ဘလော့ဂ်သစ်မိတ်ဆက်
အခက်အခဲအမျိုးမျိုးကြောင့် ယခုဘလောဂ့်အား ယာယီရပ်နားလိုက်ပါတယ်
အဲ့ဒီ့အစား https://lunnsetnoemyat.wordpress.com/တွင် ကဗျာအသစ်များ ဆက်လက်တင်ပေးသွားပါမယ်
ဒါ့အပြင် ၀တု/အက်ဆေး/ရသဆောင်းပါးများကိုလည်း https://lunnsetnoemyat.wordpress.com/မှာ
ထပ်တိုးတင်ဆက်ပေးဖို့ စီစဉ်ထားပါကြောင်း
အနယ်နယ်အရပ်ရပ်မှ ဘလော့ဂ်မိတ်ဆွေများအား
ရသစာပေအကျိုး မျှော်ကိုးကာ နှိုးဆော်လိုက်ရပါတယ်ခင်ဗျား။ ။
လွန်းဆက်နိုးမြတ်
၃၀.၁၁.၁၀
မနက် ၁၀း၃၀နာရီ
Monday, November 29, 2010
Monday, November 15, 2010
Thursday, November 11, 2010
မနက်ဖြန်လာကြမယ်
မနက်ဖြန်လာကြမယ်
မျှော်နေတာကြာပြီ လာမယ့်လာတော့လည်း
ဆိုင်းနဲ့ဗုံကို ကပ်ပြီး ဆင့်ချလာတယ်
အဆက်ကို မနေ့ကမှ ခင်ဗျားက သွယ်လို့ရတာ အရင်ရက်တွေတုန်းကများဆို
ကျွန်တော်ဆက်လိုက်တိုင်း ဧရိယာပြင်ပပဲ တစ်နေကုန် တစ်ရက်ခန်း
သဝေထိုးနေလိုက်တာ ဘယ်လိုမှ သွယ်လို့မရဘူး
ရတော့လည်း ညနေစောင်းလို့တောင် နေပြီဆိုတော့
ရောက်လာကြမယ့် မနက်ကို ဖြန်ရအောင်ရလည်း ကျွန်တော့်မှာ မယ်မယ်ရရ
ကြိုတင်ပြင်ဆင်ချိန်မရ အ၀တ်တစ်စနဲ့ ဘယ်ကြမ်းကိုမှ လိုက်မသုတ်နိုင်
ကြက်မွှေးတစ်လက်နဲ့ ဘယ်အမျှင်ကိုမှ လိုက်မသုတ်အား သူဖွပ်နိုးနိုး ကိုယ်လျှော်နိုးနိုး
တနိုးနိုး တနိုးနိုး အားယူ အလှမွေး အရသာခံထားသမျှ ဧရာမအ၀တ်ပုံကြီးကိုသာ
ဧည့်လာလျှင်ရွှေ့ ဦးစားပေး(၁)အနေနဲ့
တက်သုတ်ရိုက် ဖျောက်/ဖျက်ရတယ်
ဟိုဟိုဒီဒီ လွင့်ချင့်တိုင်း လွင့်နေတဲ့ စကူစတွေအတွက် အရေးပေါ် အမှိုက်ပုံးတစ်ခု
သီးသန့်ပေးရတယ် ဘယ်အသေးကိုမှ မစိတ်နိုင်တော့ဘူး ဘယ်အစိတ်ကိုမှလည်း
အသေးမခံနိုင်တော့ဘူး တော်ရုံအရေးအသားဆို တန်ရုံမျက်စိခပ်လျှမ်းလျှမ်း
တစ်ချက်ကြည့်ပြီး ၀ဲပစ်လိုက်တယ် သာမန်ကိရိယာတန်ဆာပလာတွေအတွက်
ညောင်ညသစ်သားကုတင်အောက် ခြေထောက်နဲ့ ခပ်ပြင်းပြင်းလေး ကန်သွင်းလိုက်တယ်
(ပါးစပ်ကလည်း WaKa WaKa လို့ အော်လိုက်သေး)
သွားစမ်းပါ ဘာအနှာင့်မှ ညီနေစရာမလိုဘူး အပြင်ဖက်ရောက်နေတဲ့
ဖတ်လက်စ/ မဖတ်လက်စ စာအုပ်တွေအကုန်လုံး စာအုပ်စင်ထဲ ထိုးသိပ်သွင်းတယ်
EVDစက်ရဲ့ ဘေးဝဲယာမှာ ရွစိတက် ရွပြီးတော့ စိတက် ရွစိပြီးတော့ တက် တက် တက်
ဘယ်အခွေဟာ ဟောလီးဝုဒ် ဘောလီးဝုဒ် ပြင်သစ် ကိုရီးယား ထိုင်း တရုတ် မြန်မာ
ဂျာမနီ အီတလီ ဘယ်ကာဗာထဲကလဲ
ဘယ်ကာဗာဟာ ဒရမ်မာ ဖန်စီ အက်ရှင် ထရီလာ ကော်မန်ဒီ ထရက်ဂျဒီ ထရူးစတိုရီ ကာတွန်း
မြူးဇစ် ဒုတ်ခွီမန်ထရီ ရှော့မူဗွီ ဘယ်အခွေထဲကလဲ မစဉ်းစားနဲ့ သိမ်းကြုံးထည့် စုပုံရှင်း
မျက်စိနောက်တယ်ထင်တဲ့အရာ ဘာဆိုဘာမှ မထားနဲ့ အကုန်ရုံခါပစ် မျက်နှာလွှဲခဲပစ်
ပစ်သာပစ် အချစ်နဲ့စစ်မှာ မတရားတာမရှိ တရားတာလည်းမရှိ မရှိတဲ့ ပန်းဝယ်ပြီး
ဘုရားတင်ရမယ် အလှအိုးထိုးရမယ် မရှိတဲ့ ရေသန့်ဖြည့်ရမယ် ပန်းကန်အသစ်ထုတ်ရမယ်
အိပ်ယာခင်းအသစ်ထုတ်ရမယ်
စောင်အသစ်ထုတ်ရမယ် ခြင်ထောင်အသစ်ထုတ်ရမယ် ခေါင်းအုံးအသစ်ထုတ်ရမယ်
မြန်မြန်မြန်မြန် လွဲနေတဲ့ တိုင်ကပ်နာရီထဲ ဓာတ်ခဲတစ်လုံးအသစ်ထည့်လိုက် မြန်မြန်
ဒေါက်ယိုင်နေတဲ့ အ၀တ်လှမ်းစင်ကို အုတ်ခဲတစ်လုံးနဲ့ ဖေးထောက်
မြန်မြန် မကြည်လင်တဲ့ ကြည့်မှန်တွေပေါ် ရေစိုအ၀တ်နဲ့ပွတ်တိုက် မြန်မြန် မနက်ကို
ဆိုင်းဆင့်ဗုံဆင့်ဖြန်လာကြမယ့် ခင်ဗျားမိသားစုအတွက်
ခင်ဗျားကြိုက်တဲ့ ၀ီစကီတစ်တောင့် ခင်ဗျားအမျိုးသမီးဖို့ သိုးမွှေးပုဝါ
ပန်းချီဝါသနာပါတဲ့ ခင်ဗျားကလေးငယ် အသိကြွယ်စေဖို့က ရောင်စုံခဲတံ ပုံဆွဲစာအုပ်နဲ့ ချောကလက်များ
တစ်အိမ်လုံး လေ၀င်လေထွက်ကောင်းအောင် အခုကတည်းက ပြတင်းပေါက်တွေ
အကုန်လိုက်ဖွင့်ပစ်တယ် ခန်းဆီးစတွေ အသစ်လဲတပ်တယ်
ဖျာကိုလိပ်ပြီး နံရံထောင့်ထောင် ထီးကိုခေါက်ပြီး တိုင်မှာချိတ်
ကျန်းမာရေးကလည်း ရှိသေးသကိုး အိမ်သာထဲလည်း
ရေနှစ်ပုံး၊သုံးပုံးလောက် ပစ်လောင်းလိုက်တယ်
မနက်ကို ဖြန်တဲ့အခါ ဧည့်ထောက်စကားသံထဲ အပြစ်အနာအဆာကင်းစင်ဖို့
ဆေးချီးမွမ်းခုနစ်ရက် ကြောကဲ့ရဲ့ခုနစ်ရက်အားလုံး
အိုကီဆပ်ပြာနဲ့ စိမ်ပြီး ဆေးပစ်ကြောပစ်တယ် ဒါမှသာ ခင်ဗျားနဲ့ ကျွန်တော် ရှိရင်းစွဲ
ပေါင်းသင်းခေါင်မိုးလည်းလုံ ဆက်ဆံရေးတံစက်မြိတ်လည်း လုံစေမယ်မဟုတ်လား
နောက်ပြီး မကို နငယ် ကသတ်နဲ့ ဖြန်ချိန်မှာ ဒီမြို့က အထင်ကရနေရာတွေ
လိုက်လံပြသဖို့ တောင်းဆိုလာနိုင်ကောင်း
တောင်းဆိုလာတဲ့အခါ အဆင်ပြေရင် ပြေသလို ကြည့်ကျက်မီးစင်ပြီး
က နိုင်ဖို့အရေးလည်း ကြိုတွေးထားရသေးတော့
ဒါ ဒီမြို့မုဒ်ဦး ဒီမြို့ဘုရား ဒီမြို့ဈေး ဒီမြို့ကျောင်း ဒီမြို့မြစ် ဒီမြို့နာရီစင်
ဒီမြို့ဘီယာဆိုင် ဒီမြို့ဇိမ်မယ်တန်း ဒီမြို့ရဲစခန်း ဒီမြို့တရားရုံး ဒီမြို့လူမိုက်လမ်း
ဒီမြို့ဘုန်းကြီးကျောင်း ဒီမြို့ကားဂိတ် ဒီမြို့အဆီ ဒီမြို့အခေါက် ဒီမြို့အရွတ် ဒီမြို့အူ
ဒီမြို့အသည်း ဒီမြို့ကဗျာ ဒီမြို့စကားပြေ ဒီမြို့အက်ဆေး ဒီမြို့ဆောင်းပါး နောက်ဆုံး
ဒီမြို့တည်ဖို့ (မရှိမဖြစ်) ဒီမြို့စုန်းခုနစ်ကောင်နဲ့ အဆုံးသတ် မတော်လေးရယ်မှတဆဖြစ်တတ်တဲ့
သဘောသဘာဝအရ ရေပြောင်းမြေပြောင်းမှာ
ဓာတ်မတည့်စာ ဓာတ်မတည့်ရေ ဓာတ်မတည့်ဓာတုပစည်းတစ်မျိုးမျိုးအား
မတော်လေးရယ်မှတဆ ထိမိကိုင်မိပြီး အလက်ဂျစ်ခေါ် ယားယံဖုများ အရေပြားတစ်လျှောက် ထွက်လာခြင်း
တက်မတတ် ချက်မတတ် ငိုယိုခြင်း အော့အန်ခြင်း ခေါင်းမူးခြင်း ရင်တုန်ခြင်း
စတာတွေ ကင်းဝေးဖို့အတွက် စိမ့်သက်သက် ဂိုးရို့စ်ကော်ဖီမစ်စ်အပြင်
ဆေးသေတာခပ်စုတ်စုတ်လေးတစ်လုံးလည်း ရယ်ဒီအနေအထားလုပ်ရတယ်
ခရေစေ့တွင်းကျတော့လည်း ဘယ်ဟုတ်ပါ့မလဲ
တွင်းနှုတ်ခမ်းပေါ်တစ်ပွင့် တွင်းနဲ့မလှမ်းမကမ်းတစ်ပွင့်
ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့်ပေါ့လေ
တစ်ခုတော့ ရှိတယ် တစ်ခုပါပဲ
မနက်ကို ဖဦးထုတ် ရရစ်နဲ့ ဖြန်ချိန်မှာ တစ်ဖက်က ရွှေပြည်အေးတရားကို
သံတမန်ဆန်ဆန် ပျားရည်နဲ့ ၀မ်းချနေပေမယ့် အခြားတစ်ဖက်မှာ ဘနဖူး သိုက်တူးပြီး
ကျွန်တော့်ရိပ်မြုံဆိပ်ကမ်းလေးပေါ် ခင်ဗျားကောက်ကျစ်စဉ်းလဲ တိုက်လေယာဉ်ပျံတွေနဲ့
အလစ်အငိုက် ပစ်ခတ်လုပ်ကြံဖို့တော့ တင်ကြိုစိတ်ကူးမထားစေချင်တာပါ
ဒါလေးတစ်ခုပါပဲ။ ။

Sunday, November 7, 2010
နှစ်ပင်လိမ်
နှစ်ပင်လိမ်
ရောင်စုံဘောလုံး ရောင်စုံဖန်ဂေါ်လီ ရောင်စုံခဲတံ ရောင်စုံပလတ်စတစ်
ကစားစရာလေးတွေ ငယ်ဘ၀ကိုယ်စားပြု ရောင်စုံဘောလုံးကတဆင့် ဒီကနေ့
ရောင်စုံလူသားတွေကြားထဲထိ တစ်လုံးငါးပြား သုံးလုံးယူဆယ်ပြားပဲပေး ယုတိဗေဒ
ကို ဖီဆန်လှုပ်နှိုးတဲ့ လေသံ တစ်လုံးဝယ်ရင် တစ်အိမ်လုံးချိုတယ် မွှေးတယ် ချိုမွှေး
လေး ဒီခေတ်ကြီးမှာ တစ်လုံးငါးပြားဆိုတာ ရယ်စရာပြောတာ ငါးလုံးမှနှစ်ထောင်
ဘယ်ဝါဒမဆို ကြိုက်တဲ့အရောင်ရွေးယူ အမျိုးသားဝတ် အမျိုးသမီးဝတ် ဂျော်ရ
ကီးဝတ် သားသားမီးမီးဝတ် စုံတယ် ပေါတယ် စုံပေါလေး ဘယ်လှိုင်းမှာ ရောက်နေ
ပြီလဲ ပို့စ်လွန်လှိုင်းလား ကမာပြားလှိုင်းလား နောက်တစ်လိုင်းအတွက် ကြိုက်တဲ့
အရောင်ရွေးယူ စိမ်း ၀ါ နီ ဖြူ ပြာ ညှက်ရယ်နဲ့ တစ်လုံးငါးပြား အိမ်ကွင်းလား
အဝေးကွင်းလား စကားဝှက်ရိုက်ထည့်ပါ တစ်လုံးဆယ်ပြား မလိမ်နဲ့ ဘုရားမ
ကြိုက်ဘူး စကားဝှက်အမှန်ရိုက်ထည့်ပါ တစ်လုံးငါးပြား။ ။
လွန်းဆက်နိုးမြတ်
၎.၁၀.၁၀
မနက် ၀၁း၀၀နာရီ

Sunday, October 31, 2010
စိတ်ချအဘ
စိတ်ချအဘ
လူအလစ်မှာ ပုဆိုးထုပ်လေးကို ခိုးဖြည်ကြည့်လိုက်တာ မူးသွားတယ် ရူးသွား
တယ် ခေါင်းကို လက်ညှိုးနဲ့ထောက်ခါပြတယ် ခေါင်းမကောင်းဘူး ဒူးမကောင်း
ဘူး သွားလည်း မကောင်းဘူး သွားကြားထဲက အစာအတွက် နေ့စဉ်နေ့စဉ်
တုတ်တစ်ချောင်းနဲ့ ရှာရ ဖွေရ အဘခမျာ အိုမင်းခါးကိုင်းလို့ နေပါပြီကွယ် စပ်ကူးမပ်
ကူးကာလမှာ သတိထားအဘ ဖျားတတ်တယ် နာတတ်တယ် ဓာတ်မကူးစေနဲ့ ကွေးထား
ဒူးနှစ်ဖက်ကို ကပ်ထား ကပ်ထားတဲ့ ဒူးတွေပေါ် လက်နှစ်ဖက်နဲ့ ရစ်ပတ် စောင်တစ်ထပ်
ခြုံ နောက်တစ်ထပ်က အဆီ နောက်တစ်ထပ်က အသား ငါးထပ်ကအခန်း ငှားမလား
စုံစမ်းကြည့် မေးကွဲမကွဲကြည့် ပါးစပ်ပြဲမပြဲကြည့် ပြဲနေတဲ့ ကမာကို အချိန်မှီချုပ် ဘ၀တွေ
ဘ၀တွေ အစုတ်သက်သာ စုတ်တဲ့ထဲက တစ်စွန်းပေါ်ရင် အလွယ်တကူ တစ်စမြင်သွားမယ်
တွေ့သွားမယ် မိသွားမယ် သတိထား ဖြတ်မကူးခင် ဟိုဖက်ကား ဒီဖက်ကားကြည့် ယာဉ်ထိန်း
ရဲကိုလည်း ကြည့် မမိစေနဲ့အဘ စိတ်က စိတ် ပုတီးက ပုတီး အဲဒီ့စိတ်ပုတီးတစ်ပတ်ထိ တစ်က
နေတစ်ရာထိ တစ်ယာနဲ့တော့ မရဘူး တစ်နေ့တစ်နေ့ အယာအစိတ်လောက် ၀ါးရမှ ဒီမှာ
ချိုးတွေတောင်တက်လို့ တက်နေတဲ့ ချိုးတွေ ပိုက်ပြင်သမားအမြန်ခေါ်ခွာခိုင်းမယ် မယား
ဆိုပျိုမှ သမားဆိုအိုမှ (ဂျိုးဖြူရေ ဘယ်မခန်း)မယ်ထွေးအမိဖမ်းပြမှ တူတူရေ၀ါး သားသားရေ၀ူ
ဆင်ကြီးမိုမိုသီချင်းဆိုပြ လိုင်စင်ဓာတ်ပုံပါလားပြ ပါရင် ဟိုမှာ ဖောင်ဝယ်ပြီးဖြည့် မပြည့်ရင်
ပြည့်တဲ့ထိဖြည့် မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ် ဘောင်ဘင်ခတ်သည်ဖြစ်စေ မခတ်သည်
ဖြစ်စေ ဖားတစ်ကောင်ခုန်ချရင်တော့ ပလုံမြည်သံကြားရ ငါ့သိမှုဗေဒစကားအရေးအသား
နွားရ အမြီးရရ ခေါင်းရရ ဘာပဲရရအဘ ဟိုနားတင်မရ ဒီနားထားမရရင်တော့လည်း
စိတ်ကိုချအဘ စိတ်ဒုံးဒုံးချ စိတ်သာချ ကောင်းလေစွ ကောင်းလေစွ
ကောင်းလေစွ။ ။
လွန်းဆက်နိုးမြတ်
၂၄.၉.၁၀
ည ၁၁း၀၀နာရီ

Tuesday, October 19, 2010
တောကစားထွက်ခန်း
တောကစားထွက်ခန်း
ကင်မရာထဲ ၀င်လာသမျှ အကုန်ပစ်ချလိုက်တယ်
ထုံးစံအတိုင်း ကောင်းကင်မပြာ့တပြာမှာ
ငွေရောင်မပေါက်တပေါက်တိမ်စိုင်တွေ ဘာတွေကို အရင်ဆုံး(အရင်ကတည်းက
ဆုံးနေတာလား) ရသပေါ့ ချောင်းနံဘေး ဓာတ်တိုင်ပေါ် စုပြုံနားခိုနေတဲ့ ပျံလွှားဆန်ဆန်
ငှက်ကလေးတွေ(ငှက်တွေကို အမျိုးအစားသိပ်မခွဲတတ်) ငှက်ကလေး ကြက်ကလေးလို
လူကိုဆက်ဆံချင်လို့ ရမလားဟဲ့ အကောင် နင် ငါ့ခန္ဓာကိုယ်ပဲ ရမယ် ငါ့အချစ်တော့မရဘူး
ဒါကိုလည်း ရသပေါ့ မျက်လုံးကတဆင့် အချက်ပေးစနစ်အရ “အစိမ်းရောင်”
နောက်ဆက်တွဲ “မြ”ဆိုတာက သိမှုမှာ အလင်္ကာထပ်တူပြုလိုက်ခြင်းတဲ့
အဲဒီ့ စိမ်းမြနေတဲ့ လယ်ကွင်းတွေကြား ၀ါးလုံးတိုင်မှာ ရှပ်လက်ရှည်အဖြူတစ်ထည်
ချည်နှောင်ထားတဲ့(စောစောကလို ငှက်တွေ အပါအ၀င် မည်သည့် ငှက်အမျိုးအစား
အတွက်မဆို အထူးရည်ရွယ်လျက်) ဒေသခံအခေါ်အဝေါ်အားဖြင့် စာခြောက်ရုပ်ကို
လည်း အလင်းပွင့်တယ် ချောင်းထဲက မဗေဒါဟာ တစ်ဖုတ်တည်း အဲ မှားလို့ တစ်ပင်
တည်း မဟုတ်ဘဲ အုံလိုက်ဖုတ်လိုက် မှားပြန်ပြီ အုံလိုက်ကျင်းလိုက် ဒါကိုလည်း
ခလုတ်တစ်ချက်ဆွဲလိုက်တယ် ရွှံ့လူးအိုင်ထဲမှာ အများမညီလည်း သဘာဝကျကျဖြစ်မြဲ
ကျွဲတွေ ကျောပြောင်ပြောင်ပေါ် ကျီးမည်းတစ်ကောင်တစ်လေ နားနေတယ်
(ကျီးဖြူဖြူကျီးမည်းမည်း ကျွဲကျောပေါ်မှာ နားရဖို့သာ အဓိက)
အဲဒီ့ကျွဲတွေ ချောင်းထဲဖြတ်ကူးတော့ ရေပါတယ် မီးပါတယ် ကျောင်းနဲ့နီးတယ်
ဈေးနဲ့နီးတယ် ရဲစခန်းမဝေးဘူး တစ်ချက်ပစ်ရင် တစ်ကောင်ကျ ကင်မရာချောင်း
ကြည့်ပေါက်က ပစ်တယ် ကျွဲကျောင်းသားက ပုလွေမမှုတ်ဘူး အီမိုကေနဲ့ ဂစ်တာတစ်လက်
ကျောမှာ လွယ်ထားတယ် စီးနေတဲ့ ချောင်းရေထဲ ပလတ်စတစ်ဘိုမရုပ်လေး
ဝတ်လစ်စလစ်မှောက်ခုံမျောသွားတာ မိလည်းမိ ရလည်းရအောင်
မိမိရရ လှမ်းကလစ်(ခ်)တော်မူလိုက်တယ်။ ။
လွန်းဆက်နိုးမြတ်
၃.၁၀.၁၀
မနက် ၀၀း၁၅နာရီ

Thursday, October 7, 2010
ချက်ကော့ရဲ့ သေနတ်
ချက်ကော့ရဲ့ သေနတ်
အခန်းနံရံမှာ သေနတ်တစ်လက်ချိတ်ထား ဇာတ်ဆောင်အမျိုးသား
တစ်ဦးဝင်လာ နံရံပေါ်က သေနတ်ကို ဖြုတ် ပြောင်းတိုက် တစ်စစီလုပ်
ချေးချွတ် တစ်စစီပြန်တပ် နံရံမှာ ပြန်ချိတ် အခန်းပြင်ပြန်ထွက် ခဏနေတော့
အခန်းထဲ ဖင်ထိုင်ခုံတစ်လုံး မနိုင့်တနိုင် တရွတ်ဆွဲပြီး ကလေးတစ်ဦး
ဝင်ရောက်လာ နံရံမှာ ဖင်ထိုင်ခုံကို ကပ်မှီ ပြီးတော့ခုံပေါ်တက် သေနတ်ကိုဖြုတ်
သဘောကျ ၀မ်းသာ တအားပြုံး ခုံပေါ်ကဆင်း ပတ်ပြေး “ဒိုင်းညှောင့် ”
“ဒိုင်းညှောင့်” အော် ခဏရပ် “ဘွန်း...မိုင်နိမ်းအစ်စ်ဂျိန်းဘွန်း”လို့ ပြော
ရုတ်တရက် တစ်ခုခုကို သတိရ ခုံပေါ်ပြန်တက် အလျင်စလိုသေနတ်ပြန်ချိတ်
အခန်းပြင် ထွက်ပြေး ကွမ်းတစ်ယာညှက် ကြာလတ်သော် ခြေသံဒေါက်ဒေါက်
ကြား အခန်းထဲ ပေါင်တံရှည်မတစ်ယောက် ၀င်လာ ဖင်ထိုင်ခုံကိုကြည့် နံရံက
သေနတ်ကို ကြည့် နှုတ်ခမ်းကိုက် မျက်မှောင်ကြုတ် အနေအထားမမှန်တဲ့
သေနတ်ကို ပြန်ဖြုတ် ဖင်ထိုင်ခုံမှာထိုင် ဘာစိတ်ကူးပေါက်တယ်မသိ သေနတ်
ပြောင်းရှည်သလောက်နဲ့ အာသာဖြေ နှီးနှော ပြီးသော် သေနတ်ကို တစ်ရှူးနဲ့
အရည်စင်အောင်သုတ် ရှက်ကိုးရှက်ကန်း မလုံမလဲ အခန်းပြင်ပြန်ထွက်
မကြာခင်မှာ ညောင်နာနာလူတစ်ယောက် အခန်းထဲ ထပ်ရောက်လာ ပုံစံယောင်
ချာချာ ဟိုဟိုဒီဒီကြည့် သေနတ်ကိုမြင်သွား လှမ်းဖြုတ် သေနတ်ပြောင်းဝကိုနမ်း
သေနတ်ခါးကိုချိုး အိတ်ထဲက ဖြူဖြူအမှုန့်လေးတွေ ပြောင်းဝသိပ် ပြောင်းရဲ့ အခြား
တစ်ဖက်မှာ နှာခေါင်းကိုတေ့ နိဗ္ဗာန်ထိ တဆုံးရှိုက် ပါသမျှ အမှုန့်ကုန်အောင်ရှိုက်
ခုံမှာ ဖွဲတစ်အိတ်လို ပစ်ထိုင် မိန်းမော တော်တော်ရောက် အချိန်တရွေ့ရွေ့ကုန်
ခေါင်း ဆတ်ခနဲခါ မျက်လုံးရီဝေေ၀ နိုးထ အသက်ဝင် သေနတ်ကို အင်္ကျီလက်စနဲ့ပွတ်
အနေအထားမပျက် နံရံမှာပြန်ချိတ် နှာရှုံ့သံပြင်းပြင်း ခန္ဓာကိုယ်အနှံ့ လျှောက်ကုတ်
လျှောက်ပွတ် လေးလံနှေးကန် ပြန်ထွက်သွား ခဏအကြာ အခန်းထဲ သူခိုးမှန်းသိ
အောင် မျက်နှာအ၀တ်မည်းစည်းထားသူတစ်ဦး အသာအယာ ခြေဖော့ လှမ်းဝင်လာ
ဂနာမငြိမ် သေနတ်ကို လှမ်းဖြုတ် ဖင်ထိုင်ခုံပါ ချန်မထား ဆွဲယူမ ကျီးကြည့်
ကြောင်ကြည့် အသာအယာ သယ်ဆောင်ထွက်ခွာ။ ။
လွန်းဆက်နိုးမြတ်
၈.၁၀.၁၀
မနက် ၀၀း၄၅နာရီ

Monday, September 27, 2010
အရည်မလာလို့...။
အရည်မလာလို့...။
အရည်မလာဘူး(လား)အရည်(ဧကန်ဧက)လာအောင် အရည်ကို ဘာနဲ့မျှား
(တီကောင်/ဒေါ်လာ/ဘုရားသခင်/ဘာသာစကား/လျှာချင်းလူးလှိမ့်မှု)
နှစ်သက်ရာရာ ရွေးချယ်ဖြည့်စွက်နိုင်သော်ငြား အရည်ဆိုတာမျိုးက အခက်
သားကလား ပိုက်လိုင်းတစ်လျှောက် တဝေါဝေါလေတိုးသံတွေ အရင်နားစွင့်
လေတိုးသံတွေလာပြီးရင် နောက်ပါးထပ်ကျပ်မကွာ အရည်ကပ်လိုက်လာ(မယ်)
အရည်ဗေဒ အရည်လေ့လာချက် အရည်ဖြစ်ပေါ်တိုးတက်မှုသမိုင်း ဘာတစ်ခု
မှ လမိုင်းမကပ်တဲ့အခါ ပိုက်ဝဟာ (ခုများမှာ)အေးစက် ကြမ်းရှ သွေ့ခြောက်
အသေအချာစမ်းကြည့်ရင် ပိုက်ထိပ်ဟာ ပူနွေးလို့(တောင်)မနေ ပရီးမီးယား
လိဂ်အရည် ချန်ပီယံလိဂ်အရည် လိဒ် ချစ်စမ်းမောင် ကီးဘုတ် ဗညားနိုင်
တယော ဦးတင်ရီ အရည်မလာဘူး(ကွယ်) သံသရာလည်သလို အရည်လည်
လာမယ့်နေ့ကို မျှော်တလင့်လင့် လေရူး(တ)သုန်သုန် ၀သုန်မြေဆုံးစေတော့
အရည်ကို ရှာမလေ ရေခွန် မီးခွန် ဆန် ဆီ ဆား ငရုတ် ကြက်သွန် နေစရိတ်
စားစရိတ် သွားစရိတ် လာစရိတ် အရည်ကလေး စိမ့်စိုစေကြောင်း ဆုထူးတွေ
တောင်းမလေ စာတမ်းထိုးအရည်ဒီဗွီဒီ အင်တာနက်ပုံပြအရည်ပူစီ ဘလော့ဂ်
ကဗျာအရည်အရေးအသား ကလေးကလားနဲ့ ဈေးမသွားနဲ့ အမေတို့ ငယ်ငယ်
ကတည်းက သုံးတာ အရည် အကြည် အနောက် အပြောင် အပျက် အဖျက်
အမှောင့် အရည်မလာဘူး(နော်) ပိုက်ဝကို ပွတ်သပ်ချော့မြူ ပိုက်နှုတ်ခမ်း
သားဘေး လက်ကလေးနဲ့ ၀ိုက်ပေး နောက်ပြန်ပေး အမြှောက်ကန်တင်ပေး
ခေါင်းတိုက်ပေး အရည်လေးများ စိမ့်ထွက်လာလိုလာငြား အားထုတ် လုပ်
ဆောင် ၀ါယမစိုက် ကောက်စိုက် အနှစ်မရှိတဲ့တော မင်းမူတဲ့အပင်စိုက်
အရည်မလာ(သရွေ့)တော့ လက်ထဲက ပိုက်ဟာ ငိုက်စိုက် ငိုက်စိုက်။ ။
လွန်းဆက်နိုးမြတ်
၂၆.၉.၁၀
နေ့ ၀၂း၀၀နာရီ

Monday, September 13, 2010
ဟမ္ဘာဂါကိစၥ
ဟမ္ဘာဂါကိစၥ
ဒီမှာတော့ ဟမ်ဘာဂါဆိုတာ အောက်ခြေလူတန်းစား လွယ်လင့်တကူ ၀ယ်
မစားနိုင်တဲ့ အစားအစာဖြစ် တချို့ဆို စားတောင်မစားဖူး တစ်နေ့မှာ အဲဒီလို
အနေအထားမျိုးရှိတဲ့ တစ်ယောက်ယောက်ဆီ ဟမ်ဘာဂါဟာ တစ်နည်း
တစ်ဖုံနဲ့ရောက်ရှိလို့သွား သူဟာ ဟမ်ဘာဂါကိုရ သူဟာ ဟမ်ဘာဂါဆီရောက်
ဟမ်ဘာဂါဟာ သူ့ပါးစပ်ထဲမှာ သူ့လက်ထဲမှာ တစ်စစီ တစ်ပိုင်းစီ တစ်ဘ၀လုံး
လုံး ငြိုးမာန်ဖွဲ့ထားခဲ့လေသမျှ ဟမ်ဘာဂါကို ဒေါသတကြီး သူရင်ဆိုင် ရန်သူ
ကို ချေမှုန်းသလို ဟမ်ဘာဂါကို သူချေမှုန်း မျက်လုံးပြူး မျက်ဆံပြူး
ဝင်သက်ပြင်းပြင်း ထွက်သက်ပြင်းပြင်း ပလုတ်ပလောင်း တနင့်တပိုး တစ်ဖြဲ
နှစ်ဖြဲ လူပါးခပ်၀၀။ ။
(ရည်ညွှန်း-ဟမ်ဘာဂါစားသူ၊အောင်ချိမ့်)
လွန်းဆက်နိုးမြတ်
၂.၉.၁၀ ည၁၁း၄၅

Sunday, September 5, 2010
ဘာ...ဘာမှန်...
ဘာ...ဘာမှန်...
ဓာတ်မှန်ကို မလိပ်ရ မခါက်ရ ရေမစိုစေရ
သတိပေးချက်စာသားက အညိုရောင်စက္ကူအိတ်ပေါ်မှာ သိသာထင်ရှား
မိုးဦးလေဦး အိမ်ခေါင်မိုးသွပ်ပြားကို လေတိုးတဲ့ အသံဟာ
ဓာတ်မှန်ဖလင်ကော်ပြားကို ဆွဲထုတ်လိုက်တော့ ထွက်လာ
ကော်ပြားရဲ့ တစ်ဖက်မှာ အင်္ဂလိပ်ဘာသာနဲ့ သိကျွမ်းပြီးသား အမည်နာမတစ်ခု
တစ်ဖက်မှာက အစီအစဉ်မကျတဲ့ အင်္ဂလိပ်နံပါတ်ကို 26 10 L + 144 ဆိုပြီးတွေ့ရ
အင်္ဂလိပ်လိုရေးထားတဲ့ နာမည်ဟာ ညာဖက်ကလား 26 10 L + 144 ကိုပဲ ညာဖက်ထားရမလား
ဘယ်အနေအထားဟာ ဓာတ်မှန်ကော်ပြားရဲ့ အတည့်ဖြစ်မှု/မဖြစ်မှု
အတည့်ရတော့ ပြောင်းပြန်ပါရ ပြောင်းပြန်ရတော့ ဇောက်ထိုးပါရ
အားလုံးရတော့လည်း လက်ထဲက ဖလင်ကော်ပြားဟာ
ဖလင်ကော်ပြားကလွဲလို့ ဘာမှဖြစ်မလာ
ဆေးပညာနဲ့ ပတ်သတ်ရင် ဗဟုလည်းမရှိ သုတလည်းမရှိတော့ ရှက်ဖွယ်
နက်မှောင်နေတဲ့ ကော်ပြားအရောင်အဆင်းထဲမှာ အရိုးတွေ အဆစ်တွေကသာ
အဖြူရောင်နည်းနည်းဖောက်ထားသလို ဖြစ်နေတော့ ရေတွက်ကြည့်လို့တောင်မှရ
အဲဒီ့ကောင်ကို ကြည့်ပြီး အခိုက်အတန့် မှင်သက်သွား တရားတော်နဲ့ နီးစပ်မယ်ဆို
နီးစပ်သွားစေနိုင်တဲ့ အတွေ့အကြုံထူးကို ကော်ပြားက ပေးအပ်နေသလိုလို ဘာလိုလို
ကော်ပြားဟာ မသတီစရာကောင်းနေသလား/ခေတ်သစ်ပန်းချီကားတစ်ချပ်လား
အား...ကော်ပြားထဲမှာ ပုံဖော်ထားတဲ့ အရိုးစုတစ်စိတ်တစ်ပိုင်းက ချောက်ချားစရာ
ကုန်လွန်ခဲ့တဲ့ နှစ်ကာလတွေမှာ ကော်ပြားဟာ ဘယ်အနာရောဂါကို
ကိုယ်စားပြုထားခဲ့ရသလဲ
အဖြေပြန်ဖော်မရ ပြန်အဖြေဖော်မရ ဖော်ပြန်အဖြေမရ ပြန်ဖော်အဖြေမရ
မရတဲ့ အဖြေကို မစဉ်းစားနိုင် ဘာဇာတ်ကြောင်းကိုမှလည်း နောက်ပြန်မလှန်အား
အားနေတဲ့ ကျီးကန်းကမှ တအားအား တအားအား တအားအားလို့အော်မှာ
အထောက်အထားတွေကနေတဆင့် သဲလွန်စတွေကနေတဆင့်
အနက်ဂယက်အဆင့်ဆင့် ဆင့်ကဲဆင့်ကဲ ဘယ်ကဲ့သို့စစ်ချ စစ်ချ
ဘယ်ချမ်းသာသဲ့ယူ သဲ့ယူ ဓာတ်မှန်ဖလင်ကော်ပြားဟာ
ဓာတ်မှန်ဖလင်ကော်ပြားကလွဲလို့ ဘာမှမဟုတ်
ပလုတ်တုတ် ဂျိုးရုပ် အိုးပုတ်
ဘဲရုပ် တဲကုတ် ပဲပြုတ်။ ။
လွန်းဆက်နိုးမြတ်
၃.၉.၁၀ ည ၁၀း၀၀နာရီ

Thursday, August 26, 2010
ငါး
ငါး
လွန်းဆက်နိုးမြတ်
၂၈.၆.၁၀
လွတ်တဲ့ငါး ကြီးတယ်လို့ ပွတ်ကျွတ်ပွတ်ကျွတ်မလုပ်နဲ့...ငါမုန်းတာ အဲဒါတွေပဲ တကယ်ဆို လွတ်တဲ့ ငါးက လွတ် သွားပြီထားလိုက်တော့ပေါ့ နေပစေတော့ပေါ့ ဘာဖြစ်လို့ နောင်တလောင်ရာ စကားပုံပင့်နေရတာလဲ ဒီချောင်း ထဲမှာ ဒီငါးတစ်ကောင်ပဲ အရွယ်ကြီးသလား တခြားငါးတွေ သူ့လောက်မကြီးတော့ဘူးလား ရတယ် လွတ်တဲ့ငါး ကြီးတယ်ပဲထားဦး ဒီချောင်းကိုပစ်ပြီး ဟိုမြစ်ကိုရှာပေါ့ ဟိုမြစ်မှာ ဒီချောင်းက လွတ်တဲ့ငါးထက် ပိုကြီးတဲ့ ငါးတွေ တွေ့လိမ့်ဦးမပေါ့ ရှိလိမ့်ဦးမပေါ့ ဘယ်လိုပြောတယ် ဒီချောင်းကို ပစ်ရမှာကလည်း အဆီတ၀င်းဝင်း မျှားရမှာ လည်း သဲတရှပ်ရှပ်ဟုတ်လား လာ ထမင်းထုပ်ဆွဲ ဟိုမြစ်ကို သွားမယ် တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့လေ မလိုက်ချင်ဘူးဟုတ်စ ရေသာများပြီး ငါးမတွေ့မှာ စိုးတယ်ဟုတ်စ ငါ့နှယ် မစားရ၀ခမန်းပြောတာ မဟုတ်ရပါဘူး ကွယ် သေချင်တဲ့ကျား တောပြောင်းတာလည်း မဟုတ်ရပါဘူးကွယ် ကဲကဲ မယုံရင်လည်း ငါ့အသပြာထုပ်လေး ယူကိုင်ထား ဟိုမြစ်ရောက်မှ ဒီချောင်းထဲက လွတ်တဲ့ငါးထက် ပိုကြီးတဲ့ငါးတွေရကာမှ ပြန်ပေးဟုတ်ပြီလား ရော် ဖြစ်ရပြန်ပြီ မြစ်စိမ်းမြင် ချောင်းကင်ပစ်ရတယ်လို့ ရုပ်ကိုက ငါးပြေမဆားပက်သလိုရုပ်နဲ့ ဘာဖြစ်လို့ ကြောင်မိုက် ဖြစ်ချင်ရတာလဲ ဟိုမြစ်မှာ စိတ်ကူးပွက်ရာ စကားလုံးချကြတဲ့အခါ ဒီချောင်းထက် ပိုကြီးတဲ့ ငါးတွေရလာမှာပေါ့ အဲဒီ့တော့ငါးကြော်တွေလည်း အများကြီးရလာမယ်လေ ငါးရံ့ရတော်လှန်ရေးကာလတစ်လျှောက်လုံး အတူတူ လက်တွဲခဲ့ပြီး ငါးခူရနည်းပညာခေတ်ကြီးရောက်မှ ဘာလို့ ခွဲခြမ်းခွဲခြမ်းလုပ်ချင်ရတာလဲ တံငါလေးလုံးစပ်နားနီး တံငါလေးလုံးစပ် မုဆိုးခေတ်ပေါ်ကဗျာနားနီး မုဆိုးခေတ်ပေါ်ကဗျာဖြစ်လာပြီးမှတော့ ဘာသာစကားဆီနဲ့ ဘာ သာစကားကြော်ကြတာပေါ့ လာပါ ငါ့ဗူးသီးခြောက်ရေဗူးကလေးလည်း ယူထားကွာ ဒါနဲ့မှ မလုံလောက် သေးရင် လည်း ငါ့မြက်ခြောက်ဦးထုပ်ကလေးလည်း ယူဦး ဘာဖြစ်တယ် မလိုက်ရေးခခွေးယပင့်ရေးချမလိုက် ဟုတ်လား ဘာသာစကားမပိုင် အရေးအသားဝက်မွေးဟုတ်လား ခက်တယ်ကွယ် ဒီချောင်းမှာဆို လွတ်တဲ့ငါး ကြီးနေဦးမှာပဲ ဟိုမြစ်မှာဆို အနည်းဆုံးတော့ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ပဲ ဘာဖြစ်လို့ မစိုက်သေးဘဲ အညှောက်သန်နေ တာလဲ ဘာဖြစ်လို့ လွတ်တဲ့ငါး ကြီးတယ်လို့ ပွတ်ကျွတ်ကျွတ်လုပ်နေရတာလဲ အဲဒါတွေပဲ ငါမုန်းတာ အဲဒီ့စကား တစ်ခွန်းကြောင့်နဲ့တော့ ငါတိုရဲ့ ရှိပြီးသားဆက်ဆံရေးတစ်လှေလုံးမပုပ်ချင်ဘူး လာ ငါ့လက်ကိုတွဲ ဟိုမြစ်ဆီသွား မယ် လုပ်ပြန်ပြီ ဘာကလိမ်မှလည်းမစေ့ရပါဘူး ဘာငြမ်းမှလည်း မဆင်ရပါဘူး ငါ့မှာ ကျားလည်းကြောက်ရ ကျား ချေးလည်း ကြောက်ရပါလား ဘာရယ် ဘာရယ် ဟိုရောက်မှ လွတ်တဲ့ငါး ထပ်ကြီးနေရင် ဘယ်လိုလုပ်မလဲဟုတ်စအဲဒါဆိုလည်း ငါတို့ ဟိုမြစ်မှာ ဟိုဒင်းဟိုဥစ္စာမရ ဟိုပစ္စည်းဟိုအ၀ှာလုပ်ပြန်ကြတာပေါ့။ ။
လွန်းဆက်နိုးမြတ်
၂၈.၆.၁၀
Monday, August 16, 2010
အိမ်ပြောင်းမလို့...။
အိမ်ပြောင်းမလို့...။
အောက်ခင်းဖို့က ဖယောင်းပုဆိုးလိုမယ်
တစ်ကိုက် ၁၆၀၀/၁၇၀၀လို့ ပြောတယ်
အစားစားပဲ လာမယ့်တနင်္ဂနွေနေ့လောက် မီးချောင်းတွေ
ဆင်ဖြစ်မလား မပြောတတ်ဘူး ပြတင်းပေါက်တွေကို ဘာရောင်သုတ်မလဲ
နီညိုရောင်ဆိုရင် ကောင်းမလား လာကြည့်ဦး သံပန်းတွေ သံချေးတက်
နေပြီ အုတ်နံရံတွေက အသားမကောင်းလို့ သံရိုက်ရင် ကွာကျနိုင်တယ်
ဘေးအိမ်ကို ခုနကမေးကြည့်တော့ ရေက မီးလာမှ လွှတ်တာတဲ့ ပန်းအိုးလေးတွေ
ထားချင်တာ နေရာမရှိဘူး ထမင်းဘယ်နားမှာ စားကြမလဲ စာအုပ်စင်ခပ်တောင့်
တောင့် နှစ်စင်လောက်လိုမယ် ဒီပေါင်မှာ ပန်းချီကားတွေကို တန်းစီချိတ်ထား
ရအောင် အိမ်သာက တံခါးချက်အသစ် တပ်ကိုတပ်ရမယ်
တမံတလင်းတွေ ဆပ်ပြာရေနဲ့ဆေးပြီးရင် သံဘရပ်ရှ်နဲ့ ထပ်တိုက်ဦးမှ
ဆေးကွာတဲ့ နေရာတွေပေါ် ပိုစတာတစ်ခုခုကပ်ပစ်ရမယ်
ကြွေချေးချွတ်ဆေးက မလောက်ဘူးနဲ့ တူတယ် အ၀တ်လျှော်ပြီးရင်
လှမ်းဖို့အတွက် နေရောင်များများလိုမယ် ဒီမှာ ဒီမှာ
ဘယ်သူက နံရံကို ခြေထောက်နဲ့ကန်သွားလဲမသိဘူး
ခြေရာကြီး။ ။
လွန်းဆက်နိုးမြတ်
စရဏ၊ဂျူလိုင်၊၂၀၁၀
(၆နှစ်ပြည့်အထူးထုတ်)

Friday, August 6, 2010
ရေးသူ့လူ့အဖွဲ့အစည်း
ရေးသူ့လူ့အဖွဲ့အစည်း
လွန်းဆက်နိုးမြတ်
26.7.10
မနက်၀၁း၁၀နာရီ
ကိုယ် ကဗျာရေးမှန်းသိသွားတော့ ဒင်းမျက်လုံးဟာ ၀ိုင်းစက် ပြူးကျယ် ပါးစပ်က အဟောင်းသား(ဘယ်ပါးစပ်က သစ်လို့လဲ) တစ်ခုခုပြောဖို့ ဆွံ့အ ပြောလည်းပြောချင် ပြောလည်း မပြောချင် အခုရောက်နေတဲ့ အရပ်နဲ့ ကိုယ်နဲ့ ဘယ်လိုမှ မအပ်စပ်သယောင် ဟိုအရင်နေ့တွေတိုင်း လာရောက် ထိတွေ့ ရင်းနှီး သိကျွမ်းနေတဲ့ ကိုယ့်ဖြစ်တည် မှုဟာ ဒီကနေ့ ကိုယ်ကဗျာဆရာမှန်းသိသွားတော့ ဒင်းအမြင်ထဲ ကိုယ်ဟာ အံသြစရာကောင်း ထူးဆန်း အိပ်မက် ဆန် လက်တွေ့မရှိ စိတ်ကူးယဉ်သူတစ်ဦးအဖြစ် ရွေ့လျှော ထိုးကျ သက်ဆင်းသွားရရှာ ကိုယ်ကလည်း ဒါကို အတွေ့အကြုံအရ အတိုင်းသား ဆင်ခြင် သိမြင် စိတ်ပျက်သွာပြီး ၀မ်းနည်းရ စိတ်မကောင်းဖြစ်ရ သာမန်လူ့အဖွဲ့ အစည်း ကဗျာရေးသူတစ်ဦးအဖြစ် ကျင်လည် ရှင်သန် ရုန်းကန် နေထိုင်ခြင်းမှာ မှားယွင်းနေတဲ့ ဘာသာတရား တစ်ခုအပေါ် သက်ဝင် ယုံကြည် လေးမြတ်မိသူလို ယူဆခြင်းခံရ (အထူးသဖြင့် ဒီကဗျာရေးသားခြင်းဆိုတဲ့ အလုပ်ကို သာမန်လူ့အဖွဲ့အစည်းမှာ ဘယ်ဒင်းကမှ အလုပ်တစ်ခုအဖြစ် အထင်တကြီး တရေးတယူ လောက် လောက်လားလား နေရာပေးတယ်ဆိုတာမရှိခဲ့လေတော့)ဖွင့်ပြောမိသူကိုယ့်အမှားသာလျှင်ဖြစ်ကြောင်း အိပ် ယာဝင်တိုင်း တနုံ့နုံ့ စဉ်းစား တွေးခေါ် မြော်မြင်ရတာလည်း မီးခိုးရော မိုးရောမဆုံးနိုင် ဒီလိုမှန်းသိရင် ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ အစကတည်းက ဓာတ်ရှင်မင်းသားပဲဖြစ်မြောက်အောင် လုပ်ခဲ့အကောင်းသား ကိုယ့်အသံ ကိုယ့်ဟန်နဲ့ ကာလပေါ်အဆိုတော်သာလုပ်ခဲ့အကောင်းသား သြော် ကိုယ်နေထိုင်ရာ သာမန်လူ့အဖွဲ့ အစည်းကြီး ကဓာတ်ရှင်မင်းသားနဲ့ ကာလပေါ်အဆိုတော်များကိုသာ အနုပညာရှင်အဖြစ် ကိုးစား ယုံကြည် ထင်မှတ်နေရှာပုံ များပြောပါတယ် ဒါကလည်း ဟောလီးဝုဒ်ဇာတ်ကားဆိုရင် ဗန်ဒိန်းနဲ့ ဂျက်ကီချန်း မြန်မာဗွီဒီယိုမှာ ဟိန်းဝေယံနဲ့ မိုးဟေကို ရုပ်သံဇာတ်လမ်းကျတော့ ကိုရီးယားလမ်းကိုပဲ ၀ိုင်းနီးကြ စာအုပ်ဖတ်တော့ ဗျူးနဲ့ နက္ခတ္တရောင်ခြည် နိုင်ငံခြားတေးသီချင်း နားထောင်ရင် အေကွန်နဲ့ တေလာဆွစ် မြန်မာသီချင်းကျတော့ Rဇာနည်နဲ့ Aသင်ချိုဆွေ လောက်သာ အနုပညာရတဲ့ ကိုယ့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီးထဲ ဒါရိုက်တာဇောင်ယီမုနဲ့ ရိုမန်ပိုလန် စကီးကို မသိတာ မင်းသားကြီးမာလွန်ဘရန်ဒိုနဲ့ ဘန်နစီယိုဒယ်လ်တိုရိုကိုမသိတာ ဒေါက်တာဇီဗားဂိုးဓာတ်ရှင်နဲ့ ပီယားနစ်စ်ဓာတ်ရှင်ကို မသိတာ စာရေးဆရာဂျွန်စတိန်းဘက်နဲ့ ကဗျာဆရာဂျွန်အက်ရှဘရီကို မသိတာ ဂီတပါ ရမီရှင်မိုးဇက်နဲ့ ကတ်ကိုဘိန်းကို မသိတာ အဲဒီ့မသိတာတွေအားလုံး သတ္တုချ စဉ်းစား တွေးခေါ် ကြည့်လိုက် တော့လည်း ဒီအဖွဲ့ ဒီအစည်းကြီးကို အပြစ်လို့မဆိုသာပြန် ခက်နေတာက ကိုယ်ကဗျာရေးမှန်းသိပြီးနောက် နဂိုပုံမှန်လည်ပတ်နေတဲ့ ဒီအဖွဲ့ ဒီအစည်းကြီးက ကိုယ့်အပေါ် လွဲချော်စွာ တုန့်ပြန် ဆက်ဆံ သဘောထား စာရင်း မှတ်လိုက်တဲ့ ကိစ္စ၀ိစ္စတွေရှိနေသေးရာ ကိုယ်က ကဗျာယောင်ယောင် စာယောင်ယောင်အပြင် အများသူ ငှာနဲ့ တန်းတူ အားကစားဝင်လုပ်တာကိုပဲ အံ့အားသင့် နားမလည် ဆန်းကြယ် ကိုယ်ကဗျာဆရာဖြစ်နေလို့ အများသူ ငှာအိမ်ထောင်ဦးစီးများလို ကိုယ့်အိမ်ကိုယ့်ယာအတွက် လိုအပ်တဲ့ အလုပ်ကြမ်းတွေ (ဥပမာ-ရေစည်တွန်း၊ ထင်းခွဲ) လုပ်တာမျိုးအပေါ် မေးငေါ့ ခေါင်းခါ ပြက်ရယ်ပြု ရယ်သွမ်းသွေး ကိုယ်ကဗျာတွေ ရေးတဲ့ အတွက် ကိုယ်ဟာ အလိုလိုနေရင်း လူ့အသိုင်း လူ့အ၀ိုင်းထဲ ကျင်လည် ကျက်စား လှုပ်ရှား သွားလာတဲ့နေရာမှာ အများ သူငှာနဲ့မတူ တစ်မူးလိုနေသယောင် တစ်မတ်လိုနေသယောင် လန့်ဖျပ် သွေးတိုး စိုးရိမ် ကိုယ်ချင်းစာ သနား စဖွယ်အကြည့်များအားလည်း ရရှိ လက်ခံ ပေးဆပ် နားလည် ကိုယ်က ကဗျာကောင် စာကောင်ဖြစ်နေ ခြင်းမှာ အများသူငှာလူတွေလို ဒေးလီးနော်မာန် အလုပ်သွား အလုပ်ပြန်တာမျိုး မကြား မတွေ့ မမြင်ကြလေတဲ့အခါ ၁၀၉ကောင် ၁၁၀ကောင်အဖြစ် လက်ခါ အထင်သေး နှာခေါင်းရှုံ့ စုတ်သပ်စရာ လူသားမျှသာဆိုတော့ ကဗျာရေးတဲ့ ကိုယ်ဟာ အိပ်ယာဝင်အိပ်ယာထ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ်ကြားအောင် ကဗျာပဲအသားလွတ် ရွတ်ရမလား ဖင်မီးခိုးထွက်တဲ့ထိ ဖက်ကြမ်းဆေးပေါ့လိပ်ဖွာ ခေတ်ဆွေးလွယ်အိတ်ကြီးလွယ် ပြတ်ခါနီးဖိနပ်တစ်ရံ စီး မဂ္ဂဇင်းတိုက်တကာအနှံ့ နေ့စဉ်ခြေတိုအောင်ပဲ လမ်းသလားပြရမလား ဖြစ်ရပုံများ ကိုယ်ဟာ ရှမ်းဖြစ်လို့ ခေါက်ဆွဲပဲ ရောင်းရတော့မလိုလို ရခိုင်ဖြစ်လို့ မုန့်တီပဲ ရောင်းရတော့မလိုလို ကဗျာဆရာဖြစ်လို့ အများအမြင် လှ အောင် ကဗျာလက်သုပ်စုံ အထမ်းကလေးပဲ ပုခုံးပေါ် တင်လိုက်ရတော့မလို ကဗျာကုမ္ပဏီပဲထောင်လိုက်ရတော့ မလို ပြောမယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်လူ့အဖွဲ့အစည်းကြီးနဲ့ တယ်အံဝင်ခွင်ကျရှိလှချည်ရဲ့လို့တော့မဟုတ် ဒါပေမယ့် လည်း ဒီအဖွဲ့ ဒီအစည်းဆိုတာ ကဗျာရေးသူ ကိုယ်နဲ့က တစ်ဘ၀လုံးလုံး ဒီလိုပဲ တစ်သွေးတည်း တစ်သံတည်း လွဲချော်မှုတွေ အသားကျနေလေတော့ကာ ကိုယ်ကလည်း ကိုယ်ဖြစ်လျက် ဒီအဖွဲ့ ဒီအစည်းကြီးကလည်း ဒီအဖွဲ့ ဒီအစည်းကြီးဖြစ်လျက် ရေးသူနဲ့ လူ့အဖွဲ့အစည်း ခါးတောင်းကျိုက်တလွဲ ဟိုအ၀ှာတလွဲ အံချော် စံလွဲ ကွဲပြား ချွတ်ချော် နေမြဲသာတည့်။ ။
လွန်းဆက်နိုးမြတ်
26.7.10
မနက်၀၁း၁၀နာရီ
Monday, July 26, 2010
ကိုယ့်ဘ၀က Waka Waka
ကိုယ့်ဘ၀က Waka Waka
လွန်းဆက်နိုးမြတ်
၁၉.၇.၁၀
နံနက်၁၂း၅၀နာရီ
ဒီအရပ်မှာနေတော့လည်း ဒီဇာတ်ပဲခင်းရတော့မှာပေါ့ ဘယ်ရမလဲ ကိုယ်လည်း တစ်ချိန်ကWaka Wakaပဲ ဇာတိ မှန်မပြချင်လို့သာ ဒီဇာတ်ကို ဘယ်သူမှ မသိအောင် တိတ်တဆိတ် မြှပ်ထားရတာ နှံထားရတာ ခုတော့ ကိုယ် လည်း တယ်သည်းမခံချင်တော့ဘူး ဒါမျိုးလာလုပ်လို့ဘယ်ရမလဲ အပျော့ဖက်ကစမ်းသမျှ ကိုယ်လိုက်ပျော့ခဲ့ရ ပြီး ပြီ ခုလိုမာရေနဲ့ကျောရေလာစမ်းတော့လည်း ကိုယ်က မာနဲ့ကျောနဲ့ရေနဲ့ပါပဲWaka Wakaပါပဲ လာထား ပေါက် လို့ရမယ့် တူးလို့ရမယ့် ပေါက်တူးတစ်လက်ဆွဲလို့ ကိုယ်မြှပ်ထားတဲ့ ဇာတ်ကို ကိုယ်ပြန်ဖော်တယ် လာထား ကိုယ့် ဇာတ်က အရှင်လတ်လတ် အကောင်းကြီးအတိုင်း အပြင်ထွက်လာတယ် “ဘယ်သူလဲကွ ငါ့အခန်းရှေ့ ကြွပ်ကြွပ် အိတ်နဲ့ထုပ်ထားတဲ့ ထမင်းကျန်ဟင်းကျန်တွေ လာလာချခဲ့ပြီး ခွေးစာဆင်းကျွေးသွားတာ” အပေါ်က တိုက်ခန်း တွေဆီ မော့ကြည့်ရင်း ပါဝါအပြည့်အသိပ်ထည့်ကာ ကိုယ်ကျုံးအော်လိုက်တယ် အော်သံကြောင့် ပြတင်းပေါက် အသီးသီးကနေ ခေါင်းအသီးသီးထွက်လာပြီး ကိုယ့်ကို နဝေတိမ်တောင် ငုံကြည့်ကြတယ် ဘာလဲပေါ့ Waka Waka လားပေါ့ ကိုယ့်အော်သံကြားလို့ ကိုယ့်ရဲ့ ချစ်လှစွာသော မိန်းမက အခန်းတံခါးရှေ့ပြေးထွက်လာတယ် အဲ ဒီမှာ မြေကြီးထဲက ပြန်ဖော်ထားလို့ ဖုန်တွေ သဲတွေ ပေလူးနေတဲ့ ကိုယ့်ဇာတ်ကို သူမြင်သွားတယ် အခြေအနေ ကို သဘောပေါက်ပြီး ဇာတ်ရည်လည်သွားတယ် “ဟောဒီမှာ ခင်ဗျားတို့ ကျွေးထားတဲ့ ခွေးစာထုပ် ကျွေးချင်ရင် တိုက်အောက်မြေကြီးပေါ် ဆင်းကျွေး ဘာဖြစ်လို့ ပထမထပ်ငါ့အခန်းရှေ့မှာတင် ရပ်ပြီး ခွေးစာအမှိုက်ချခဲ့ရတာ လဲ”နောက်တစ်ခေါက် အပေါ်ထပ်တွေဆီ ကိုယ်မော့ကြည့်ရင်း ကျုံးအော်တယ် လက်ထဲက ခွေးစာအကျန်ရှိတဲ့ ကြွပ်ကြွပ်အိတ်ကို တိုက်အောက်လမ်းမပေါ် ကိုယ်လွှင့်ပစ်ပြလိုက်တယ် ဒီတော့မှ ကိုယ်ခင်းတဲ့ အလုံးစုံသော ဇာတ်ကို သူတို့အားလုံး Waka Wakaဖြစ်သွားပုံရတယ် “မပြောချင်လို့ ကြည့်နေတာကြာပြီ တစ်ရက်လည်း မ ဟုတ် နှစ်ရက်လည်းမဟုတ်နဲ့ -ီးပဲ”ကိုယ့်ဇာတ်ရှိန်မြင့်တက်မှုကြောင့် မိန်းမက တံခါးကပြေးထွက် ကိုယ့်လက် လာဆွဲတော့ အခန်းထဲ ကိုယ်ပြန်လိုက်ဝင်တယ် ဧည့်ခန်းထဲက ဖင်ထိုင်ခုံမှာ ရှူးရှူးရှားရှားနဲ့ ထိုင်ချလိုက်ရင်း ကိုယ်တော့ Waka Waka ဖြစ်နေပြီလို့ တွေးမိတယ် ကိုယ့်ဇာတ်ကို ဒီအရပ်မှာ ပြန်မြှပ်လို့ ရနိုင်တော့မယ်မထင် ဘူး တတ်နိုင်ဘူး မြှပ်မရတော့လည်း ဒီဇာတ်နဲ့ပဲ ဒီအရပ်မှာ Waka Waka ရမှာပဲ လာထား။ ။
လွန်းဆက်နိုးမြတ်
၁၉.၇.၁၀
နံနက်၁၂း၅၀နာရီ
Subscribe to:
Posts (Atom)