Sunday, October 31, 2010

စိတ်ချအဘ

စိတ်ချအဘ

လူအလစ်မှာ ပုဆိုးထုပ်လေးကို ခိုးဖြည်ကြည့်လိုက်တာ မူးသွားတယ် ရူးသွား
တယ် ခေါင်းကို လက်ညှိုးနဲ့ထောက်ခါပြတယ် ခေါင်းမကောင်းဘူး ဒူးမကောင်း
ဘူး သွားလည်း မကောင်းဘူး သွားကြားထဲက အစာအတွက် နေ့စဉ်နေ့စဉ်
တုတ်တစ်ချောင်းနဲ့ ရှာရ ဖွေရ အဘခမျာ အိုမင်းခါးကိုင်းလို့ နေပါပြီကွယ် စပ်ကူးမပ်
ကူးကာလမှာ သတိထားအဘ ဖျားတတ်တယ် နာတတ်တယ် ဓာတ်မကူးစေနဲ့ ကွေးထား
ဒူးနှစ်ဖက်ကို ကပ်ထား ကပ်ထားတဲ့ ဒူးတွေပေါ် လက်နှစ်ဖက်နဲ့ ရစ်ပတ် စောင်တစ်ထပ်
ခြုံ နောက်တစ်ထပ်က အဆီ နောက်တစ်ထပ်က အသား ငါးထပ်ကအခန်း ငှားမလား
စုံစမ်းကြည့် မေးကွဲမကွဲကြည့် ပါးစပ်ပြဲမပြဲကြည့် ပြဲနေတဲ့ ကမာကို အချိန်မှီချုပ် ဘ၀တွေ
ဘ၀တွေ အစုတ်သက်သာ စုတ်တဲ့ထဲက တစ်စွန်းပေါ်ရင် အလွယ်တကူ တစ်စမြင်သွားမယ်
တွေ့သွားမယ် မိသွားမယ် သတိထား ဖြတ်မကူးခင် ဟိုဖက်ကား ဒီဖက်ကားကြည့် ယာဉ်ထိန်း
ရဲကိုလည်း ကြည့် မမိစေနဲ့အဘ စိတ်က စိတ် ပုတီးက ပုတီး အဲဒီ့စိတ်ပုတီးတစ်ပတ်ထိ တစ်က
နေတစ်ရာထိ တစ်ယာနဲ့တော့ မရဘူး တစ်နေ့တစ်နေ့ အယာအစိတ်လောက် ၀ါးရမှ ဒီမှာ
ချိုးတွေတောင်တက်လို့ တက်နေတဲ့ ချိုးတွေ ပိုက်ပြင်သမားအမြန်ခေါ်ခွာခိုင်းမယ် မယား
ဆိုပျိုမှ သမားဆိုအိုမှ (ဂျိုးဖြူရေ ဘယ်မခန်း)မယ်ထွေးအမိဖမ်းပြမှ တူတူရေ၀ါး သားသားရေ၀ူ
ဆင်ကြီးမိုမိုသီချင်းဆိုပြ လိုင်စင်ဓာတ်ပုံပါလားပြ ပါရင် ဟိုမှာ ဖောင်ဝယ်ပြီးဖြည့် မပြည့်ရင်
ပြည့်တဲ့ထိဖြည့် မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ် ဘောင်ဘင်ခတ်သည်ဖြစ်စေ မခတ်သည်
ဖြစ်စေ ဖားတစ်ကောင်ခုန်ချရင်တော့ ပလုံမြည်သံကြားရ ငါ့သိမှုဗေဒစကားအရေးအသား
နွားရ အမြီးရရ ခေါင်းရရ ဘာပဲရရအဘ ဟိုနားတင်မရ ဒီနားထားမရရင်တော့လည်း
စိတ်ကိုချအဘ စိတ်ဒုံးဒုံးချ စိတ်သာချ ကောင်းလေစွ ကောင်းလေစွ
ကောင်းလေစွ။ ။

လွန်းဆက်နိုးမြတ်
၂၄.၉.၁၀
ည ၁၁း၀၀နာရီ

Tuesday, October 19, 2010

တောကစားထွက်ခန်း

တောကစားထွက်ခန်း

ကင်မရာထဲ ၀င်လာသမျှ အကုန်ပစ်ချလိုက်တယ်
ထုံးစံအတိုင်း ကောင်းကင်မပြာ့တပြာမှာ
ငွေရောင်မပေါက်တပေါက်တိမ်စိုင်တွေ ဘာတွေကို အရင်ဆုံး(အရင်ကတည်းက
ဆုံးနေတာလား) ရသပေါ့ ချောင်းနံဘေး ဓာတ်တိုင်ပေါ် စုပြုံနားခိုနေတဲ့ ပျံလွှားဆန်ဆန်
ငှက်ကလေးတွေ(ငှက်တွေကို အမျိုးအစားသိပ်မခွဲတတ်) ငှက်ကလေး ကြက်ကလေးလို
လူကိုဆက်ဆံချင်လို့ ရမလားဟဲ့ အကောင် နင် ငါ့ခန္ဓာကိုယ်ပဲ ရမယ် ငါ့အချစ်တော့မရဘူး
ဒါကိုလည်း ရသပေါ့ မျက်လုံးကတဆင့် အချက်ပေးစနစ်အရ “အစိမ်းရောင်”
နောက်ဆက်တွဲ “မြ”ဆိုတာက သိမှုမှာ အလင်္ကာထပ်တူပြုလိုက်ခြင်းတဲ့
အဲဒီ့ စိမ်းမြနေတဲ့ လယ်ကွင်းတွေကြား ၀ါးလုံးတိုင်မှာ ရှပ်လက်ရှည်အဖြူတစ်ထည်
ချည်နှောင်ထားတဲ့(စောစောကလို ငှက်တွေ အပါအ၀င် မည်သည့် ငှက်အမျိုးအစား
အတွက်မဆို အထူးရည်ရွယ်လျက်) ဒေသခံအခေါ်အဝေါ်အားဖြင့် စာခြောက်ရုပ်ကို
လည်း အလင်းပွင့်တယ် ချောင်းထဲက မဗေဒါဟာ တစ်ဖုတ်တည်း အဲ မှားလို့ တစ်ပင်
တည်း မဟုတ်ဘဲ အုံလိုက်ဖုတ်လိုက် မှားပြန်ပြီ အုံလိုက်ကျင်းလိုက် ဒါကိုလည်း
ခလုတ်တစ်ချက်ဆွဲလိုက်တယ် ရွှံ့လူးအိုင်ထဲမှာ အများမညီလည်း သဘာဝကျကျဖြစ်မြဲ
ကျွဲတွေ ကျောပြောင်ပြောင်ပေါ် ကျီးမည်းတစ်ကောင်တစ်လေ နားနေတယ်
(ကျီးဖြူဖြူကျီးမည်းမည်း ကျွဲကျောပေါ်မှာ နားရဖို့သာ အဓိက)
အဲဒီ့ကျွဲတွေ ချောင်းထဲဖြတ်ကူးတော့ ရေပါတယ် မီးပါတယ် ကျောင်းနဲ့နီးတယ်
ဈေးနဲ့နီးတယ် ရဲစခန်းမဝေးဘူး တစ်ချက်ပစ်ရင် တစ်ကောင်ကျ ကင်မရာချောင်း
ကြည့်ပေါက်က ပစ်တယ် ကျွဲကျောင်းသားက ပုလွေမမှုတ်ဘူး အီမိုကေနဲ့ ဂစ်တာတစ်လက်
ကျောမှာ လွယ်ထားတယ် စီးနေတဲ့ ချောင်းရေထဲ ပလတ်စတစ်ဘိုမရုပ်လေး
ဝတ်လစ်စလစ်မှောက်ခုံမျောသွားတာ မိလည်းမိ ရလည်းရအောင်
မိမိရရ လှမ်းကလစ်(ခ်)တော်မူလိုက်တယ်။ ။

လွန်းဆက်နိုးမြတ်
၃.၁၀.၁၀
မနက် ၀၀း၁၅နာရီ

Thursday, October 7, 2010

ချက်ကော့ရဲ့ သေနတ်

ချက်ကော့ရဲ့ သေနတ်

အခန်းနံရံမှာ သေနတ်တစ်လက်ချိတ်ထား ဇာတ်ဆောင်အမျိုးသား
တစ်ဦးဝင်လာ နံရံပေါ်က သေနတ်ကို ဖြုတ် ပြောင်းတိုက် တစ်စစီလုပ်
ချေးချွတ် တစ်စစီပြန်တပ် နံရံမှာ ပြန်ချိတ် အခန်းပြင်ပြန်ထွက် ခဏနေတော့
အခန်းထဲ ဖင်ထိုင်ခုံတစ်လုံး မနိုင့်တနိုင် တရွတ်ဆွဲပြီး ကလေးတစ်ဦး
ဝင်ရောက်လာ နံရံမှာ ဖင်ထိုင်ခုံကို ကပ်မှီ ပြီးတော့ခုံပေါ်တက် သေနတ်ကိုဖြုတ်
သဘောကျ ၀မ်းသာ တအားပြုံး ခုံပေါ်ကဆင်း ပတ်ပြေး “ဒိုင်းညှောင့် ”
“ဒိုင်းညှောင့်” အော် ခဏရပ် “ဘွန်း...မိုင်နိမ်းအစ်စ်ဂျိန်းဘွန်း”လို့ ပြော
ရုတ်တရက် တစ်ခုခုကို သတိရ ခုံပေါ်ပြန်တက် အလျင်စလိုသေနတ်ပြန်ချိတ်
အခန်းပြင် ထွက်ပြေး ကွမ်းတစ်ယာညှက် ကြာလတ်သော် ခြေသံဒေါက်ဒေါက်
ကြား အခန်းထဲ ပေါင်တံရှည်မတစ်ယောက် ၀င်လာ ဖင်ထိုင်ခုံကိုကြည့် နံရံက
သေနတ်ကို ကြည့် နှုတ်ခမ်းကိုက် မျက်မှောင်ကြုတ် အနေအထားမမှန်တဲ့
သေနတ်ကို ပြန်ဖြုတ် ဖင်ထိုင်ခုံမှာထိုင် ဘာစိတ်ကူးပေါက်တယ်မသိ သေနတ်
ပြောင်းရှည်သလောက်နဲ့ အာသာဖြေ နှီးနှော ပြီးသော် သေနတ်ကို တစ်ရှူးနဲ့
အရည်စင်အောင်သုတ် ရှက်ကိုးရှက်ကန်း မလုံမလဲ အခန်းပြင်ပြန်ထွက်
မကြာခင်မှာ ညောင်နာနာလူတစ်ယောက် အခန်းထဲ ထပ်ရောက်လာ ပုံစံယောင်
ချာချာ ဟိုဟိုဒီဒီကြည့် သေနတ်ကိုမြင်သွား လှမ်းဖြုတ် သေနတ်ပြောင်းဝကိုနမ်း
သေနတ်ခါးကိုချိုး အိတ်ထဲက ဖြူဖြူအမှုန့်လေးတွေ ပြောင်းဝသိပ် ပြောင်းရဲ့ အခြား
တစ်ဖက်မှာ နှာခေါင်းကိုတေ့ နိဗ္ဗာန်ထိ တဆုံးရှိုက် ပါသမျှ အမှုန့်ကုန်အောင်ရှိုက်
ခုံမှာ ဖွဲတစ်အိတ်လို ပစ်ထိုင် မိန်းမော တော်တော်ရောက် အချိန်တရွေ့ရွေ့ကုန်
ခေါင်း ဆတ်ခနဲခါ မျက်လုံးရီဝေေ၀ နိုးထ အသက်ဝင် သေနတ်ကို အင်္ကျီလက်စနဲ့ပွတ်
အနေအထားမပျက် နံရံမှာပြန်ချိတ် နှာရှုံ့သံပြင်းပြင်း ခန္ဓာကိုယ်အနှံ့ လျှောက်ကုတ်
လျှောက်ပွတ် လေးလံနှေးကန် ပြန်ထွက်သွား ခဏအကြာ အခန်းထဲ သူခိုးမှန်းသိ
အောင် မျက်နှာအ၀တ်မည်းစည်းထားသူတစ်ဦး အသာအယာ ခြေဖော့ လှမ်းဝင်လာ
ဂနာမငြိမ် သေနတ်ကို လှမ်းဖြုတ် ဖင်ထိုင်ခုံပါ ချန်မထား ဆွဲယူမ ကျီးကြည့်
ကြောင်ကြည့် အသာအယာ သယ်ဆောင်ထွက်ခွာ။ ။

လွန်းဆက်နိုးမြတ်
၈.၁၀.၁၀
မနက် ၀၀း၄၅နာရီ

Monday, September 27, 2010

အရည်မလာလို့...။

အရည်မလာလို့...။

အရည်မလာဘူး(လား)အရည်(ဧကန်ဧက)လာအောင် အရည်ကို ဘာနဲ့မျှား
(တီကောင်/ဒေါ်လာ/ဘုရားသခင်/ဘာသာစကား/လျှာချင်းလူးလှိမ့်မှု)
နှစ်သက်ရာရာ ရွေးချယ်ဖြည့်စွက်နိုင်သော်ငြား အရည်ဆိုတာမျိုးက အခက်
သားကလား ပိုက်လိုင်းတစ်လျှောက် တဝေါဝေါလေတိုးသံတွေ အရင်နားစွင့်
လေတိုးသံတွေလာပြီးရင် နောက်ပါးထပ်ကျပ်မကွာ အရည်ကပ်လိုက်လာ(မယ်)
အရည်ဗေဒ အရည်လေ့လာချက် အရည်ဖြစ်ပေါ်တိုးတက်မှုသမိုင်း ဘာတစ်ခု
မှ လမိုင်းမကပ်တဲ့အခါ ပိုက်ဝဟာ (ခုများမှာ)အေးစက် ကြမ်းရှ သွေ့ခြောက်
အသေအချာစမ်းကြည့်ရင် ပိုက်ထိပ်ဟာ ပူနွေးလို့(တောင်)မနေ ပရီးမီးယား
လိဂ်အရည် ချန်ပီယံလိဂ်အရည် လိဒ် ချစ်စမ်းမောင် ကီးဘုတ် ဗညားနိုင်
တယော ဦးတင်ရီ အရည်မလာဘူး(ကွယ်) သံသရာလည်သလို အရည်လည်
လာမယ့်နေ့ကို မျှော်တလင့်လင့် လေရူး(တ)သုန်သုန် ၀သုန်မြေဆုံးစေတော့
အရည်ကို ရှာမလေ ရေခွန် မီးခွန် ဆန် ဆီ ဆား ငရုတ် ကြက်သွန် နေစရိတ်
စားစရိတ် သွားစရိတ် လာစရိတ် အရည်ကလေး စိမ့်စိုစေကြောင်း ဆုထူးတွေ
တောင်းမလေ စာတမ်းထိုးအရည်ဒီဗွီဒီ အင်တာနက်ပုံပြအရည်ပူစီ ဘလော့ဂ်
ကဗျာအရည်အရေးအသား ကလေးကလားနဲ့ ဈေးမသွားနဲ့ အမေတို့ ငယ်ငယ်
ကတည်းက သုံးတာ အရည် အကြည် အနောက် အပြောင် အပျက် အဖျက်
အမှောင့် အရည်မလာဘူး(နော်) ပိုက်ဝကို ပွတ်သပ်ချော့မြူ ပိုက်နှုတ်ခမ်း
သားဘေး လက်ကလေးနဲ့ ၀ိုက်ပေး နောက်ပြန်ပေး အမြှောက်ကန်တင်ပေး
ခေါင်းတိုက်ပေး အရည်လေးများ စိမ့်ထွက်လာလိုလာငြား အားထုတ် လုပ်
ဆောင် ၀ါယမစိုက် ကောက်စိုက် အနှစ်မရှိတဲ့တော မင်းမူတဲ့အပင်စိုက်
အရည်မလာ(သရွေ့)တော့ လက်ထဲက ပိုက်ဟာ ငိုက်စိုက် ငိုက်စိုက်။ ။

လွန်းဆက်နိုးမြတ်
၂၆.၉.၁၀
နေ့ ၀၂း၀၀နာရီ

Monday, September 13, 2010

ဟမ္ဘာဂါကိစၥ

ဟမ္ဘာဂါကိစၥ

ဒီမှာတော့ ဟမ်ဘာဂါဆိုတာ အောက်ခြေလူတန်းစား လွယ်လင့်တကူ ၀ယ်
မစားနိုင်တဲ့ အစားအစာဖြစ် တချို့ဆို စားတောင်မစားဖူး တစ်နေ့မှာ အဲဒီလို
အနေအထားမျိုးရှိတဲ့ တစ်ယောက်ယောက်ဆီ ဟမ်ဘာဂါဟာ တစ်နည်း
တစ်ဖုံနဲ့ရောက်ရှိလို့သွား သူဟာ ဟမ်ဘာဂါကိုရ သူဟာ ဟမ်ဘာဂါဆီရောက်
ဟမ်ဘာဂါဟာ သူ့ပါးစပ်ထဲမှာ သူ့လက်ထဲမှာ တစ်စစီ တစ်ပိုင်းစီ တစ်ဘ၀လုံး
လုံး ငြိုးမာန်ဖွဲ့ထားခဲ့လေသမျှ ဟမ်ဘာဂါကို ဒေါသတကြီး သူရင်ဆိုင် ရန်သူ
ကို ချေမှုန်းသလို ဟမ်ဘာဂါကို သူချေမှုန်း မျက်လုံးပြူး မျက်ဆံပြူး
ဝင်သက်ပြင်းပြင်း ထွက်သက်ပြင်းပြင်း ပလုတ်ပလောင်း တနင့်တပိုး တစ်ဖြဲ
နှစ်ဖြဲ လူပါးခပ်၀၀။ ။


(ရည်ညွှန်း-ဟမ်ဘာဂါစားသူ၊အောင်ချိမ့်)
လွန်းဆက်နိုးမြတ်
၂.၉.၁၀ ည၁၁း၄၅

Sunday, September 5, 2010

ဘာ...ဘာမှန်...

ဘာ...ဘာမှန်...

ဓာတ်မှန်ကို မလိပ်ရ မခါက်ရ ရေမစိုစေရ
သတိပေးချက်စာသားက အညိုရောင်စက္ကူအိတ်ပေါ်မှာ သိသာထင်ရှား
မိုးဦးလေဦး အိမ်ခေါင်မိုးသွပ်ပြားကို လေတိုးတဲ့ အသံဟာ
ဓာတ်မှန်ဖလင်ကော်ပြားကို ဆွဲထုတ်လိုက်တော့ ထွက်လာ
ကော်ပြားရဲ့ တစ်ဖက်မှာ အင်္ဂလိပ်ဘာသာနဲ့ သိကျွမ်းပြီးသား အမည်နာမတစ်ခု
တစ်ဖက်မှာက အစီအစဉ်မကျတဲ့ အင်္ဂလိပ်နံပါတ်ကို 26 10 L + 144 ဆိုပြီးတွေ့ရ
အင်္ဂလိပ်လိုရေးထားတဲ့ နာမည်ဟာ ညာဖက်ကလား 26 10 L + 144 ကိုပဲ ညာဖက်ထားရမလား
ဘယ်အနေအထားဟာ ဓာတ်မှန်ကော်ပြားရဲ့ အတည့်ဖြစ်မှု/မဖြစ်မှု
အတည့်ရတော့ ပြောင်းပြန်ပါရ ပြောင်းပြန်ရတော့ ဇောက်ထိုးပါရ
အားလုံးရတော့လည်း လက်ထဲက ဖလင်ကော်ပြားဟာ
ဖလင်ကော်ပြားကလွဲလို့ ဘာမှဖြစ်မလာ
ဆေးပညာနဲ့ ပတ်သတ်ရင် ဗဟုလည်းမရှိ သုတလည်းမရှိတော့ ရှက်ဖွယ်
နက်မှောင်နေတဲ့ ကော်ပြားအရောင်အဆင်းထဲမှာ အရိုးတွေ အဆစ်တွေကသာ
အဖြူရောင်နည်းနည်းဖောက်ထားသလို ဖြစ်နေတော့ ရေတွက်ကြည့်လို့တောင်မှရ
အဲဒီ့ကောင်ကို ကြည့်ပြီး အခိုက်အတန့် မှင်သက်သွား တရားတော်နဲ့ နီးစပ်မယ်ဆို
နီးစပ်သွားစေနိုင်တဲ့ အတွေ့အကြုံထူးကို ကော်ပြားက ပေးအပ်နေသလိုလို ဘာလိုလို
ကော်ပြားဟာ မသတီစရာကောင်းနေသလား/ခေတ်သစ်ပန်းချီကားတစ်ချပ်လား
အား...ကော်ပြားထဲမှာ ပုံဖော်ထားတဲ့ အရိုးစုတစ်စိတ်တစ်ပိုင်းက ချောက်ချားစရာ
ကုန်လွန်ခဲ့တဲ့ နှစ်ကာလတွေမှာ ကော်ပြားဟာ ဘယ်အနာရောဂါကို
ကိုယ်စားပြုထားခဲ့ရသလဲ
အဖြေပြန်ဖော်မရ ပြန်အဖြေဖော်မရ ဖော်ပြန်အဖြေမရ ပြန်ဖော်အဖြေမရ
မရတဲ့ အဖြေကို မစဉ်းစားနိုင် ဘာဇာတ်ကြောင်းကိုမှလည်း နောက်ပြန်မလှန်အား
အားနေတဲ့ ကျီးကန်းကမှ တအားအား တအားအား တအားအားလို့အော်မှာ
အထောက်အထားတွေကနေတဆင့် သဲလွန်စတွေကနေတဆင့်
အနက်ဂယက်အဆင့်ဆင့် ဆင့်ကဲဆင့်ကဲ ဘယ်ကဲ့သို့စစ်ချ စစ်ချ
ဘယ်ချမ်းသာသဲ့ယူ သဲ့ယူ ဓာတ်မှန်ဖလင်ကော်ပြားဟာ
ဓာတ်မှန်ဖလင်ကော်ပြားကလွဲလို့ ဘာမှမဟုတ်
ပလုတ်တုတ် ဂျိုးရုပ် အိုးပုတ်
ဘဲရုပ် တဲကုတ် ပဲပြုတ်။ ။


လွန်းဆက်နိုးမြတ်
၃.၉.၁၀ ည ၁၀း၀၀နာရီ

Thursday, August 26, 2010

ငါး

ငါး

လွတ်တဲ့ငါး ကြီးတယ်လို့ ပွတ်ကျွတ်ပွတ်ကျွတ်မလုပ်နဲ့...ငါမုန်းတာ အဲဒါတွေပဲ တကယ်ဆို လွတ်တဲ့ ငါးက လွတ် သွားပြီထားလိုက်တော့ပေါ့ နေပစေတော့ပေါ့ ဘာဖြစ်လို့ နောင်တလောင်ရာ စကားပုံပင့်နေရတာလဲ ဒီချောင်း ထဲမှာ ဒီငါးတစ်ကောင်ပဲ အရွယ်ကြီးသလား တခြားငါးတွေ သူ့လောက်မကြီးတော့ဘူးလား ရတယ် လွတ်တဲ့ငါး ကြီးတယ်ပဲထားဦး ဒီချောင်းကိုပစ်ပြီး ဟိုမြစ်ကိုရှာပေါ့ ဟိုမြစ်မှာ ဒီချောင်းက လွတ်တဲ့ငါးထက် ပိုကြီးတဲ့ ငါးတွေ တွေ့လိမ့်ဦးမပေါ့ ရှိလိမ့်ဦးမပေါ့ ဘယ်လိုပြောတယ် ဒီချောင်းကို ပစ်ရမှာကလည်း အဆီတ၀င်းဝင်း မျှားရမှာ လည်း သဲတရှပ်ရှပ်ဟုတ်လား လာ ထမင်းထုပ်ဆွဲ ဟိုမြစ်ကို သွားမယ် တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့လေ မလိုက်ချင်ဘူးဟုတ်စ ရေသာများပြီး ငါးမတွေ့မှာ စိုးတယ်ဟုတ်စ ငါ့နှယ် မစားရ၀ခမန်းပြောတာ မဟုတ်ရပါဘူး ကွယ် သေချင်တဲ့ကျား တောပြောင်းတာလည်း မဟုတ်ရပါဘူးကွယ် ကဲကဲ မယုံရင်လည်း ငါ့အသပြာထုပ်လေး ယူကိုင်ထား ဟိုမြစ်ရောက်မှ ဒီချောင်းထဲက လွတ်တဲ့ငါးထက် ပိုကြီးတဲ့ငါးတွေရကာမှ ပြန်ပေးဟုတ်ပြီလား ရော် ဖြစ်ရပြန်ပြီ မြစ်စိမ်းမြင် ချောင်းကင်ပစ်ရတယ်လို့ ရုပ်ကိုက ငါးပြေမဆားပက်သလိုရုပ်နဲ့ ဘာဖြစ်လို့ ကြောင်မိုက် ဖြစ်ချင်ရတာလဲ ဟိုမြစ်မှာ စိတ်ကူးပွက်ရာ စကားလုံးချကြတဲ့အခါ ဒီချောင်းထက် ပိုကြီးတဲ့ ငါးတွေရလာမှာပေါ့ အဲဒီ့တော့ငါးကြော်တွေလည်း အများကြီးရလာမယ်လေ ငါးရံ့ရတော်လှန်ရေးကာလတစ်လျှောက်လုံး အတူတူ လက်တွဲခဲ့ပြီး ငါးခူရနည်းပညာခေတ်ကြီးရောက်မှ ဘာလို့ ခွဲခြမ်းခွဲခြမ်းလုပ်ချင်ရတာလဲ တံငါလေးလုံးစပ်နားနီး တံငါလေးလုံးစပ် မုဆိုးခေတ်ပေါ်ကဗျာနားနီး မုဆိုးခေတ်ပေါ်ကဗျာဖြစ်လာပြီးမှတော့ ဘာသာစကားဆီနဲ့ ဘာ သာစကားကြော်ကြတာပေါ့ လာပါ ငါ့ဗူးသီးခြောက်ရေဗူးကလေးလည်း ယူထားကွာ ဒါနဲ့မှ မလုံလောက် သေးရင် လည်း ငါ့မြက်ခြောက်ဦးထုပ်ကလေးလည်း ယူဦး ဘာဖြစ်တယ် မလိုက်ရေးခခွေးယပင့်ရေးချမလိုက် ဟုတ်လား ဘာသာစကားမပိုင် အရေးအသားဝက်မွေးဟုတ်လား ခက်တယ်ကွယ် ဒီချောင်းမှာဆို လွတ်တဲ့ငါး ကြီးနေဦးမှာပဲ ဟိုမြစ်မှာဆို အနည်းဆုံးတော့ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ပဲ ဘာဖြစ်လို့ မစိုက်သေးဘဲ အညှောက်သန်နေ တာလဲ ဘာဖြစ်လို့ လွတ်တဲ့ငါး ကြီးတယ်လို့ ပွတ်ကျွတ်ကျွတ်လုပ်နေရတာလဲ အဲဒါတွေပဲ ငါမုန်းတာ အဲဒီ့စကား တစ်ခွန်းကြောင့်နဲ့တော့ ငါတိုရဲ့ ရှိပြီးသားဆက်ဆံရေးတစ်လှေလုံးမပုပ်ချင်ဘူး လာ ငါ့လက်ကိုတွဲ ဟိုမြစ်ဆီသွား မယ် လုပ်ပြန်ပြီ ဘာကလိမ်မှလည်းမစေ့ရပါဘူး ဘာငြမ်းမှလည်း မဆင်ရပါဘူး ငါ့မှာ ကျားလည်းကြောက်ရ ကျား ချေးလည်း ကြောက်ရပါလား ဘာရယ် ဘာရယ် ဟိုရောက်မှ လွတ်တဲ့ငါး ထပ်ကြီးနေရင် ဘယ်လိုလုပ်မလဲဟုတ်စအဲဒါဆိုလည်း ငါတို့ ဟိုမြစ်မှာ ဟိုဒင်းဟိုဥစ္စာမရ ဟိုပစ္စည်းဟိုအ၀ှာလုပ်ပြန်ကြတာပေါ့။ ။

လွန်းဆက်နိုးမြတ်
၂၈.၆.၁၀