိတယ်
လေ့ကျင့်ခန်းအတိုင်း
အားပါးတရ ရှူရှိုက်မိလိုက်တော့
ရင်ဘတ်ထဲ ညှော်နံ့တွေသာ ထောင်းလမောင်းထတိုးဝင်
ဘ၀အဓိပ္ပါယ်ဆိုတာ ကတ္တရာလမ်းပေါ် ပြားကပ်နေတဲ့ မြွေရေခွံ
သောက်နေကျ နွားနို့တစ်ခွက်အတွက်
ထင်သလောက်မလင်းတဲ့ မနက်ခင်းတွေပဲ အထပ်ထပ်ရလာ
အချစ်ဟာ ငွေကြေးနဲ့ တိုက်ရိုက်အချိုးကျတာ သိခဲ့ပြီ
ချောက်ကမ်းပါးကို ပန်းအိုးလှလှအဖြစ်
မရည်ရွယ်ဘဲ အထင်အမြင်မှား တပ်မက်မိ
အရေးကြုံရင် ကိုယ့်ကိုယ်ကိုတောင်
လုံလောက်အောင် မကယ်တင်နိုင်ဘူး
အခြေအနေအရ လက်ဆွဲနှုတ်ဆက်လိုက်ရတယ်
ကံတရားအရ လက်ပြလမ်းခွဲလိုက်ရတယ်။ ။


လွန်းဆက်နိုးမြတ်

ရတီ၊သြဂတ်၊၂၀၀၈၊စာ-၁၂
(ဒီကဗျာကို ရတီမှာ ဖော်ပြခံရတော့ “ပင်နယ်တီ အကြိမ်ကြိမ်ပေးနေရတယ်”ဆိုတဲ့ စာကြောင်းဟာ ပါမလာခဲ့ ပါဘူး။ဒါ့အပြင် “ကံတရားအရ လက်ပြလမ်းခွဲလိုက်ရတယ်။”ဆိုတဲ့ စာသားကို “ကံတရားက လက်ပြလမ်းခွဲ လိုက်ရတယ်။”လို့ လွဲမှားဖော်ပြခဲ့ကြပါတယ်။အခုတော့ ကျွန်တော် အပြည့်အစုံ ရေးထား ပါတယ်။ အရသာ မပျက်တော့ဘူးပေါ့ခင်ဗျာ)

သားကောင်

သားကောင်

မပျော်မရွှင်ဖြစ်နေရင်တောင်
ပျော်ပွဲရွှင်ပွဲတွေဘက် ခြေဦးမလှည့်ဖြစ်ဘူး။
စိတ်လိုလက်ရမရှိတဲ့ ညနေခင်းတွေနဲ့သာ
တစ်နှစ်ပတ်လုံး အရိုးပြိုင်းပြိုင်းထရ။
ငါ့လောက် ဘယ်မြစ်မှ ကိုးရိုးကားရား မစီးဆင်းဘူး။
ရောက်လေရာမှာ ဖြစ်တည်မှုက
မတော်မတည့်နိုင်တယ်။
လောကပေါ် ဆိုးဆိုးရွားရွား လိမ္မာပြဖို့ရာ
တောအုပ်ရဲ့ လမ်းတွေဟာ
ကျွမ်းကျွမ်းကျင်ကျင် ကွေ့ကောက်ပြနေတော့
အခက်သား။
တစ်နေ့တာ ၀င်သက်ထွက်သက်များ မဆုံးနိုင်သေးခင်
အနာဂတ်ကို စိတ်ကူးလေးနဲ့မှ
မတို့ထိရဲဘူး။
ဒုက္ခဟွန်းသံတွေ ကြားရတိုင်း
ထိတ်လန့်တကြား ခုန်ရှောင်နေရတဲ့ အကောင်
ကံကြမ္မာအဖွဲ့အနွဲ့ဟာ
ကဗျာမဆန်လည်း
ရှိစေတော့။ ။


လွန်းဆက်နိုးမြတ်

စရဏ၊ဇူလိုင်၊၂၀၀၈၊စာ၁၀
(ဒီကဗျာနဲ့ ပတ်သတ်ပြီး စာပေလောကမှာ မကြာခဏဖြစ်တတ်တာလေး ကျွန်တော်ကြုံခဲ့ရပါတယ်။
ဒီကဗျာဟာ People Magazineမှာ ခုနှစ်မသိ၊လမသိ၊ ဖော်ပြခံလိုက်ရမှန်းတောင် မသိခဲ့တဲ့ည ကဗျာပါ။ ဒီလိုပါ။ ဒီကဗျာကို ကျွန်တော်က လူကြုံနဲ့ ပေးမိတာပါ။လ အတော်ကြာလို့ မပါမှ အဲဒီ့လူကြုံကို မေးတော့ ကဗျာပျောက်သွားတယ်လို့ ဆိုတာကြောင့် ဒီကိစ္စကို ကျွန်တော်မေ့လိုက်ပါတယ် နောက်နှစ်တွေအတော်ကြာမှ ဒီကဗျာကို စရဏမှာ ဖော်ပြတော့ ကဗျာရေးဖော်ရေးဖက် ကျွန်တော့်သူငယ်ချင်း မြတ်မိုးအိမ်က မဂ္ဂဇင်း နှစ်အုပ်မှာ ကဗျာတစ်ပုဒ်လုပ်စားရလားဆိုပြီး ကွမ်းယာထုပ်တဲ့ စက္ကူမှာ ကဗျာကိုတွေ့ရှိ သိမ်းထားပေးရာကနေ (ဒီကဗျာကို People Magazineမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တစ်ကြိမ်ပို့ပြီး မေ့ပစ်ထားတာကို သတိရမိ သွားတယ်)အဲဒီ့ကဗျာPeople Magazineမှာ ဖော်ပြခံလိုက်ရမှန်းသိခဲ့တာပါ။ဒါပေမယ့် အဲဒီ့စက္ကူပိုင်းလေး ကလွဲရင် ကဗျာပါရှိတဲ့ ခုနှစ်၊လကို မသိခဲ့ပါ အဲဒါကြောင့် စာမူခနဲ့ စာအုပ်လက်ဆောင်ဆိုတာလည်း ဘယ်ဆီမှန်းမသိခဲ့ပါ)

တစ်ကိုယ်တော်

တစ်ကိုယ်တော်

တယောတစ်လက်လောက်တောင်မှ
ငါဟာ ကောင်းကင်ဘုံအတွက် အသံမပီ
ကြေးနီရောင်မနက်ခင်းရာဇ၀င်တွေထဲ
ငါ့လက်မှာ
အမောဖောက်တတ်တဲ့
ချယ်ရီသားတုတ်ကောက်ကြီးကိုင်လို့
သက္ကရာဇ်သစ်ရွက်တွေက
နံပါတ်စဉ်အတိုင်း ကြွေကျ
ငါ့ကိုယ်ငါ ဒဏ်ရာအဖာအထေးတို့ဖြင့်
ကဆုန်စိုင်းခဲ့တယ်။

ရင်နဲ့တောင်းသော ဆုလဘ်တို့
အလိပ်လိုက် ဆေးသားကွာ
အိပ်မက်တောင်ပံတွေ အကြိမ်ကြိမ်နာဖျား
ငါ့အဖို့
စိတ်တူကိုယ်တူဆိုလို့
ကောင်းချီးပေးခြင်းမခံရတဲ့ အနုပညာသာ
ငါ့အဖို့ ကိုးကွယ်ရာ။ ။


လွန်းဆက်နိုးမြတ်
ရုပ်ရှင်အမြုတေ၊ဖေဖော်ဝါရီ၊၂၀၀၈၊စာ-၈၃

နေ့သစ်

နေ့သစ်

စက္ကန့်တစ်ခုချင်း
အသစ်သေဆုံးမှုနဲ့အတူ
နေ့တစ်နေ့ဟာ အစပြုခဲ့တယ်။
စားပြီးသား သစ်သီးအခွံတွေလား
ဖွင့်လက်စ ကျိန်စာအစုတ်အပဲ့တွေလား
မရိတ်သိမ်းရသေးတဲ့ အိပ်ယာပေါ်
ချစ်မေတ္တာက ပုပ်သိုးလောက်တက်လို့။
နေရောင်ခြည်ဖြာကျခါစ ဧည့်ခန်းထဲမှာ
ဂစ်တာကြိုးလို
အတွေးအခေါ်တွေ လျော့ရဲတွဲကျ
အားလုံးနဲ့လွဲချော်ပြီး
အိပ်စက်ခဲ့ရတဲ့ ညတွေများပြီ
မနက်ခင်းမရှိတဲ့ ပျော်ရွှင်မှုနဲ့
ပျော်ရွှင်မှုမရှိတဲ့ မနက်ခင်းနဲ့
ငှက်တွေ တကျီကျီမြည်တာ
အဓိပ္ပါယ်မဲ့တယ်။
ထပ်ခါထပ်ခါ ပြန်သသနေရတဲ့
ဒဏ်ရာတွေသာ တစ်ရက်ကူးသွားတယ်
ဖားတစ်ကောင်လောက်မှ ကံတရားဟာ
ခပ်မြင့်မြင့်မခုန်နိုင်ခဲ့ဘူး။
စိတ်မှာ ချိတ်နေတဲ့ လေးလံခြင်းအတွက်
နေ၀င်ချိန်ရောက်မှာ အလိုလိုကြောက်တယ်
မနက်ဖြန်ရဲ့ ဖွင့်ဆိုချက်က
သာယာနာပျော်ဖွယ် ရေတံခွန်ကျသံမဟုတ်ရင်
ဦးခေါင်းတစ်ခြမ်းပဲ့ကျနေတဲ့ ဈာပန
အသစ်ပွင့်လာတဲ့ ပန်းတွေကို
ဘယ်လိုမျက်နှာနဲ့ စောင့်စားကြိုဆိုရမလဲ
လက်ဖျံရိုးတစ်လျှောက် ယုံကြည်ချက်များ အငွေ့ထပျံ
အဆိုးမြင်ဝါဒက မနက်စာကို ပျင်းရိစွာ စားသောက်လို့
ဒုက္ခသစ္စာဟာ အရွယ်ရောက်မြန်တယ်။ ။

လွန်းဆက်နိုးမြတ်
စရဏ၊ဇန်န၀ါရီ၊၂၀၀၉၊စာ-၁၁

သက္ကရာဇ်တစ်ခု

သက္ကရာဇ်တစ်ခု

တစ်နေရာကို ရောက်သွားတယ်
တစ်ခုခုကို တွေးတောတယ်
မနက်ဖြန်များနဲ့ ဖြစ်ထွန်းပေါ်ပေါက်လာမယ့် မိုးလေ၀သ
မုဆိုးတစ်ယောက်လို
သားကောင်နောက်လိုက်လာတဲ့ ငွေရေးကြေးရေး
မြစ်ကမ်းပါးသွားထိုင်ငေးပြန်တော့
ဘာမှမရှိဘူး မြစ်တောင်မရှိဘူး
ကြေင်တစ်ကောင်ကြောင့်
တစ်စုံတစ်ခုကျကွဲသံကြားရတယ်
ကြွက်က ကြောင်အတွက်
သစ်တောစိမ်းစိမ်းတွေက အောက်ဆီဂျင်အတွက်
အရိုးပုတီးဟာ လူရိုင်းအတွက်
ဒါဆို
လှေကားထစ်တွေက ကောင်းကင်ဘုံအတွက်လား
ကောင်းကင်ဆီ ယောင်ယမ်းမော့လိုက်တဲ့အခါ
ဘာမှမတွေ့ဘူး ကောင်းကင်တောင်မတွေ့ဘူး
လူအုပ်ကြီးဆီ
နံနက်ခင်းတစ်ခုပြတ်ကျ
ရုပ်မြင်သံကြားက တစ်နေ့တာအစီအစဉ်ထဲ
ချွေတာရေးဆောင်းပါးတစ်ပုဒ် ဖြတ်ပျံသွား
အာဟာရဓာတ်မလုံလောက်တဲ့ စိတ်ကူးနဲ့
ဂျင်းဘောင်းဘီထဲ လက်နှိုက်ကြည့်တော့
ဘာမှမစမ်းမိဘူး ဂျင်းဘောင်းဘီတောင်မစမ်းမိဘူး
ဒီလိုနဲ့ပဲ မြိုသိပ်လိုက်ရမှာလား ချစ်ခြင်းတွေ
အရေခွံကြီးအောက်မှာ ဆတ်ဆတ်တုန်လို့
ဆုတံဆိပ်အပ်နှင်းခံရဖို့ဆိုရင်
တစ်ရာသီလုံး အကောင်းဆုံးလွဲချော်မှုတွေပဲရှိတယ်
ရေချိုးနေရင်း သရုပ်မှန်အတိုင်း
ဒါဟာ ဘ၀ပါလို့ အော်ဟစ်ရအောင်ကလည်း
ဘာမှမကျန်ဘူး ဘ၀တောင်မကျန်ဘူး။ ။

လွန်းဆက်နိုးမြတ်
ရတီ၊မေ၊၂၀၀၉၊စာ-၄၂

စက်ဘီးကို လက်နှစ်ဖက်လွှတ်စီးတဲ့ အရွယ် လွန်ခဲ့ပြီ

စက်ဘီးကို လက်နှစ်ဖက်လွှတ်စီးတဲ့ အရွယ် လွန်ခဲ့ပြီ

လက်လွှတ်ဆုံးရှုံးခဲ့ခြင်းများအတွက်
သတိမြဲတဲ့ တေးသီချင်းကိုပဲ ဆိုတော့တယ်
ကြီးကောင်ဝင်ခဲ့တဲ့ နှစ်ကာလတွေမှာ
ငါ့စိတ္တဇကို စွဲလောင်တာ မရေရာမှု
ငယ်ငယ်ကလို စက်ဘီးကို လက်နှစ်ဖက်နဲ့
လွှတ်စီးတဲ့ အရွယ် လွန်ခဲ့ပြီ
ဖြတ်ထားတဲ့ စီးကရက် ပြန်သောက်တယ်
ပြန်ဆက်မိတဲ့ ရည်းစားကို ဖြတ်ပစ်တယ်
ငါ့နှုတ်ခမ်းနဲ့ မင်းသက်ပြင်းကို ချလို့မရဘူး
ပုံသေနည်းအရ
ဘ၀ကို ဘယ်သူလွယ်လွယ်ဖြတ်သန်းသလဲ
ခြတစ်ကောင်လို နာရီလက်တံဟာ
ငါ့ဖြစ်တည်မှုကို တရွေ့ရွေ့ကိုက်ဝါး
တည့်တည့်တိုးနေတာက ခပ်ံ့ညံ့ဝတ္ထုထဲက
အထားအသိုမှားတဲ့ ၀ါကျတွေပဲ
လူတွေနဲ့ နည်းနည်းနီးနီးနေပြီးရင်
လူတွေနဲ့ ကြာကြာဝေးဝေးနေချင်တယ်
မျက်လှည့်ဆိုတာ အဟောအပြောကောင်းဖိုထက်
ကြိမ်လုံးက မြွေဖြစ်သွားဖို့ လိုရင်းမဟုတ်လား
လေလို့ လွင့်လို့ မောမှ အိမ်ဆိုတာကို သတိမရနဲ့
သန်တုန်း မြန်တုန်း တောင်ပံတွေနားဖို့ ကြိုရှာထား
စိတ်အနည်ထနေရင် ရိုးရာဓလေ့တွေနဲ့အတူ
တစ်ရက်ပျော်အောင် အရက်သောက်လိုက်။
မင်းနှုတ်ခမ်းနဲ့ ငါ့သက်ပြင်းကို ချမရတာ
စောစောကတည်းက သိတယ်
မျှော်လင့်မထားဘဲ
ရတနာမြေပုံကောက်တွေ့ရလောက်အောင်
ဇာတ်ညွှန်းဟာ ပစ်စလတ်ခတ်မဆန်ဘူး
တစ်ခုခုပြောခဲ့ပါလို့ အမေးရှိလာရင်
စက်ဘီးကို လက်နှစ်ဖက်လွှတ်စီးတဲ့အရွယ်
လွန်ခဲ့ပြီလို့ ဖြေလိုက်မယ်။ ။

လွန်းဆက်နိုးမြတ်
ပန်းအလင်္ကာ၊နိုဝင်ဘာ၊၂၀၀၉၊စာ-၂၁

ငါဒီမှာ

ငါဒီမှာ

ဟေ့ ငါဒီမှာ ရှိတယ်
ငါဒီမှာ ကဗျာရေးတယ်
ငါဒီမှာ ၀တ္ထုရေးတယ်
ငါဒီမှာ တွေးတယ်
ငါဒီမှာ ငြိမ်လိုက် လှုပ်လိုက် သီချင်းဆိုလိုက်
ငါဒီမှာ ဘာသာပြန်ဝတ္ထုဖတ်လိုက် မဂ္ဂဇင်းကဗျာဖတ်လိုက်
ငါဒီမှာ ယားတဲ့နေရာကုတ်လိုက် ပြက္ခဒိန်ကြည့်လိုက်
ငါဒီမှာ ဘုရားသခင်ကို မေ့လျော့လိုက် အိပ်စက်ဖို့မေ့လျော့လိုက်
ငါဒီမှာ နားလည်ရခက်တဲ့ ပန်းချီတွေဆွဲ ငါဒီမှာ အများနည်းတူ သွေးသားဖြေဖျောက်
ငါဒီမှာ ကဖေးဆိုင်ထိုင် ငါဒီမှာ သစ်ရွက်ကြွေတာငေး ငါဒီမှာ အိပ်ကပ်ထဲစမ်း
ငါဒီမှာ လေကလေးတချွန်ချွန် ငါဒီမှာ သူများအတင်းပြော ငါဒီမှာ မပြုံးချင်ဘဲပြုံး
ငါဒီမှာ မြင်မြင်သမျှကိုပစ်မှား ငါဒီမှာ ခေတ်ပေါ်သီချင်းတွေ နားထောင်
ငါဒီမှာ အဆိုးမြင်စိတ် တဖွားဖွားပေါ် ငါဒီမှာ ဆံပင်ရှည်တွေ သပ်တင်
ငါဒီမှာ ၀ါသနာမပါဘဲ ဟုတ်ကဲ့ပါလို့ပြော ငါဒီမှာ ဆရာကြီးစတိုင်နဲ့ ခေါင်းညိမ့်
ငါဒီမှာ တုံးအောက်က ဖား ငါဒီမှာ ရေနွေးခွက်ကိုကျင်းပြီး သွန်ပစ်
ငါဒီမှာ မဖွယ်မရာတွေပြောဆို ငါဒီမှာ မျက်နှာပိုးမသေ ငါဒီမှာ အသားထဲက လောက်ထွက်
ငါဒီမှာ ငါ့လောက်ယဉ်ကျေးသူမရှိ ငါဒီမှာ နံရံကို လက်သီးနဲ့ ပစ်ထိုး ငါဒီမှာ ကွန်ပျူတာရိုက်
ငါဒီမှာ ကားခနဲကျဆုံး ငါဒီမှာ ဦးထုပ်ကိုပြောင်းပြန်ဆောင်း တီရှပ်ကို ပြောင်းပြန်ဝတ်
ငါဒီမှာ တစ်ယောက်တည်း တစ်ဝိုင်းသပ်သပ်ထိုင် ငါဒီမှာ လူပုံအလယ် မိုးကျရွှေကိုယ်
ငါဒီမှာ သလိပ်ကိုခြစ်ပြီးထွေးထုတ် ငါဒီမှာ လူတကာကို အရောဝင်
ငါဒီမှာ ဘောလုံးကို တစ်ဖက်ဂိုးထဲသွင်း ငါဒီမှာ သူများကျွေးတာ အ၀စား
ငါဒီမှာ အင်တာနက်ထဲဝင် ငါဒီမှာ တယ်လီဖုန်းကိုချ ငါဒီမှာ လမ်းကြားအပေါ့သွား
ငါဒီမှာ သူမရဲ့ ပုခုံးကို ဖွဖွရွရွဖက် ငါဒီမှာ ခပ်ပြင်းပြင်း တောက်တစ်ချက်ခေါက်
ငါဒီမှာ လက်ကိုင်ပုဝါနဲ့ ချွေးသုတ် ငါဒီမှာ ရေပန်းကိုဖွင့် ငါဒီမှာ လူအုပ်ထဲ ပျောက်သွား
ငါဒီမှာ မကျေမနပ်ဆဲဆို ငါဒီမှာ ခါးပတ်ကိုချွတ် ငါဒီမှာ ခေါင်းအုံးနဲ့ပစ်ပေါက်
ငါဒီမှာ ကမ္ဘာ့မြေပုံကြည့် ငါဒီမှာ ကိုယ့်ဂိုးကိုယ်သွင်း ငါဒီမှာ ဘာကိုမှန်းမသိလွမ်း
ငါဒီမှာ မိုးရွာထဲလမ်းလျှောက် ငါဒီမှာ စတော်ဘယ်ရီအနံ့ကို ရွေးဝယ်
ငါဒီမှာ လမ်းပေါ်ကခဲလုံး ခြေထောက်နဲ့ကန် ငါဒီမှာ နောက်တစ်ခေါက်ပြန်ရစ်ကြည့်
ငါဒီမှာ ကြက်သီးဖြန်းဖြန်းထ ငါဒီမှာ လက်သီးလက်မောင်းတန်း
ငါဒီမှာ နတ်ပူးသလိုတုန်ယင် ၀င်သက်ထွက်သက်တွေမြန်ဆန် ပျော်ရွှင်လာ
ငါဒီမှာ မီးရှုံ့ဖျက်ဆီး ဇစ်ဆွဲပိတ် အမောဖြေ အကုသိုလ်များ
ငါဒီမှာ ခေါင်းခါ လက်သီးဆုပ် အံကြိတ် ဒူးထောက်
ငါဒီမှာ ငါးမျှား သစ်ပင်စိုက် အိပ်မက်မက်
ငါဒီမှာ နာရီကြည့် ပစ်ချ အဆုံးသတ်။ ။

လွန်းဆက်နိုးမြတ်
နွယ်နီ၊နိုဝင်ဘာ၊၂၀၀၉၊စာ-၂၇၉
(ဒီကဗျာကို နွယ်နီမှာ ဖော်ပြခံရတော့ “ငါဒီမှာ ကားခနဲကျဆုံး ငါဒီမှာ ဦးထုပ်ကိုပြောင်းပြန်ဆောင်း တီရှပ်ကို ပြောင်းပြန်ဝတ်“နဲ့“ငါဒီမှာ ကြက်သီးဖြန်းဖြန်းထ ငါဒီမှာ လက်သီးလက်မောင်းတန်း“နဲ့“ငါဒီမှာ မီးရှုံ့ဖျက်ဆီး ဇစ်ဆွဲပိတ် အမောဖြေ အကုသိုလ်များ”စတဲ့ စာကြောင်းတွေဟာ မြန်မာစာပေစိစစ်က ဖြုတ်ပယ်ခဲ့တဲ့အတွက် ပါမလာခဲ့ပါဘူး။အခုတော့ ကျွန်တော်အပြည့်အစုံရေးထား ပါတယ်။အရသာမပျက်တော့ဘူးပေါ့ခင်ဗျာ)

ရှင်သန်နေတယ်

ရှင်သန်နေတယ်


ခြံထဲမှာ စကားပြောတတ်တဲ့သစ်ပင်တွေစိုက်ထားတယ်
ရေစင်ပေါ်က တက်ကြည့်ရင် ခပ်လှမ်းလှမ်းက စိုက်ခင်းတွေကိုမြင်ရတယ်
အုပ်စုဖွဲ့ခရီးနှင်နေတဲ့ တိမ်တွေကိုလည်းမြင်ရရဲ့
ဒီရက်ပိုင်း ရေးဖွဲ့ဖြစ်သမျှမှာ ငါ ဆိုတဲ့ စကားလုံးမပါတာကောင်းတယ်
ကိုယ်စိုက်ထားတဲ့ သစ်သီး ကိုယ်စားသုံးခွင့်ရတာက ပိုကောင်းတယ်
လာမယ့်နွေဦးမှာ ခရီးရှည်တစ်ခုထွက်ဖို့ပြင်ဆင်ရမယ်
ဒါဟာ စိတ်ကူးစိတ်သန်းအသစ်တွေရရှိလာဖို့အကြောင်းဖန်ခြင်းပဲ
ခရီးထွက်တဲ့အခါ မိုင်ပေါင်းများစွာ ပြန့်ကျယ်တဲ့မြက်ခင်းပြင်ထဲ တစ်နေကုန်အောင် လှဲနေမယ်
ဦးခေါင်းထက်မှာကောင်းကင်ပြာပြာဟာ လွင့်နေတဲ့ တိမ်စိုင်တွေနဲ့ ကမ္ဘာလည်နေတာကို ခံစားမယ်
မြို့လေးတစ်မြို့က ဘီယာဆိုင်တစ်ဆိုင်ကိုလည်း ဆင်နားရွက်တံခါးလေးတွန်းဖွင့်ပြီး ခဏ၀င်နားမယ်
သဘောင်္ထိပ်ဦးမှာ ထိုင်ရင်း အပျော်တမ်းငါးမျှားတံလေးကိုင်လို့ ပင်လယ်ဆီလည်းသွားရဦးမယ်
ပေါင်တံရှည်မလေးတွေနဲ့ မိတ်ဆွေတွေဖြစ် ဇာတ်လမ်းတွေ ဘာတွေတောင် ဖြစ်ချင်ဖြစ်ဦးမပေါ့
မစားသောက်ဖူးတဲ့ ညစာတွေနဲ့ မရင်းနှီးခဲ့ဖူးတဲ့ ရိုးရာဓလေ့တွေကိုတော့ ဒိုင်ယာရီထဲ ရေးမှတ်ခဲ့ရမယ်
လူုဆိုတာ သဘ၀တရားကို အကုန်အစင်နားမလည်နိုင်ပေမယ့်
နားလည်ဖို့တော့ ကြိုးစားသင့်တယ်မဟုတ်လား
ကိုယ်က အနုပညာသမားဆိုတော့ ချစ်ခြင်းမေတ္တာကိုပဲ
နားလည်တတ်အောင် ရင့်ကျင်ခဲ့ပါတယ်
“ဟယ်လို စာပို့သမား” “ ရော့ ဒါ ခင်ဗျားအတွက် အဝေးက စာတွေ”
စာအိတ်တွေကိုဖောက်လိုက်တော့ ခိုဖြူလေးတွေပျံထွက်သွားပြီး
စကားပြောတတ်တဲ့ သစ်ပင်တွေပေါ်သွားနားတယ်
ဒါကြောင့်ပဲ ပေးပို့သူလိပ်စာတပ်မထားတဲ့ စာအိတ်တွေဟာ
အဝေးက မိတ်ဆွေတစ်ချို့ဆီကမှန်း အလိုလိုသိလိုက်ရပေါ့
သိပ်မကြာခင်က ပြန်ဆယ်ထားတဲ့ ရေတွင်းကလေးထဲ ငုံ့ကြည့်တော့
ကြည်လင်နေတဲ့ သံဝေဂတစ်ခုကို မြင်တယ်
ကြိုးတန်းရှည်မှာ လှမ်းထားတဲ့ အဖြူရောင်ရှပ်အင်္ကျီဟာ
လေတိုက်တိုင်း တဖျပ်ဖျပ်လွင့်ခါလို့
တစ်ခါမှ မမည်းညစ်ခဲ့ဖူးသလိုပုံစံမျိုးနဲ့လေ
သစ်တစ်ပင်ရဲ့ခြေရင်းမှာ စာအုပ်တွေထိုင်ဖတ်ရင်း
သစ်ပင်တွေအတိုင်း ကိုယ့်ဒဏ်ရာကိုယ်မေ့တတ်လာတယ်
ရှည်နေတဲ့ မုဆိတ်ကျင်စွယ်တွေရိတ်ပြီးရင်တော့
မြို့ကလေးဆီ သစ်စေ့အသစ်တွေ သွားဝယ်မယ်
စကားလုံးတွေမပါဘဲ မိတ်ဆွေတွေဆီစာပြန်မယ်
စကားပြောတတ်တဲ့ သစ်ပင်တစ်ပင်က ဒီင်္လိုပြောဖူးရဲ့
“တစ်ခါတစ်ရံမှာ ခံစားချက်ဆိုတာ စကားလုံးတွေမဟုတ်ကြဘူး
တိတ်တိတ်ကလေး ဆက်သွယ်ထားတဲ့
ယိုင်နဲ့နဲ့ကြိုးတံတားလေးတစ်ခုလောက်ပါပဲ” တဲ့
မိုးတွေ တအုန်းအုန်းရွာတဲ့အခါ
ခရီးကနေ ကိုယ်ပြန်ရောက်မယ်။ ။


လွန်းဆက်နိုးမြတ်

အိုင်ဒီယာ၊ဇူလိုင်၊၂၀၀၉၊စာ-၁၄
(ဒီကဗျာကို အိုင်ဒီယာမှာ ဖော်ပြခံရတော့ “မိုးတွေ တအုန်းအုန်းရွာတဲ့အခါ”ဆိုတဲ့စာကြောင်းဟာ ပါမလာခဲ့ပါဘူး။
အခုတော့ ကျွန်တော် အပြည့်အစုံရေးထားပါတယ်။အရသာမပျက်တော့ဘူးပေါ့ခင်ဗျာ)

လျှာနဲ့သွား

လျှာနဲ့သွား

လုပ်ပါဦး ဆရာကြီးရယ် ကိုရေခဲရယ်လေ ကျွန်မကို အိမ်ပေါ်က ဇွတ်နှင်ချနေတယ်
သောက်တာကတော့ ညနေတိုင်း သောက်တာပါပဲ ဒီနေ့ကျမှ ဘယ်လိုဖြစ်တယ်မသိဘူး
ဟို အိပ်နေတဲ့ အကြီးကောင်ကိုလည်း ခြေထောက်နဲ့ ကန်နှိုးပြီး နှသ်ချတယ် ကျွန်မက ကိတ်စ
မရှိပေမယ့် ကလေးတွေရှိသေးတယ်လေ ကလေးတွေက သူနဲ့ရတာ မဟုတ်သလိုပဲ ဆရာကြီး
ရယ် ကျွန်မကိုလည်း ထိုးမယ် ကြိတ်မယ် တကဲကဲ ဟင့်အင်း သူဘယ်လောက်သောက်သောက်
ကျွန်မ ဘာမှမပြောဘူး သူရှာတာ သူသောက်တာပဲရှင် ဘာပြောရမှာလဲ ကျွန်မနားလည်ပါတယ်
လခလား မှန်မှန်အပ်ပါတယ် ညနေပ ဆရာကြီး သူနဲ့တွေ့တော့ ဆိုင်ကနေ သောက်လာပြီး
နေပြီရှင့် အင်း ဟုတ်တယ် အဲ့ချိန်တုန်းက ကောင်းသေးတယ် ဆရာကြီးထွက်သွားတော့
ဆိုင်ကနေ ကျွတ်ကျွတ်အိတ်နဲ့ ဆွဲလာတာကို ဆက်သောက်တယ်လေ အကြောင်းပြချက်လား
စုံနေတာပါပဲရှင် ကျွန်မအပေါ် မရမကအပြစ်ရှာပြီး နှင်ချတာ ဟဲ့ ဟိုအငယ်ကောင် ငြိမ်ငြိမ်နေစမ်း
ကိုရေခဲကို ဆရာကြီးလိုက်ထိန်းပေးပါဦးရှင် ကျွန်မ ခုဘယ်သွားနေရမှန်းတောင် မသိဘူး
ဟိုလေ ဒီနေ့ ရှင်လခထုတ်ခဲ့လညးဆိုတာလေးတော့ ကျွန်မမေးမိလိုက်တယ် ဟုတ်ကဲ့ပါရှင့်
သူအပ်တာ မလုံလောက်မှန်းသိပေမယ့် ကျွန်မဘယ်တုန်းကမှ နည်းတယ်များတယ်မပြော
ခဲ့ပါဘူး ဆရာကတော်ရယ် တလောက အမေ့အိမ် ခဏပြန်နေတာကြာသွားတာကိုလည်း
အပြစ်လုပ်တယ် ဒီအငယ်ကောင်လေးက မနက်ဖြန်ကျရင် စာမေးပွဲဖြေရဦးမှာ အမေ့
အိမ်ပြန်တယ်ဆိုတာကလည်း ကျွန်မမှာ အကြောင်းရှိလို့ပါ ကိုရေခဲကို လိုက်ပြောပေးပါဦး
ဆရာကြီးရယ် ဆရာကြီးတပည့်က ဆရာကြီးကိုမှ ကြောက်တာ။ ။

လွန်းဆက်နိုးမြတ်
နာမ်မှ

ကြောင်ပျောက်လို့

ကြောင်ပျောက်လို့

တစ်ညလုံး တကြော်ကြော်အော်ခေါ်ခဲ့တယ်
တစ်မနက်လုံးလည်း သွားတတ်တဲ့ နေရာအနှံ့ရှာခဲ့တယ်
အိမ်နီးချင်းတွေ မေးတော့လည်း သတိမထားမိကြဘူးဖြေတယ်
ရက်ပိုင်းအရွယ်ကြောင်ပေါက်ကလေးတွေက မိခင်ကိုမျှော်နေတာ
အ၀ါတစ်ကောင် အဖြူတစ်ကောင် အနက်နဲ့ မီးခိုးစပ်ထားတာက
တစ်ကောင် အားလုံးပေါင်းသုံးကောင် ဒီတောင်ကို ဘယ်လိုကျော်မလဲ
မတွေးတတ်တော့ဘူး ရပ်ကွက်ထဲက အခြားကြောင်မွေးတတ်သူတွေဆီ
ရောက်တော့ မကြာခဏပျောက်ဆုံးသွားတဲ့ကြောင်များအကြောင်း သိရ
ကြောင်သန်းခေါင်စာရင်းလုပ်ပြီး ကြောင်ပျောက်ကြေငြာပဲ သတင်းစာ
ထဲ ထည့်လိုက်ရတော့မလိုလို နို့ငတ်နေတဲ့ ကြောင်ပေါက်စကလေးတွေ
ကြည့်ရတာကိုက ဇာတ်နာနေတာ ကြောင်သားစားတဲ့လူဆိုတာ တခြား
လူတွေလိုပါပဲဆိုလိုတာကကြောင်ခိုးတဲ့သူမှာဂျိုမပါဘူး အမြီးမပါဘူး
ကျောကုန်းမှာ ဘို့မပါဘူး အခြားလူတွေထက်ပိုပြီး ထူးခြားထင်ရှားတဲ့
အမှတ်အသားမပါဘူး ဘာဖြစ်လို့ သားမွေးပြီးကာစ ကြောင်မကြီးကိုမှ
ရွေးယူသွားရတာလဲ အရပ်ကတို့ရယ် ဒီ့အရင် ကြောင်ပျောက်ဖူးသူတွေ
ရဲ့ လျို့ဝှက်စစ်တမ်းအရဆို ဒီရပ်ကွက်မှာ ကြောင်သတ်စားတဲ့လူအရေ
အတွက် တဖြည်းဖြည်းများလာ ကြောင်သားဟာ အဲဒီလောက်ချိုသလား
သမီးရယ် အချိန်မှီ အိမ်အမြန်ပြန်လာပါ ကြောင်ပျောက်လို့ အလုပ်တောင်
ဒီနေ့မသွားဖြစ်ဘူး ကြောင်ပေါက်လေးတွေကြည့်ပြီး ထမင်းစားမ၀င်ဘူး
လူတွေ လူတွေ ဘာဖြစ်လို့ ဈေးသွားပြီး စားစရာမ၀ယ်ကြပါလိမ့်
ဘာဖြစ်လို့ ကြောင်သားခိုးစားကြတာပါလိမ့်။ ။

လွန်းဆက်နိုးမြတ်
နာမ်၂၀၁၀မှ

ဟိုကောင်ကြီး

ဟိုကောင်ကြီး

မင်းနဲ့ ငါနဲ့ ကြားမှာ လုပ်ထုံးလုပ်နည်းတွေ ကွဲပြားတယ်
မင်းက ငါ့ထက်စာရင် တွန့်ဆုတ်လွန်းတယ် စဉ်းစားလွန်းတယ်
ကိစ္စတော်တော်များများမှာ အမှားနည်းတယ် ငါက အရာရာထိပ်တိုက်တွေ့လိုက်ရမှ
ပျော်ရွှင်တတ်တဲ့ကောင် ဘ၀ကို စစ်တုရင်ရွေ့သလို မင်းအရမ်းသတိထား ကစားတယ်
ငါ့အတွက်က ဘ၀ဆိုတာ အံစာတုံးကို မြန်မြန်ပစ်ကြဲ မိုနိုပိုလီကစားနည်းပဲ မင်းနဲ့ငါ စကား
နိုင်လုပြီဆိုရင် ထထထွက်သွားတတ်တဲ့ ဟိုကောင်ကြီးကျတော့ ပုံစံတစ်မျိုး မင်းနဲ့ငါ သဘော
ထားကွဲလွဲတဲ့အခါ ဟိုကောင်ကြီးရဲ့ အဆုံးအဖြတ်ဟာအရေးကြီးတယ် ငါက ဘာမဆို အမှား
များတယ် တဒိုင်းဒိုင်းကန်သွင်းတတ်တယ် မင်းလို အစာကြေအောင်မစောင့်တတ်ဘူး အချိန်
အဆမရှိဘူး တစ်ခါတစ်လေ ဟိုကောင်ကြီးလည်း ငါ့လိုအချိန်အဆမရှိပြန်ဘူး မင်းအတွေး
အခေါ်တွေက လေးလံနက်နဲတယ် ငါလိုက်လို့မမှီဘူး မင်းပုံစံက ကြည့်လိုက်တိုင်း ဂေါ့ဖားသား
ထဲက အယ်လ်ပါစီနိုပဲ တစ်ခုခုကို စိတ်ရှည်လက်ရှည်စောင့်လို့ ဒါမျိုးအိုက်တင် ဟိုကောင်ကြီး
လည်း လုပ်တတ်တယ် မင်း ထူးထူးဆန်းဆန်းတွေပြောတဲ့အခါ ငါနားမလည်ပေမယ့်
ဟိုကောင်ကြီးက နားလည်တယ်
ဒီလိုပဲ ငါကစားတဲ့ ဘောလုံးပွဲတွေ မင်းမလိုက်လည်း ဟိုကောင်ကြီးက လိုက်တာပဲ
ဒါပေမယ့် မင်းနဲ့ ငါရဲ့ တစ်ဖက်ဖက်မှာ အမြဲတမ်းတော့ ဟိုကောင်ကြီးမရပ်ဘူး ငါ့ဖက်ပါလိုက်
မင်းဖက်ရောက်လိုက်နဲ့ ကျောင်းတုန်းက မင်းဝါသနာဟာ ဥယျဉ်မှူး ငါစိတ်ပါတာက
ဘောလုံးသမား ဟိုကောင်ကြီးကိုတော့ ဒီကိစ္စမေးလို့မရဘူး အသံတိတ်တယ်
ခုတော့ မင်းအလုပ်က စာရေးဆရာ ငါ့အလုပ်က ကားပွဲစား
ဟိုကောင်ကြီးကတော့ သူဌေးသမီးနဲ့ ညားသွားတယ်။ ။

လွန်းဆက်နိုးမြတ်
ပိတောက်ပွင့်သစ်၊အောက်တိုဘာ၊၂၀၀၉၊စာ-၈၈
(ဒီကဗျာကို ပိတောက်ပွင့်သစ်မှာ ဖော်ပြခံရတော့ “မင်းအရမ်းသတိထား ကစားတယ်”ဆိုတဲ့ စာကြောင်းက စာစီရိုက်မှားနေပြီး“မင်းအရျွ်းသတိထားကစားတယ်”ဖြစ်သွားပြီး“မင်းနဲ့ငါ သဘောထားကွဲလွဲတဲ့အခါ ဟိုကောင်ကြီးရဲ့ အဆုံးအဖြတ်ဟာအရေးကြီးတယ် ငါက ဘာမဆို အမှားများတယ် ”ဆိုတဲ့ စာကြောင်းကတော့ လုံးလုံးပါရှိမလာတော့ဘဲ “မင်းနဲ့ငါ ဘာမဆို အမှားများတယ်”လို့ လွဲမှားသွားခဲ့ပါတယ်။(ဒီအတွက် ဆရာ မောင်စိမ်းနီကို ပြောပြရာမှာတော့ ဆရာမောင်စိမ်းနီက လိုလိုလားလား အပြုသဘော လက်ခံပေးလို့ကျေးဇူးတင်ရပါတယ်)အခုတော့ ကျွန်တော် အပြည့်အစုံရေးထားပါတယ်။ အရသာမပျက်တော့ဘူးပေါ့ခင်ဗျာ)

စီစီဖတ်

စီစီဖတ်

စီစီဖတ်ဟာ ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်တဲ့
ငါက ဒီအသက်အရွယ်ထိ အိပ်လိုက် စားလိုက် ရေးချင်တာလေး ထရေးလိုက်
ရေးသမျှအမှိုက်ဖြစ်သွားလိုက် ငိုယိုလိုက် ပေါက်ကွဲလိုက် မူးရူးလိုက် ရန်ဖြစ်လိုက်
စီစီဖတ်ရဲ့ တာဝန်က ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့တဲ့
ငါ့မှာ ဘာတာဝန်မှမရှိ ပိုက်ဆံမရှိ ချစ်သူရည်းစားမရှိ အနုပညာမရှိ ဘွဲ့လက်မှတ်မရှိ
စီစီဖတ်ဟာ အခုထိ ကျောက်တုံးကြီးကိုတွန်းတင်တယ် ပြန်လှိမ့် ချတယ် အဖေက
ငါ့ကို တစ်ခုခုဖြစ်စေချင်တယ် အပေါင်းအသင်းတွေက ငါ့အချိုးကို ပြင်စေချင်တယ်
ချစ်ခဲ့သူက ငါ့နောက်ကျော ဓားနဲ့ထိုးတယ် ပတ်ဝန်းကျင်မှာ ငါဟာ အရူး နားလည်ရ
ခက်တဲ့လူ တစ်ခါတစ်ခါအရက်ကြောင် ကြောင်ပြီး ဘ၀ပျက်နေတဲ့ ဘ၀င် စီစီဖတ်က
သူ့ကျောက်တုံးကြီးအပေါ် ဘယ်လိုသဘောထားသလဲ အပြစ်ဒဏ်သပ်သပ်ပဲလား
လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေအတွက် ငါလည်းကြေကွဲခဲ့ဖူးပါတယ် အများသူငါထက်
စိတ်ကူးယဉ်ဖူးပေမယ့် အများသူငါထက် လက်တွေ့ပိုရှုံးနိမ့်ခဲ့ရတယ် စီစီဖတ်ဟာ
အချိန်ကြာလာတာနဲ့အမျှ သူ့ကျောက်တုံးကြီးကို ခင်တွယ်လာမှာပဲလို့ ငါတွေးမိတယ်
နေ့တိုင်းနေ့တိုင်း လက်ဖက်ရည်ဆိုင်ထိုင်တွေးနေတဲ့ ငါ့အနာဂတ်ကို အဖေက
မကောင်းတဲ့အနာဂတ်လို့တွေးတယ် ငါ့ရဲ့ မကောင်းတဲ့ အနာဂတ်ဟာ သူငယ်ချင်းတွေ
ဆီမှာ အိမ်ပြန်ဖို့ကားခ လက်ဖြန့်တောင်း အရွယ်လွန်တပ်မက်စိတ်နဲ့ မိန်းမမြင်တိုင်း
ပစ်မှား ဘယ်တော့မှ မရှိခဲ့တဲ့ ငါ့အနုပညာခေတ်ကိုထူထောင် လူကြားထဲ အော်ကြီးဟစ်
ကျယ်ငြင်းခုံ စီစီဖတ်ဟာ ကျောက်တုံးကို တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်ပဲလုပ်နေတယ်
ငါလုပ်ခဲ့တာတွေက စီစီဖတ်ထက် ပိုများတယ် လှီးထုတ်ပစ်ရမယ့်အပိုကိစ္စတွေအပြည့်
တောင်အောက်ကနေ တောင်ပေါ်တက်တဲ့အခါ စီစီဖတ်တစ်ယောက် ဘယ်လိုစိတ်နဲ့
ကျောက်တုံးကို တွန်းတင်သလဲ ရှုပ်ထွေးစွာနဲ့ သိပ်စိတ်ညစ်နေမလား ခုကစ ငါလည်း
စီစီဖတ်လုပ်ချင်တယ် အပိုကိစ္စတွေလှီးထုတ်မယ် စီစီဖတ်စိတ်မညစ်ဘူး စီစီဖတ်ပျော်ရွှင်
နေမယ်လို့ ယုံတယ် ကျောက်တုံးကြီးကို နောက်တစ်ခေါက် တောင်ပေါ်တွန်းတင်
ပြီးရင် နောက်တစ်ခေါက် အောက်ပြန်လှိမ့်ချ ဒါစီစီဖတ်ရဲ့ အလုပ် ငါအချိန်ရတိုင်း
တွေးခေါ်မယ် ပြီးရင် အဲဒီ့အတွေးတွေကို စာရေးမယ် တစ်ရက်ပြီးတစ်ရက်
ဆက်တိုက်ဆက်တိုက် စီစီဖတ်ရဲ့ အနာဂတ်ဟာ သူ့ကျောက်တုံးကို နောက်
တစ်ခေါက်ပြန်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့ဆိုရင် ငါ့အနာဂတ်က
အဆက်မပြတ်တွေးမိတာတွေ ပြန်ချရေးဖို့ပဲ
စီစီဖတ်ပျော်ရွှင်သလောက်တော့ ငါလည်းပျော်ရွှင်ရမှာပေါ့
ဒါငါ့အလုပ်ပဲလေ။ ။

လွန်းဆက်နိုးမြတ်
အိုင်ဒီယာ၊အောက်တိုဘာ၊၂၀၀၉၊စာ-၁၀

Thursday, May 27, 2010

“ခင်ဗျားတို့ရှေ့ကို ရောက်လာတဲ့ နေ့စွဲတစ်ခုနဲ့ နာရီကို ကြည့်ပါ”

“ခင်ဗျားတို့ရှေ့ကို ရောက်လာတဲ့ နေ့စွဲတစ်ခုနဲ့ နာရီကို ကြည့်ပါ”
ဖွဲ့စည်းခြင်း(၂)


ကျွန်တော်က စာမသင်ချင်ဘူး ဆေးထိုးအပ်ကြောက်တယ်
သူ့အလိုလို တတ်ပြီးသား လမ်းကို လျှောက်ချင်တယ်
ကျွန်တော့်သားကို မိန်းမက ရိုက်တယ် ကျွန်တော်က ရိုက်တယ်
ကျွန်တော့်မိန်းမက ကျွန်တော့်ကို ဆဲတယ်
(မချစ်လို့ မဟုတ်မှန်း လူတွေက သိကြတယ်)
မှန်ဗွီရိုကို ကက်ဆက်တိတ်ခွေတွေကို
ကျွန်တော်က အကြည့်နဲ့ ခွဲခဲ့တယ်
သနပ်ခါးကျောက်ပြင်က မိန်းမသားရှိတယ်ဆိုတဲ့ သင်္ကေတပေါ့
ကျွန်တော်က
ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုးလား(ရုပ်ဆိုးတယ်)
သည်းခြေဆိုတာ အရှင်လတ်လတ် ကြက်နဲ့ငါးတွေမှာပဲ တွေ့ဖူးတယ်
အရူးဆေးတွေမှန်း သိရက်နဲ့ နေ့စဉ်သုံးစွဲတယ်
အဲဒီတုန်းက ကျွန်တော့်ပုံတူကို ရေးပေးတဲ့ မိတ်ဆွေပန်းချီဆရာနဲ့
ကျွန်တော့်ကဗျာတွေကို သူက ပန်းချီလို့ သတ်မှတ်ပြီး
သူ့ပန်းချီကားတွေကို ကျွန်တော်က ကဗျာလို့ သတ်မှတ်ခဲ့တယ်
မန္တလေးကို ကျွန်တော်က ခွဲခဲ့တယ်(ပြီးတော့ ကျွန်တော်ပဲ လွမ်းနေတယ်)
ကိုယ့်ကိုယ်ကို အမုန်းများနေလို့ မိန်းမယူတယ်
လမ်းက ကျွန်တော်ဟာ သူ့လူလို့ အလုခံရတဲ့အထိ
အတိတ်ကို မေ့လို့ရတဲ့အထိ ပျော်ရွှင်တယ်
ဆံပင်ရှည်ကို ဖြတ်ပစ်လိုက်တဲ့ ၂၄.၄.၉၇နေ့စွဲနဲ့
ရန်ကုန်ကို မနက်(၈း၃၁)မိနစ်မှာ
စတင်ခြေချခဲ့တဲ့နေ့စွဲ ၅.၅.၉၇ကို စာအုပ်ပုံအဟောင်းထဲ
လက်ကျိုးဖူးတဲ့ ဓာတ်မှန်ကော်ပြားနဲ့အတူ ပြန်ရတယ်
ကျွန်တော့်မှာ ပျော်ရွှင်တာ မရှိဘူး သရုပ်မမှန်တာ မရှိဘူး
ကျွန်တော်မပျော်ရွှင်တဲ့အတွက် သူတစ်ပါးကိုလည်း
စက္ကူစွန်လေးတွေ လွှတ်နေတာ မကြည့်ချင်ဘူး
လူဟာ သကြားလုံးတစ်လုံးမဟုတ်မှန်း ပုရွက်ဆိတ်တွေက သိတယ်
ကျွန်တော်က ဘာမှမသိဘူး။ ။

ဟိန်းမြတ်ဇော်
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၁၀

Thursday, May 20, 2010

တစ္ဆေလွမ်းတဲ့အိမ်

တစ္ဆေလွမ်းတဲ့အိမ်

အတောင်စုံပြီလား
အမြဲစိမ်းဂီတတွေနဲ့ ငါ့ရဲ့“လွင်ပြင်ဝါ”ကလေးရေ...
အလွမ်းတွေနဲ့ မာကျောမတ်စောက်နေတဲ့ ကမ်းပါးပေါ်မှာ
တပ်မက်သူမဲ့ အက္ခရာများ လွန်းထိုးပျံသန်း
ခြေထောက်ရဲ့ ဇက်ကြိုးကို နိုင်နင်းပါလျက်နဲ့
လမ်းမှားခဲ့ကြရတယ်။

သန့်သက်အောင် ခါချခဲ့ရတဲ့ မျက်ရည်စက်တွေ
ခရီးသွားတောင်တန်းပြာတွေနဲ့ ရောယှက်
အဆိပ်ခွက်တစ်ခွက်ကတော့ ဖိတ်စင်သွားခဲ့ရပြီ
ညီခွင့်မရခဲ့ကြပါဘူး...
ဆူးရစ်သရဖူတစ်ခု၊ကားတိုင်တစ်ခု၊ပုန်းရည်တစ်ခွက်နဲ့
ထွက်ပေါက်မဲ့ ၀ါကျတွေကသာ...
ဆွေးမြေ့ရင့်အိုလို့...။

နေသားကျခွင့်တွေကတော့...အလိုမတူပဲ တဖွေးဖွေးရွာကျလာခဲ့ပြီ
အမိုးအကာမဲ့ ခိုက်ခိုက်တုန်အားတင်းရင်း
နံနက်ခင်းပြတင်းပေါက်တွေကို တစ်ပေါက်ပြီးတစ်ပေါက်
အရူးတစ်ယောက်လို လိုက်ဖွင့်နေခဲ့မိတယ်
ဘယ်လိုမှ တည်ဆောက်ရာမရတဲ့ အတူတူတော့...
မြက်ခင်းတွေ စိမ်းနေပါစေလေ...
တစ်ခုပဲ...မှတ်ထားပေးပါ...
တစ္ဆေတွေလည်း လွမ်းတတ်ကြပါသေးတယ်။ ။

မနော်ဟရီ
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၈

နည်းနည်းသိ အမှန်တရား

နည်းနည်းသိ အမှန်တရား

နည်းနည်းပဲ သိတယ်လို့ ဆိုကရေးတီးလည်း ပြောဖူးတယ်။
၂၁-ရာစု တွေးခေါ်ပညာရှင်တွေလည်း ပြောဖူးတယ်။
သိစရာတွေအားလုံးကို သိုလှောင်ထားတဲ့ ကွန်ပျူတာကတောင်
သိစရာတွေ အများကြီး သိုလှောင်ဖို့ ကျန်သေးသတဲ့။

နည်းနည်းပဲ သိတယ်ဆိုတာ အမှန်တရားဖြစ်တယ်။
နည်းနည်းပဲ သိတယ်ဆိုတဲ့ ယုံကြည်မှုဟာ
ငါ့အတွက်တော့ ပျော်ရွှင်ဖွယ် အကောင်းဆုံးပဲ။

ငါ့ရုပ်ရည်၊ငါ့စိတ်၊ငါ့ခံစားမှု၊ငါ့အိပ်မက်
ငါဖြစ်တည်နေတာ...
ငါ့အကြောင်း ငါသိတယ်ဆိုတာ ဘယ်အထိသိနိုင်မှာလဲ
ငါ့ပြင်ပက အရှိတရားတွေကိုလည်း ငါနည်းနည်းပဲ သိတယ်။
အရာဝတ္ထုတစ်ခု၊ပန်းတစ်ပွင့်၊အသက်ဇီဝ၊စကြ၀ဠာ
အားလုံးဟာ ရိုးမသွားဘူး၊ငြီးငွေ့စရာ မဖြစ်ခဲ့ဘူး။
အားလုံးကို နည်းနည်းပဲသိလို့ ငါ့ဘ၀ ဆက်တိုက်ရှင်သန်လာခဲ့တယ်။

ထွန်းဝေမြင့်
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၆

ရန်သူ

ရန်သူ

အဲဒီအရောင်မဲ့အရောင်တွေ ငါ့ကို
စုံလုံးကန်းအောင် လုပ်ခဲ့တာ အဲဒီအရောင်မဲ့
အရောင်တွေ ငါ့စိတ်ကူးတွေ ပျက်ပြားအောင် အဲဒီ
အရောင်မဲ့အရောင်တွေ သေသေချာချာလုပ်ခဲ့တာပေါ့
အဲဒီအရောင်မဲ့အရောင်တွေ ငါ့ရဲ့ နေ့တွေကို ခိုးဝှက်ယူ
တကယ်ပါ အဲဒီအရောင်မဲ့အရောင်တွေ
သိပ်ဒုက္ခပေးလွန်းတဲ့ အဲဒီအရောင်မဲ့အရောင်တွေ
ငါ့အနုပညာတွေကို အဲဒီအရောင်မဲ့အရောင်တွေ တစ်စချင်းချိုးဖဲ့
အဲဒီအရောင်မဲ့အရောင်တွေ ငါ့အိပ်မက်တွေကို ငါ့အနာဂတ်တွေကို
စုပ်မျိုစားသောက် အဲဒီအရောင်မဲ့အရောင်တွေ ငါ့ရဲ့
ကြယ်တံခွန်တွေကို ဖျက်ဆီးပစ် အဲဒီအရောင်မဲ့အရောင်တွေ
ငါ့ရဲ့ မိုးကောင်ကင်နဲ့ ပင်လယ်ပြင်တွေကို အဲဒီအရောင်မဲ့
အရောင်တွေ အကြီးအကျယ် မှောက်မှားအောင် အဲဒီအရောင်မဲ့
အရောင်တွေ သပ်သပ်ရပ်ရပ် လုပ်ကြံပြီး အဲဒီအရောင်မဲ့အရောင်တွေ
ငါ့ကို ငါ့ကမ္ဘာကြီးနဲ့ မုန်းတီးအောင် ပြတ်စဲအောင် အဲဒီ
အရောင်မဲ့အရောင်တွေ ငါ့ကို ထောင်ချောက်ထဲထည့်
အဲဒီအရောင်မဲ့အရောင်တွေ ငါ့ကို အပြီးတိုင် မသတ်ဖြတ်
မသုတ်သင်သေးပဲ အဲဒီအရောင်မဲ့အရောင်တွေ ငါ့ကို ရူးသွပ်အောင်
လုပ်ခဲ့တဲ့ အဲဒီအရောင်မဲ့အရောင်တွေ ငါ့အာရုံခံစားမှုတွေကို
ကန့်သတ် သိမ်းပိုက် ခြေမွ အဲဒီအရောင်မဲ့အရောင်တွေ
ငါ့ကို ပါးပါးလေး မွေးမြူလို့ ငါ့ကို ဖြည်းဖြည်းချင်း အဲဒီ
အရောင်မဲ့အရောင်တွေ ဇီဝိန်ခြွေနေတော့ရဲ့ အဲဒီအရောင်မဲ့
အရောင်တွေ ငါမမြင်နိုင်တဲ့ အဲဒီအရောင်မဲ့အရောင်တွေ။ ။


မင်းထက်မောင်
ဒီလှိုင်း၊ဖေဖော်ဝါရီ၊၁၉၉၆၊စာ-၆၃
ရုပ်ရှင်တေးကဗျာ၊ဇွန်၊၂၀၀၂
(ပြန်လည်ဖော်ပြခြင်း-ကျောက်ထက်အက္ခာရာများ)

ဗဟို

ဗဟို

ဘယ်သူ့ကို ဘာကို ဘယ်အရာကို စိတ်အ၀င်စားဆုံးလဲ
နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သာ
စိတ်အ၀င်စားဆုံး ဖြစ်သွားကာ
ငါမရှိဘူးဆိုတာ သိလျက်နဲ့ ငါကို ဗဟိုပြုရသလားတဲ့
ပြတင်းတံခါးကို ဖွင့်ပြီး အပြင်လောကကို ကသိုဏ်းရှု
လေကို ရှူတယ်၊ပြန်ထုတ်တယ်၊ရှူတယ်၊ထုတ်တယ်။
ဖောင်းတယ်၊ပိန်တယ်၊ယားတယ်၊နာတယ်၊အောင့်တယ်၊
ပူတယ်။
အရုပ်တွေ၊အရောင်တွေ၊အဆင်းတွေ၊အသံတွေ...
အနံ့အရသာတွေကို သုညအဖြစ် ကသိုဏ်းရှု
ငါနဲ့၊သူတို့နဲ့၊အဲဒါတွေနဲ့၊သင်နဲ့၊လောကကြီးနဲ့
ငါက ဗဟိုလား...ကမ္ဘာက ဗဟိုလား...
သုညက ဗဟိုလား...
သိမှုက ဗဟိုလား...ရှိမှုက ဗဟိုလား...
ဗဟိုချက်ဆိုတာ ရှိလို့လား။ ။

ထွန်းဝေမြင့်
မဟေသီ၊အေပရယ်၊၂၀၀၂၊စာ-၁၂

နယူတန်လက်သစ်

နယူတန်လက်သစ်

နောက်ထပ်နယူတန်ဟာ ငါဖြစ်တယ်။
ငါ့ရှေ့မှာ ပန်းသီးမကြွေ
သပွတ်သီးတွေ တဖြုတ်ဖြုတ်ကြွေပေါ့။
သပွတ်အူထဲ ငါရောက်သွား
နယူတန်ထက် ပိုပြီးစိတ်လှုပ်ရှားခဲ့တယ်။ ။

ထွန်းဝေမြင့်
မဟေသီ၊ဒီဇင်ဘာ၊၂၀၀၁၊စာ-၉

ကမီးကလော်ဒဲလ်အတွက်တေး

ကမီးကလော်ဒဲလ်အတွက်တေး

ရွှံ့စေးမဟုတ်ဘူး
အဲဒါထက် သိမ်မွေ့တဲ့ထောင့်တစ်ခုကနေ
ပြူထွက်လာတဲ့အနမ်း
ခုတော့
ရေခဲထဲမှာ လောင်ကျွမ်းလို့။

ကြောက်မက်ဖွယ်နေ့များရဲ့ နံရံထဲ
မီးစာဟာ သန်းခေါင်ယံကို စုပ်မျိုလို့
ရုပ်တုက အသက်ဝင်နေတဲ့ အရိပ်မှာတော့
မျက်ဝန်းပြာဟာ မျက်ရည်ကို မမြင်ရဘူး။

သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ရေတံခွန်အောက်
နှလုံးသားဟာ ကျောက်တုံးလို အနာတရနဲ့
ဆွံ့အ၊

မြို့ရဲ့ မျှော်စင်ထက် လေးလံမြင့်မားပြီး
မြို့ရဲ့ လမ်းတွေထက် ရှည်လျားခဲ့တဲ့
သုညရဲ့ ဆူးပြွန်းဝင်္ကပါဆီ
ဘုရားသခင်ဟာလည်း မှုန်ဝါးလို့။

ပေါင်မုန့်ဖုတ်နည်းစာအုပ်လို
ဖတ်ပြီး ပိတ်လိုက်ရမယ့် လွယ်လွယ်ဘ၀မဟုတ်ဘူး
ဒါပေမယ့်
ကြယ်ကို မြေကြီးထဲ ထိုးထည့်လိုက်ကြတယ်
မရဘူး
အဆုံးမှာတော့
ကြယ်ဆိုတာ မိုးကောင်းကင်ရဲ့ အရေးအရာလို့
ငါတို့ သိခဲ့ကြရပေါ့။ ။


စံငြိမ်းဦး

မှတ်ချက်။ ။ကမီးကလော်ဒဲလ်(Camille Claudel)ကို ၁၈၆၄ မှာ မွေးတာ။ပန်းပုဆရာရိုဒင်ရဲ့
၁၅ နှစ်ကြာတွခဲ့တဲ့ ရည်းစား။ပြီး စွန်ပစ်ခံ၊အရူးထောင်မှာ ၂၅ နှစ်နီးပါး အရူးအဖြစ်
ဘ၀ကို ကုန်ဆုံးရ၊ ပြင်သစ်ပန်းပုပညာရှင်။

မြားနတ်မောင်၊ဒီဇင်ဘာ၊၂၀၀၁၊စာ-၁၄

မျဉ်းဖြောင့်များ

မျဉ်းဖြောင့်များ

မေမေက
လတစ်စင်းရဲ့ အတွင်းအဇ္ဈွတ္တကို သင်ပေးတယ်
သားက
ကိုယ့်ရင်ဘတ်ကိုယ် မီးပြန်ညှိတဲ့ကောင်
မေမေက
လေပြည်တွေရဲ့ အသွားအလာကို သင်ပေးတယ်
သားက
ကိုယ့်ပါးစပ်ထဲကို မုန်တိုင်းတွေ သွတ် သွတ်သွင်းတဲ့ကောင်
မေမေက
အပြစ်ကင်းတဲ့ လမ်းကလေးတွေအကြောင်း ပြောတယ်
သားက
ကိုယ့်ခြေထောက်ကိုယ် ပိုးထိုးကျောက်တွေပေါ် လျှောက်ခိုင်းတဲ့ကောင်
အဲသလို အိမ်ဝေးသားဆိုးလေးရဲ့ အပြစ်
ခြောက်လသား အရေထူဖ၀ါးက
တလင်းပြင်ထဲ လေတယ်
အချိန်တန်တော့
မေမေ့အိမ်ကလေးရဲ့အတွင်းသားအနှစ်ကို လွမ်းတတ်ရဲ့။
မေမေ
သားစားကျက်မရှိတဲ့ ကွင်းပြင်ထဲ ရောက်တဲ့အခါ
နောင်တရ ခရာသံတွေ
ရှိုက်ကြီးတငင် ဖွင့်ထုတ်ပစ်လိုက်တိုင်း
အဝေးတိမ်အုပ်ထဲက
အနက်ရောင် ပန်းနှစ်ပွင့် ပန်တဲ့ကောင်မလေးက
သားကို လက်ယပ်ခေါ်တယ်။
မေမေ
မေမေကရောဟင်။ ။


မင်းတင်ကျော်(ဒိုက်ဦး)
ရုပ်ရှင်တေးကဗျာ၊နိုဝင်ဘာ၊၂၀၀၁၊စာ-၇

လွမ်းတေး

လွမ်းတေး

ငါဟာ အမြဲတမ်း တစ်ခုခု လိုနေတဲ့သူပါ။

ပြိုင်မြင်းတစ်ကောင်မှာ ခြေထောက်တစ်ဖက်လိုနေသလိုမျိုး
ဖဲထုပ်တစ်ထုပ်မှာ စပိတ်ကွင်းတစ်ချပ်လိုနေသလိုမျိုး
ပြီးတော့
ရဲတိုက်ကြီးတစ်ခုမှာ
ပြတင်းပေါက်တစ်ခုလိုနေသလိုမျိုးပေါ့ကွာ။

ငါဟာ အမြဲတမ်း တစ်ခုခု လိုနေတဲ့သူပါ။

တစ်စုံတစ်ယောက်ကပြောတယ်
လူဟာ ပျော်ရွှင်ဖို့လိုအပ်တယ်
ဟုတ်ရဲ့လား
ရေတံခွန်အောက်မှာ မြို့တစ်မြို့ရှိတယ်
ဟုတ်ရဲ့လား
သင်ခန်းစာတွေ ဖြေဆိုဖို့ မလိုတော့ဘူး
ဟုတ်ရဲ့လား
ပင်လယ်က မာလိန်မှူးကို လှည့်စားခဲ့
ခေါ်သံတွေက ဘာသာစကား(၁၆)မျိုးနဲ့ အော်မြည်လို့
တို့တစ်တွေ ဝေးကွာခဲ့ကြပေါ့။

လက်တစ်ဖက်က လက်တစ်ဖက်ကို စွန့်ခွာခဲ့ရချိန်
ဗျပ်စောင်းတစ်လက်မှာ ကြိုးတစ်ချောင်းလိုနေပေမယ့်
သီချင်းသံက မြည်နေဆဲ။

မင်းမရှိတော့လည်း
ငါ့ တစ်ယောက်တည်း အိမ်ပြန်ရုံသာ။ ။

နေမျိုး

ပြုစားခဲ့တဲ့လူ

ပြုစားခဲ့တဲ့လူ

မနေ့ကမှ ကိုယ့်ကိုယ်ကို ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ထွက်သက်ဝင်သက်ကလေးတောင် အရပ် အတော်မြင့်ခဲ့ပြီ။

လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေအတိုင်းပါပဲ
လောကဓံ ခွန်းကြီးခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ့ “လူ”အဖြစ် ပွင့်ခဲ့ရတာပါ။

တကယ်ဆို ကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့ အရာပါ
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ။

တစ်ရံတစ်ခါ လေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်။
အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင် ကျွန်တော် မကွေ့ကောက်ခဲ့ပါဘူး။

ကျွန်တော်နဲ့ သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်းဆိုကြ
အော် တစ်ခုတော့ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ကျန်ခဲ့တယ်။ ။

တာရာမင်းဝေ

အောက်မေ့လို့ ပြန်ငေးရတဲ့နေ့တွေ

အောက်မေ့လို့
ပြန်ငေးရတဲ့နေ့တွေ

လူက မညွတ်လည်း စိတ်က ညွတ်ပြီးသား
ခြေဖ၀ါးက တင်းဆန်လည်း
ဆုံမြဲနေရာမှာ ကိုယ့်မိုးတိမ်တွေက ညှို့
ကိုယ်ရွာချတဲ့ မိုးတွေ ဘယ်သူမှ မမြင်ပါဘူး။
“မဆုံရတာကြာပြီ” ငတ်ငတ်မွတ်မွတ်
ပြောမိကြပါတယ်။
လက်ဖက်ရည်သောက်လည်း မရောက်
လမ်းလျှောက်လည်း မဆုံ
သြော်...ကိုယ့်ဗုံကိုယ် ကျက်နေရတာနဲ့ပဲ
ညနေတေးသံတွေ ဆွေးခဲ့။ ။

စည်သူငြိမ်း
မဟေသီ၊ဇူလိုင်၊၂၀၀၁၊စာ-၁၄

Wednesday, May 12, 2010

သားဆိုး

သားဆိုး

ကိုယ်လျှောက်ရာ ဂျုံနဲ့ စပါးခင်းတွေကျန်ခဲ့
ကိုယ့်ဂျင်းဘောင်းဘီအိတ်ထဲ
ခရေတွေဖွဲဖွဲလှုပ်ခဲ့တယ်
လမင်းကိုရပြီးတောင် ကြယ်တွေကို ပစ်မှားချင်တဲ့
ရွက်ကျပင်ပေါက် စိတ်ခွန်အားများနဲ့
သစ်တောကို တရိရိ ကိုက်ဖြတ်နေတဲ့ ခွေးအ
ကမ်းခြေ တနင်္ဂနွေ နေ့တစ်နေ့နဲ့
ကိုယ့်ဘ၀ မင်္ဂလာဦး ညတစ်ညကိုယူ
အဝေးတောင်ကုန်းပေါ်က
လရောင်ဆောင်ထားတဲ့ ကျောက်တုံးများ
ဘင်္ဘောပျက်တစ်ခုထဲက
နှင်းဆီအရိုးစုများရဲ့ တွန့်ခေါက်တွန်ကြူးသံ
အိပ်မက်ပေးေ၀၀ါးခဲ့သော
နှင်းကိုက်ခံ မနက်ခင်းများရဲ့ ခြေဖ၀ါး ဓားထိသံ
ကမ္ဘာရဲ့
နှစ်နဲ့ချီပွင့်ခဲ့သော ဒုက္ခ ၁၂ x ၁၂လီတို့
အားလုံး
ကျွန်တော့်နှလုံးသား ပြာမှုံချ
ဆေးဖက်ဝင်ခဲ့ပြီး
အိမ်ကလေးရှိတဲ့
အမေ့ဆီပြန်ခဲ့တယ်
လမ်းမှာ
သစ်ရွက်နဲ့ငှက် အသစ်အဆန်းများ
သူတို့ကို
ဝမ်းနည်းဝမ်းသာလက်ပြ
ချိုင့်ခွက်ထူ အသားအရည်မွဲလှတဲ့
လမ်းကလေးအတိုင်း
ကျွန်တော့်ကိုယ် ကိုင်းကိုင်းကြီးယိုင်လို့
ပြန်ခဲ့ရာ
အမေက ကျွန်တော့်ကို မမှတ်မိဘူး။ ။

ခရမ်းပြာထက်လူ

မြို့ခေါင်ခေါင်

မြို့ခေါင်ခေါင်

ဗွီစီဒီ၊ကာရာအိုကေ ရမယ်
အရက်မျိုးစုံရမယ်
လမ်းဘေးအုတ်ခုံထိုင်တဲ့ သီချင်းဆန်ဆန်အော်ဟစ်မှုတွေ ရမယ်
အဝေးမပြေးနိုင်လို့ ခေါက်တုံ့ခေါက်ပြန် ပြန်ပြန်လာတဲ့
အဝေးပြေးကားနံ့ရမယ်ဆိုပြီး
ဈေးခေါ်ရင်း ဈေးခေါ်ရင်း ညည့်နက်နက်လာတဲ့ မြို့ကလေးပေါ့
ညလုံးပေါက် လက်ဖက်ရည်သောက်နေရ
ဟိုတုန်းက ဆုတံဆိပ်ရခဲ့ဖူးသူတွေကို မေ့နေမယ်
မူးယစ်သောက်စားထားသလောက် အားကစားလိုက်စားဖို့ မေ့နေမယ်
တစ်တစ်ရစ်ရစ် ကဗျာပြင်းအားတွေကို ၀ှက်ထားမယ်
သူ့အကြောင်း မကောင်းပြောမယ်အထင်ရောက်ပုံနဲ့ မရပါဘူး
ဟိုတစ်ယောက်ဒီတစ်ယောက် တဖြောက်ဖြောက်မိုးရွာလိုက်သလို
ကဗျာတွေအလျှိုအလျှိုထွက်လာခဲ့
အတွင်းတိမ်စွဲတယ်ပြောပြော သူ့အလင်းအားကို သူချွေတာ
သူ့လမ်းမလေးအတွက် အနက်ရောင်ဆေးတွေ သူချွေတာ
ချစ်ခြင်းမေတ္တာအတွက်တော့ သူဘာသိလို့လဲ
သူ့အဝေးရောက်သားတွေ သူ့အိမ်ပြန်လာဖို့များ
သူဘယ်နှစ်ခါ ညှို့ခေါ်ဖူးလဲ
ဒီလိုနဲ့သာ အသည်းကွဲကြစတမ်းဆိုရင်
အဲဒီ့မြို့ငိုတာနဲ့တင်
သူ့နှမ်းပင်တွေ ရေမျှော်ဖို့မလိုဘူး။ ။

သစ္စာပိုင်စိုး
ရယ်စရာ၊ဇွန်၊၂၀၀၁၊စာ-၂၂

ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်

ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်

ငါဟာ ရွက်လွှင့် ငါဟာရွက်လွှင့်ဆိုတဲ့ သီချင်းကို အော်ဆိုတယ်
ပြုဖူးခဲ့တဲ့ အပြစ်တစ်ခုအတွက် လူတွေကဲ့ရဲ့ကြတာ ဆန်းသလား
အိမ်ရှေ့လမ်းထွက်လျှောက်ရင်တောင် မြင်တဲ့သူက မတော်တဆလိုလို
( တကယ်က တမင်တကာ ) တံတွေးကို အသံမြည်အောင်ထွေးတယ် မျက်နှာ
ကို လေဖြတ်ထားသလို ရွဲ့ကြည့်တယ် အကြောင်းရှိလို့ အခေါ်အပြော
လုပ်ရင် ရွံသလိုလို တွန့်သလိုလို မကောင်းတတ်လို့ စကားပြန်ပြော
လိုက်ရတာလို့ သတင်းဖြန့်မယ် အဘိုးက တော်သလောက် အဖေက
ရည်မွန်သလောက် ဒင်းတို့ကျမှ မိုက်ရိုင်းလိုက်ကြတာ ကြုံကြိုက်လို့
တွေ့တဲ့အခါ အဝေးကြီးက ပတ်ရှောင်ပြ ပြီးရင် လက်ညှိုးငေါက်ငေါက်
ထိုး မကောင်းပြောကြ အုပ်စုဖွဲ့စည်ကားနေတဲ့ကြား ရောက်သွားရင်
ရှဲခနဲ ချက်ချင်း လူစုကွဲသွားကြ တစ်ကြိမ်တစ်ခါမှ မသိကျွမ်းဖူးသူ
ကတောင် ယောင်တောင်တောင်နဲ့ အမြင်ကတ်ခြင်းခံရ ဒီလိုနဲ့ ခုနစ်ရက်
ပြည့်လို့ လမ်းမှာတွေ့တော့ အလကားနေရင်း ပြုံးပြတာကြုံတယ်
ဒီအင်္ကျီ ဘယ်ကဝယ်သလဲ ဒီဖိနပ်နဲ့ သိပ်လိုက်တာပဲ အကြောင်းမဲ့သပ်
သပ် ထမင်းစားဖိတ်ကျွေးတာခံရ မတွေ့ချင်လို့ ရှောင်သွားရင်တောင်
နောက်က ဇွတ်အတင်း လိုက်နှုတ်ဆက်ကြ တော်လွန်းလို့ အိမ်ကသား
သမီးတွေကို ဆုံးမတိုင်း ထည့်ထည့်ပြောရတယ် မျိုးရိုးက ဂွတ်ရှယ်
ဘမျိုးဘိုးတူ သားသမီးတွေလေ အကြောင်းမရှိ အကြောင်းရှာ ဖုန်းတ
ဂွမ်ဂွမ် လှမ်းဆက်ကြ ကိုယ်ရေးကိုယ်တာပြဿနာအတွက် အကြံဥာဏ်
တွေ တောင်းလားတောင်း ထင်းရေးမီးရေး လာတိုင်ပင်လို့တိုင်ပင် ဘာမဆို
ခင်ဗျားထောက်ခံမှုလေးပါမှ လုပ်ဝံ့တယ်ဆိုသူကဆို ဒီမှာတော့ ဆရာကြီး
စတိုင်လ်နဲ့ပဲ နေရတော့မလိုလို ဘဝင်ပဲ မြင့်ရတော့မလိုလို အနေအထားမှာ
နောက်ထပ်ခုနစ်ရက်တစ်ခါ ပြည့်ပြန်တော့ ငါဟာရွက်လွှင့်
ငါဟာ ရွက်လွှင့်ဆိုတဲ့ သီချင်းက တစ်ကနေ ပြန်စပါလေရော ။ ။

လွန်းဆက်နိုးမြတ်

၆ . ၂ . ၀၉
နံနက်၀၀း၁၀ နာရီ
နာမ်မှ

Sunday, May 9, 2010

လိုင်စင်ဓာတ်ပုံ

လိုင်စင်ဓာတ်ပုံ

မှန်ကြည့်လိုက်
ခေါင်းနည်းနည်းဖြီးလိုက်
ဖြစ်နိုင်ရင် နားကွင်းကိုချွတ်ပေးပါလား
ဟိုဘက်ကိုလှည့် ခါးမတ်မတ်ထား ငြိမ်ငြိမ်လေးနေ
အင်္ကျီကို အောက်ဆွဲဆန့်ပေးပါလား
ညာဘက်ပခုံးနည်းနည်း နှိမ့်လိုက်
ခါးကို ဘယ်ဘက်နည်းနည်း
အံကြိတ်မထားနဲ့
တည့်တည့်ကြည့်
ပြုံးပြုံးနေ။

လွန်းဆက်နိုးမြတ်
၂း၂၅ နံနက်
နာမ်မှ