Thursday, November 11, 2010

မနက်ဖြန်လာကြမယ်

မနက်ဖြန်လာကြမယ်

မျှော်နေတာကြာပြီ လာမယ့်လာတော့လည်း
ဆိုင်းနဲ့ဗုံကို ကပ်ပြီး ဆင့်ချလာတယ်
အဆက်ကို မနေ့ကမှ ခင်ဗျားက သွယ်လို့ရတာ အရင်ရက်တွေတုန်းကများဆို
ကျွန်တော်ဆက်လိုက်တိုင်း ဧရိယာပြင်ပပဲ တစ်နေကုန် တစ်ရက်ခန်း
သဝေထိုးနေလိုက်တာ ဘယ်လိုမှ သွယ်လို့မရဘူး
ရတော့လည်း ညနေစောင်းလို့တောင် နေပြီဆိုတော့
ရောက်လာကြမယ့် မနက်ကို ဖြန်ရအောင်ရလည်း ကျွန်တော့်မှာ မယ်မယ်ရရ
ကြိုတင်ပြင်ဆင်ချိန်မရ အ၀တ်တစ်စနဲ့ ဘယ်ကြမ်းကိုမှ လိုက်မသုတ်နိုင်
ကြက်မွှေးတစ်လက်နဲ့ ဘယ်အမျှင်ကိုမှ လိုက်မသုတ်အား သူဖွပ်နိုးနိုး ကိုယ်လျှော်နိုးနိုး
တနိုးနိုး တနိုးနိုး အားယူ အလှမွေး အရသာခံထားသမျှ ဧရာမအ၀တ်ပုံကြီးကိုသာ
ဧည့်လာလျှင်ရွှေ့ ဦးစားပေး(၁)အနေနဲ့
တက်သုတ်ရိုက် ဖျောက်/ဖျက်ရတယ်
ဟိုဟိုဒီဒီ လွင့်ချင့်တိုင်း လွင့်နေတဲ့ စကူစတွေအတွက် အရေးပေါ် အမှိုက်ပုံးတစ်ခု
သီးသန့်ပေးရတယ် ဘယ်အသေးကိုမှ မစိတ်နိုင်တော့ဘူး ဘယ်အစိတ်ကိုမှလည်း
အသေးမခံနိုင်တော့ဘူး တော်ရုံအရေးအသားဆို တန်ရုံမျက်စိခပ်လျှမ်းလျှမ်း
တစ်ချက်ကြည့်ပြီး ၀ဲပစ်လိုက်တယ် သာမန်ကိရိယာတန်ဆာပလာတွေအတွက်
ညောင်ညသစ်သားကုတင်အောက် ခြေထောက်နဲ့ ခပ်ပြင်းပြင်းလေး ကန်သွင်းလိုက်တယ်
(ပါးစပ်ကလည်း WaKa WaKa လို့ အော်လိုက်သေး)
သွားစမ်းပါ ဘာအနှာင့်မှ ညီနေစရာမလိုဘူး အပြင်ဖက်ရောက်နေတဲ့
ဖတ်လက်စ/ မဖတ်လက်စ စာအုပ်တွေအကုန်လုံး စာအုပ်စင်ထဲ ထိုးသိပ်သွင်းတယ်
EVDစက်ရဲ့ ဘေးဝဲယာမှာ ရွစိတက် ရွပြီးတော့ စိတက် ရွစိပြီးတော့ တက် တက် တက်
ဘယ်အခွေဟာ ဟောလီးဝုဒ် ဘောလီးဝုဒ် ပြင်သစ် ကိုရီးယား ထိုင်း တရုတ် မြန်မာ
ဂျာမနီ အီတလီ ဘယ်ကာဗာထဲကလဲ
ဘယ်ကာဗာဟာ ဒရမ်မာ ဖန်စီ အက်ရှင် ထရီလာ ကော်မန်ဒီ ထရက်ဂျဒီ ထရူးစတိုရီ ကာတွန်း
မြူးဇစ် ဒုတ်ခွီမန်ထရီ ရှော့မူဗွီ ဘယ်အခွေထဲကလဲ မစဉ်းစားနဲ့ သိမ်းကြုံးထည့် စုပုံရှင်း
မျက်စိနောက်တယ်ထင်တဲ့အရာ ဘာဆိုဘာမှ မထားနဲ့ အကုန်ရုံခါပစ် မျက်နှာလွှဲခဲပစ်
ပစ်သာပစ် အချစ်နဲ့စစ်မှာ မတရားတာမရှိ တရားတာလည်းမရှိ မရှိတဲ့ ပန်းဝယ်ပြီး
ဘုရားတင်ရမယ် အလှအိုးထိုးရမယ် မရှိတဲ့ ရေသန့်ဖြည့်ရမယ် ပန်းကန်အသစ်ထုတ်ရမယ်
အိပ်ယာခင်းအသစ်ထုတ်ရမယ်
စောင်အသစ်ထုတ်ရမယ် ခြင်ထောင်အသစ်ထုတ်ရမယ် ခေါင်းအုံးအသစ်ထုတ်ရမယ်
မြန်မြန်မြန်မြန် လွဲနေတဲ့ တိုင်ကပ်နာရီထဲ ဓာတ်ခဲတစ်လုံးအသစ်ထည့်လိုက် မြန်မြန်
ဒေါက်ယိုင်နေတဲ့ အ၀တ်လှမ်းစင်ကို အုတ်ခဲတစ်လုံးနဲ့ ဖေးထောက်
မြန်မြန် မကြည်လင်တဲ့ ကြည့်မှန်တွေပေါ် ရေစိုအ၀တ်နဲ့ပွတ်တိုက် မြန်မြန် မနက်ကို
ဆိုင်းဆင့်ဗုံဆင့်ဖြန်လာကြမယ့် ခင်ဗျားမိသားစုအတွက်
ခင်ဗျားကြိုက်တဲ့ ၀ီစကီတစ်တောင့် ခင်ဗျားအမျိုးသမီးဖို့ သိုးမွှေးပုဝါ
ပန်းချီဝါသနာပါတဲ့ ခင်ဗျားကလေးငယ် အသိကြွယ်စေဖို့က ရောင်စုံခဲတံ ပုံဆွဲစာအုပ်နဲ့ ချောကလက်များ
တစ်အိမ်လုံး လေ၀င်လေထွက်ကောင်းအောင် အခုကတည်းက ပြတင်းပေါက်တွေ
အကုန်လိုက်ဖွင့်ပစ်တယ် ခန်းဆီးစတွေ အသစ်လဲတပ်တယ်
ဖျာကိုလိပ်ပြီး နံရံထောင့်ထောင် ထီးကိုခေါက်ပြီး တိုင်မှာချိတ်
ကျန်းမာရေးကလည်း ရှိသေးသကိုး အိမ်သာထဲလည်း
ရေနှစ်ပုံး၊သုံးပုံးလောက် ပစ်လောင်းလိုက်တယ်
မနက်ကို ဖြန်တဲ့အခါ ဧည့်ထောက်စကားသံထဲ အပြစ်အနာအဆာကင်းစင်ဖို့
ဆေးချီးမွမ်းခုနစ်ရက် ကြောကဲ့ရဲ့ခုနစ်ရက်အားလုံး
အိုကီဆပ်ပြာနဲ့ စိမ်ပြီး ဆေးပစ်ကြောပစ်တယ် ဒါမှသာ ခင်ဗျားနဲ့ ကျွန်တော် ရှိရင်းစွဲ
ပေါင်းသင်းခေါင်မိုးလည်းလုံ ဆက်ဆံရေးတံစက်မြိတ်လည်း လုံစေမယ်မဟုတ်လား
နောက်ပြီး မကို နငယ် ကသတ်နဲ့ ဖြန်ချိန်မှာ ဒီမြို့က အထင်ကရနေရာတွေ
လိုက်လံပြသဖို့ တောင်းဆိုလာနိုင်ကောင်း
တောင်းဆိုလာတဲ့အခါ အဆင်ပြေရင် ပြေသလို ကြည့်ကျက်မီးစင်ပြီး
က နိုင်ဖို့အရေးလည်း ကြိုတွေးထားရသေးတော့
ဒါ ဒီမြို့မုဒ်ဦး ဒီမြို့ဘုရား ဒီမြို့ဈေး ဒီမြို့ကျောင်း ဒီမြို့မြစ် ဒီမြို့နာရီစင်
ဒီမြို့ဘီယာဆိုင် ဒီမြို့ဇိမ်မယ်တန်း ဒီမြို့ရဲစခန်း ဒီမြို့တရားရုံး ဒီမြို့လူမိုက်လမ်း
ဒီမြို့ဘုန်းကြီးကျောင်း ဒီမြို့ကားဂိတ် ဒီမြို့အဆီ ဒီမြို့အခေါက် ဒီမြို့အရွတ် ဒီမြို့အူ
ဒီမြို့အသည်း ဒီမြို့ကဗျာ ဒီမြို့စကားပြေ ဒီမြို့အက်ဆေး ဒီမြို့ဆောင်းပါး နောက်ဆုံး
ဒီမြို့တည်ဖို့ (မရှိမဖြစ်) ဒီမြို့စုန်းခုနစ်ကောင်နဲ့ အဆုံးသတ် မတော်လေးရယ်မှတဆဖြစ်တတ်တဲ့
သဘောသဘာဝအရ ရေပြောင်းမြေပြောင်းမှာ
ဓာတ်မတည့်စာ ဓာတ်မတည့်ရေ ဓာတ်မတည့်ဓာတုပစည်းတစ်မျိုးမျိုးအား
မတော်လေးရယ်မှတဆ ထိမိကိုင်မိပြီး အလက်ဂျစ်ခေါ် ယားယံဖုများ အရေပြားတစ်လျှောက် ထွက်လာခြင်း
တက်မတတ် ချက်မတတ် ငိုယိုခြင်း အော့အန်ခြင်း ခေါင်းမူးခြင်း ရင်တုန်ခြင်း
စတာတွေ ကင်းဝေးဖို့အတွက် စိမ့်သက်သက် ဂိုးရို့စ်ကော်ဖီမစ်စ်အပြင်
ဆေးသေတာခပ်စုတ်စုတ်လေးတစ်လုံးလည်း ရယ်ဒီအနေအထားလုပ်ရတယ်
ခရေစေ့တွင်းကျတော့လည်း ဘယ်ဟုတ်ပါ့မလဲ
တွင်းနှုတ်ခမ်းပေါ်တစ်ပွင့် တွင်းနဲ့မလှမ်းမကမ်းတစ်ပွင့်
ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့်ပေါ့လေ
တစ်ခုတော့ ရှိတယ် တစ်ခုပါပဲ
မနက်ကို ဖဦးထုတ် ရရစ်နဲ့ ဖြန်ချိန်မှာ တစ်ဖက်က ရွှေပြည်အေးတရားကို
သံတမန်ဆန်ဆန် ပျားရည်နဲ့ ၀မ်းချနေပေမယ့် အခြားတစ်ဖက်မှာ ဘနဖူး သိုက်တူးပြီး
ကျွန်တော့်ရိပ်မြုံဆိပ်ကမ်းလေးပေါ် ခင်ဗျားကောက်ကျစ်စဉ်းလဲ တိုက်လေယာဉ်ပျံတွေနဲ့
အလစ်အငိုက် ပစ်ခတ်လုပ်ကြံဖို့တော့ တင်ကြိုစိတ်ကူးမထားစေချင်တာပါ
ဒါလေးတစ်ခုပါပဲ။ ။

လွန်းဆက်နိုးမြတ်

Sunday, November 7, 2010

နှစ်ပင်လိမ်

နှစ်ပင်လိမ်

ရောင်စုံဘောလုံး ရောင်စုံဖန်ဂေါ်လီ ရောင်စုံခဲတံ ရောင်စုံပလတ်စတစ်
ကစားစရာလေးတွေ ငယ်ဘ၀ကိုယ်စားပြု ရောင်စုံဘောလုံးကတဆင့် ဒီကနေ့
ရောင်စုံလူသားတွေကြားထဲထိ တစ်လုံးငါးပြား သုံးလုံးယူဆယ်ပြားပဲပေး ယုတိဗေဒ
ကို ဖီဆန်လှုပ်နှိုးတဲ့ လေသံ တစ်လုံးဝယ်ရင် တစ်အိမ်လုံးချိုတယ် မွှေးတယ် ချိုမွှေး
လေး ဒီခေတ်ကြီးမှာ တစ်လုံးငါးပြားဆိုတာ ရယ်စရာပြောတာ ငါးလုံးမှနှစ်ထောင်
ဘယ်ဝါဒမဆို ကြိုက်တဲ့အရောင်ရွေးယူ အမျိုးသားဝတ် အမျိုးသမီးဝတ် ဂျော်ရ
ကီးဝတ် သားသားမီးမီးဝတ် စုံတယ် ပေါတယ် စုံပေါလေး ဘယ်လှိုင်းမှာ ရောက်နေ
ပြီလဲ ပို့စ်လွန်လှိုင်းလား ကမာပြားလှိုင်းလား နောက်တစ်လိုင်းအတွက် ကြိုက်တဲ့
အရောင်ရွေးယူ စိမ်း ၀ါ နီ ဖြူ ပြာ ညှက်ရယ်နဲ့ တစ်လုံးငါးပြား အိမ်ကွင်းလား
အဝေးကွင်းလား စကားဝှက်ရိုက်ထည့်ပါ တစ်လုံးဆယ်ပြား မလိမ်နဲ့ ဘုရားမ
ကြိုက်ဘူး စကားဝှက်အမှန်ရိုက်ထည့်ပါ တစ်လုံးငါးပြား။ ။

လွန်းဆက်နိုးမြတ်
၎.၁၀.၁၀
မနက် ၀၁း၀၀နာရီ

Sunday, October 31, 2010

စိတ်ချအဘ

စိတ်ချအဘ

လူအလစ်မှာ ပုဆိုးထုပ်လေးကို ခိုးဖြည်ကြည့်လိုက်တာ မူးသွားတယ် ရူးသွား
တယ် ခေါင်းကို လက်ညှိုးနဲ့ထောက်ခါပြတယ် ခေါင်းမကောင်းဘူး ဒူးမကောင်း
ဘူး သွားလည်း မကောင်းဘူး သွားကြားထဲက အစာအတွက် နေ့စဉ်နေ့စဉ်
တုတ်တစ်ချောင်းနဲ့ ရှာရ ဖွေရ အဘခမျာ အိုမင်းခါးကိုင်းလို့ နေပါပြီကွယ် စပ်ကူးမပ်
ကူးကာလမှာ သတိထားအဘ ဖျားတတ်တယ် နာတတ်တယ် ဓာတ်မကူးစေနဲ့ ကွေးထား
ဒူးနှစ်ဖက်ကို ကပ်ထား ကပ်ထားတဲ့ ဒူးတွေပေါ် လက်နှစ်ဖက်နဲ့ ရစ်ပတ် စောင်တစ်ထပ်
ခြုံ နောက်တစ်ထပ်က အဆီ နောက်တစ်ထပ်က အသား ငါးထပ်ကအခန်း ငှားမလား
စုံစမ်းကြည့် မေးကွဲမကွဲကြည့် ပါးစပ်ပြဲမပြဲကြည့် ပြဲနေတဲ့ ကမာကို အချိန်မှီချုပ် ဘ၀တွေ
ဘ၀တွေ အစုတ်သက်သာ စုတ်တဲ့ထဲက တစ်စွန်းပေါ်ရင် အလွယ်တကူ တစ်စမြင်သွားမယ်
တွေ့သွားမယ် မိသွားမယ် သတိထား ဖြတ်မကူးခင် ဟိုဖက်ကား ဒီဖက်ကားကြည့် ယာဉ်ထိန်း
ရဲကိုလည်း ကြည့် မမိစေနဲ့အဘ စိတ်က စိတ် ပုတီးက ပုတီး အဲဒီ့စိတ်ပုတီးတစ်ပတ်ထိ တစ်က
နေတစ်ရာထိ တစ်ယာနဲ့တော့ မရဘူး တစ်နေ့တစ်နေ့ အယာအစိတ်လောက် ၀ါးရမှ ဒီမှာ
ချိုးတွေတောင်တက်လို့ တက်နေတဲ့ ချိုးတွေ ပိုက်ပြင်သမားအမြန်ခေါ်ခွာခိုင်းမယ် မယား
ဆိုပျိုမှ သမားဆိုအိုမှ (ဂျိုးဖြူရေ ဘယ်မခန်း)မယ်ထွေးအမိဖမ်းပြမှ တူတူရေ၀ါး သားသားရေ၀ူ
ဆင်ကြီးမိုမိုသီချင်းဆိုပြ လိုင်စင်ဓာတ်ပုံပါလားပြ ပါရင် ဟိုမှာ ဖောင်ဝယ်ပြီးဖြည့် မပြည့်ရင်
ပြည့်တဲ့ထိဖြည့် မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ် ဘောင်ဘင်ခတ်သည်ဖြစ်စေ မခတ်သည်
ဖြစ်စေ ဖားတစ်ကောင်ခုန်ချရင်တော့ ပလုံမြည်သံကြားရ ငါ့သိမှုဗေဒစကားအရေးအသား
နွားရ အမြီးရရ ခေါင်းရရ ဘာပဲရရအဘ ဟိုနားတင်မရ ဒီနားထားမရရင်တော့လည်း
စိတ်ကိုချအဘ စိတ်ဒုံးဒုံးချ စိတ်သာချ ကောင်းလေစွ ကောင်းလေစွ
ကောင်းလေစွ။ ။

လွန်းဆက်နိုးမြတ်
၂၄.၉.၁၀
ည ၁၁း၀၀နာရီ

Tuesday, October 19, 2010

တောကစားထွက်ခန်း

တောကစားထွက်ခန်း

ကင်မရာထဲ ၀င်လာသမျှ အကုန်ပစ်ချလိုက်တယ်
ထုံးစံအတိုင်း ကောင်းကင်မပြာ့တပြာမှာ
ငွေရောင်မပေါက်တပေါက်တိမ်စိုင်တွေ ဘာတွေကို အရင်ဆုံး(အရင်ကတည်းက
ဆုံးနေတာလား) ရသပေါ့ ချောင်းနံဘေး ဓာတ်တိုင်ပေါ် စုပြုံနားခိုနေတဲ့ ပျံလွှားဆန်ဆန်
ငှက်ကလေးတွေ(ငှက်တွေကို အမျိုးအစားသိပ်မခွဲတတ်) ငှက်ကလေး ကြက်ကလေးလို
လူကိုဆက်ဆံချင်လို့ ရမလားဟဲ့ အကောင် နင် ငါ့ခန္ဓာကိုယ်ပဲ ရမယ် ငါ့အချစ်တော့မရဘူး
ဒါကိုလည်း ရသပေါ့ မျက်လုံးကတဆင့် အချက်ပေးစနစ်အရ “အစိမ်းရောင်”
နောက်ဆက်တွဲ “မြ”ဆိုတာက သိမှုမှာ အလင်္ကာထပ်တူပြုလိုက်ခြင်းတဲ့
အဲဒီ့ စိမ်းမြနေတဲ့ လယ်ကွင်းတွေကြား ၀ါးလုံးတိုင်မှာ ရှပ်လက်ရှည်အဖြူတစ်ထည်
ချည်နှောင်ထားတဲ့(စောစောကလို ငှက်တွေ အပါအ၀င် မည်သည့် ငှက်အမျိုးအစား
အတွက်မဆို အထူးရည်ရွယ်လျက်) ဒေသခံအခေါ်အဝေါ်အားဖြင့် စာခြောက်ရုပ်ကို
လည်း အလင်းပွင့်တယ် ချောင်းထဲက မဗေဒါဟာ တစ်ဖုတ်တည်း အဲ မှားလို့ တစ်ပင်
တည်း မဟုတ်ဘဲ အုံလိုက်ဖုတ်လိုက် မှားပြန်ပြီ အုံလိုက်ကျင်းလိုက် ဒါကိုလည်း
ခလုတ်တစ်ချက်ဆွဲလိုက်တယ် ရွှံ့လူးအိုင်ထဲမှာ အများမညီလည်း သဘာဝကျကျဖြစ်မြဲ
ကျွဲတွေ ကျောပြောင်ပြောင်ပေါ် ကျီးမည်းတစ်ကောင်တစ်လေ နားနေတယ်
(ကျီးဖြူဖြူကျီးမည်းမည်း ကျွဲကျောပေါ်မှာ နားရဖို့သာ အဓိက)
အဲဒီ့ကျွဲတွေ ချောင်းထဲဖြတ်ကူးတော့ ရေပါတယ် မီးပါတယ် ကျောင်းနဲ့နီးတယ်
ဈေးနဲ့နီးတယ် ရဲစခန်းမဝေးဘူး တစ်ချက်ပစ်ရင် တစ်ကောင်ကျ ကင်မရာချောင်း
ကြည့်ပေါက်က ပစ်တယ် ကျွဲကျောင်းသားက ပုလွေမမှုတ်ဘူး အီမိုကေနဲ့ ဂစ်တာတစ်လက်
ကျောမှာ လွယ်ထားတယ် စီးနေတဲ့ ချောင်းရေထဲ ပလတ်စတစ်ဘိုမရုပ်လေး
ဝတ်လစ်စလစ်မှောက်ခုံမျောသွားတာ မိလည်းမိ ရလည်းရအောင်
မိမိရရ လှမ်းကလစ်(ခ်)တော်မူလိုက်တယ်။ ။

လွန်းဆက်နိုးမြတ်
၃.၁၀.၁၀
မနက် ၀၀း၁၅နာရီ

Thursday, October 7, 2010

ချက်ကော့ရဲ့ သေနတ်

ချက်ကော့ရဲ့ သေနတ်

အခန်းနံရံမှာ သေနတ်တစ်လက်ချိတ်ထား ဇာတ်ဆောင်အမျိုးသား
တစ်ဦးဝင်လာ နံရံပေါ်က သေနတ်ကို ဖြုတ် ပြောင်းတိုက် တစ်စစီလုပ်
ချေးချွတ် တစ်စစီပြန်တပ် နံရံမှာ ပြန်ချိတ် အခန်းပြင်ပြန်ထွက် ခဏနေတော့
အခန်းထဲ ဖင်ထိုင်ခုံတစ်လုံး မနိုင့်တနိုင် တရွတ်ဆွဲပြီး ကလေးတစ်ဦး
ဝင်ရောက်လာ နံရံမှာ ဖင်ထိုင်ခုံကို ကပ်မှီ ပြီးတော့ခုံပေါ်တက် သေနတ်ကိုဖြုတ်
သဘောကျ ၀မ်းသာ တအားပြုံး ခုံပေါ်ကဆင်း ပတ်ပြေး “ဒိုင်းညှောင့် ”
“ဒိုင်းညှောင့်” အော် ခဏရပ် “ဘွန်း...မိုင်နိမ်းအစ်စ်ဂျိန်းဘွန်း”လို့ ပြော
ရုတ်တရက် တစ်ခုခုကို သတိရ ခုံပေါ်ပြန်တက် အလျင်စလိုသေနတ်ပြန်ချိတ်
အခန်းပြင် ထွက်ပြေး ကွမ်းတစ်ယာညှက် ကြာလတ်သော် ခြေသံဒေါက်ဒေါက်
ကြား အခန်းထဲ ပေါင်တံရှည်မတစ်ယောက် ၀င်လာ ဖင်ထိုင်ခုံကိုကြည့် နံရံက
သေနတ်ကို ကြည့် နှုတ်ခမ်းကိုက် မျက်မှောင်ကြုတ် အနေအထားမမှန်တဲ့
သေနတ်ကို ပြန်ဖြုတ် ဖင်ထိုင်ခုံမှာထိုင် ဘာစိတ်ကူးပေါက်တယ်မသိ သေနတ်
ပြောင်းရှည်သလောက်နဲ့ အာသာဖြေ နှီးနှော ပြီးသော် သေနတ်ကို တစ်ရှူးနဲ့
အရည်စင်အောင်သုတ် ရှက်ကိုးရှက်ကန်း မလုံမလဲ အခန်းပြင်ပြန်ထွက်
မကြာခင်မှာ ညောင်နာနာလူတစ်ယောက် အခန်းထဲ ထပ်ရောက်လာ ပုံစံယောင်
ချာချာ ဟိုဟိုဒီဒီကြည့် သေနတ်ကိုမြင်သွား လှမ်းဖြုတ် သေနတ်ပြောင်းဝကိုနမ်း
သေနတ်ခါးကိုချိုး အိတ်ထဲက ဖြူဖြူအမှုန့်လေးတွေ ပြောင်းဝသိပ် ပြောင်းရဲ့ အခြား
တစ်ဖက်မှာ နှာခေါင်းကိုတေ့ နိဗ္ဗာန်ထိ တဆုံးရှိုက် ပါသမျှ အမှုန့်ကုန်အောင်ရှိုက်
ခုံမှာ ဖွဲတစ်အိတ်လို ပစ်ထိုင် မိန်းမော တော်တော်ရောက် အချိန်တရွေ့ရွေ့ကုန်
ခေါင်း ဆတ်ခနဲခါ မျက်လုံးရီဝေေ၀ နိုးထ အသက်ဝင် သေနတ်ကို အင်္ကျီလက်စနဲ့ပွတ်
အနေအထားမပျက် နံရံမှာပြန်ချိတ် နှာရှုံ့သံပြင်းပြင်း ခန္ဓာကိုယ်အနှံ့ လျှောက်ကုတ်
လျှောက်ပွတ် လေးလံနှေးကန် ပြန်ထွက်သွား ခဏအကြာ အခန်းထဲ သူခိုးမှန်းသိ
အောင် မျက်နှာအ၀တ်မည်းစည်းထားသူတစ်ဦး အသာအယာ ခြေဖော့ လှမ်းဝင်လာ
ဂနာမငြိမ် သေနတ်ကို လှမ်းဖြုတ် ဖင်ထိုင်ခုံပါ ချန်မထား ဆွဲယူမ ကျီးကြည့်
ကြောင်ကြည့် အသာအယာ သယ်ဆောင်ထွက်ခွာ။ ။

လွန်းဆက်နိုးမြတ်
၈.၁၀.၁၀
မနက် ၀၀း၄၅နာရီ

Monday, September 27, 2010

အရည်မလာလို့...။

အရည်မလာလို့...။

အရည်မလာဘူး(လား)အရည်(ဧကန်ဧက)လာအောင် အရည်ကို ဘာနဲ့မျှား
(တီကောင်/ဒေါ်လာ/ဘုရားသခင်/ဘာသာစကား/လျှာချင်းလူးလှိမ့်မှု)
နှစ်သက်ရာရာ ရွေးချယ်ဖြည့်စွက်နိုင်သော်ငြား အရည်ဆိုတာမျိုးက အခက်
သားကလား ပိုက်လိုင်းတစ်လျှောက် တဝေါဝေါလေတိုးသံတွေ အရင်နားစွင့်
လေတိုးသံတွေလာပြီးရင် နောက်ပါးထပ်ကျပ်မကွာ အရည်ကပ်လိုက်လာ(မယ်)
အရည်ဗေဒ အရည်လေ့လာချက် အရည်ဖြစ်ပေါ်တိုးတက်မှုသမိုင်း ဘာတစ်ခု
မှ လမိုင်းမကပ်တဲ့အခါ ပိုက်ဝဟာ (ခုများမှာ)အေးစက် ကြမ်းရှ သွေ့ခြောက်
အသေအချာစမ်းကြည့်ရင် ပိုက်ထိပ်ဟာ ပူနွေးလို့(တောင်)မနေ ပရီးမီးယား
လိဂ်အရည် ချန်ပီယံလိဂ်အရည် လိဒ် ချစ်စမ်းမောင် ကီးဘုတ် ဗညားနိုင်
တယော ဦးတင်ရီ အရည်မလာဘူး(ကွယ်) သံသရာလည်သလို အရည်လည်
လာမယ့်နေ့ကို မျှော်တလင့်လင့် လေရူး(တ)သုန်သုန် ၀သုန်မြေဆုံးစေတော့
အရည်ကို ရှာမလေ ရေခွန် မီးခွန် ဆန် ဆီ ဆား ငရုတ် ကြက်သွန် နေစရိတ်
စားစရိတ် သွားစရိတ် လာစရိတ် အရည်ကလေး စိမ့်စိုစေကြောင်း ဆုထူးတွေ
တောင်းမလေ စာတမ်းထိုးအရည်ဒီဗွီဒီ အင်တာနက်ပုံပြအရည်ပူစီ ဘလော့ဂ်
ကဗျာအရည်အရေးအသား ကလေးကလားနဲ့ ဈေးမသွားနဲ့ အမေတို့ ငယ်ငယ်
ကတည်းက သုံးတာ အရည် အကြည် အနောက် အပြောင် အပျက် အဖျက်
အမှောင့် အရည်မလာဘူး(နော်) ပိုက်ဝကို ပွတ်သပ်ချော့မြူ ပိုက်နှုတ်ခမ်း
သားဘေး လက်ကလေးနဲ့ ၀ိုက်ပေး နောက်ပြန်ပေး အမြှောက်ကန်တင်ပေး
ခေါင်းတိုက်ပေး အရည်လေးများ စိမ့်ထွက်လာလိုလာငြား အားထုတ် လုပ်
ဆောင် ၀ါယမစိုက် ကောက်စိုက် အနှစ်မရှိတဲ့တော မင်းမူတဲ့အပင်စိုက်
အရည်မလာ(သရွေ့)တော့ လက်ထဲက ပိုက်ဟာ ငိုက်စိုက် ငိုက်စိုက်။ ။

လွန်းဆက်နိုးမြတ်
၂၆.၉.၁၀
နေ့ ၀၂း၀၀နာရီ