Thursday, March 25, 2010

မားဆိုးဘာကြောင့် အာရပ်ကို သတ်

မားဆိုးဘာကြောင့် အာရပ်ကို သတ်

ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိလောက်အောင်ထိ သွားကိုက်နေတယ်
အားလပ်ရက်လေးဟာ ဒီအတိုင်းကုန်ဆုံးရတော့မယ်လား(နှမြောတာထက် ဒေါသထွက်စရာပိုကောင်းတယ်)
ခပ်စောစောပိုင်းကတည်းက သွားတွေရဲ့ ကျန်းမာရေးကို ကြိုတင်ပြင်ဆင်မထားမိခဲ့တဲ့ အပြစ်က ထင်းခွေမကြုံ
ရေခပ်ကြုံရပြီပဲ ခုတော့ အသစ်စက်စက်ချစ်ဇနီးကလေးကလည်း ပျော်ပွဲစားထွက်ဖို့အတွက် ဖင်တကြွကြွနဲ့ သွားကိုက်
ပျောက်ဆေးရှာရ ဖွေရ ရင်တမမနဲ့ သက်သာမလာဘူး အဟုတ်ကြီးမသက်သာလာဘူး တကယ်သက်မသာလာဘူး
စားပွဲပေါ်က ချစ်ဇနီးကလေးလက်ရာ စားသောက်ဖွယ်ရာတွေဆီ မကြာခဏအကြည့်ရောက်မိ ဟာနေတဲ့ ၀မ်းဟာ
ဟာနေဆဲ အငွေ့တထောင်းထောင်းရနံ့တွေအစား ဆားရည်ကြည်လေးသာ ငုံနေရ ဆရာခိုကို မှီခိုနေရ ဒီအမှုထဲ ပါရာစီတမော
လည်း ပါဖြစ်အောင်ပါဝင် မတောက်တခေါက် စိတ်ပညာအသိလေးအားကိုးပြီး မိုက်ကြည့်တော့ ကွန်ဖြူးရှပ်ဇာတ်ထုပ်လည်း
မတိုး ချမ်းချမ်းရဲ့ အချစ်လည်း တကယ်မလို မောင်ယုပိုင်လည်း တီဗွီဖန်သားပြင်ကြီးဖွင့်လျက် အသာပြန်ချ သွားက
လေတွေ မိုးတွေ မနားတမ်းတိုက်ခတ်နေသလို တရစပ်ကိုက်ခဲ (ဆိုက်ကိုအရ) မှန်ထောင်ပြီး ကြည့်မိမှ ကိုက်နေတဲ့ အံသွားဆိုတာ
အသူတရာနက်တဲ့ ချောက်ကမ်းပါးအဖြစ် ပါးစပ်ထဲရောက်နေမှန်း တအံ့တသြတွေ့သိမိ ဒီလိုနဲ့ပဲ ချစ်ဇနီးလေးအတွက်
ဘာပျော်ပွဲမှ မစားဖြစ်တော့ ဘာစားပွဲမှလည်း မပျော်ဖြစ်တော့ စားပွဲပေါ်က ရသာရုံများလည်း စိတ်ပေါက်လက်ပေါက်
ကြောင်အိမ်ထဲ ထိုးသိပ်ပစ်ထည့် သွားဟာ အိမ်အမိုးတွေ အကုန်လန်သွားမတတ် သစ်ပင်တွေ အမြစ်ကကျွတ်ထွက်မတတ်
အရှိန်ပြင်းပြင်းကိုက်လာတယ် ခြေထောက်လာပွတ်တဲ့ ရွှေဝါခမျာ အသားလွတ် အကန်ခံထိသွား ဘေးအိမ်တွေက လက်သမား
သုံးပလာယာလေးတစ်ချောင်းလောက် ငှားလို့ရနိုင်မလား သွားကိုက်မှ သွားနဲ့ပတ်သတ်တဲ့ သိမှုတွေ တစ်ဖိုင်ချင်းပြန်ပွင့်ကျ
မလိုအပ်ဘဲ သွားမနှုတ်သင့် အရွယ်မြန်မြန်ကျစေသတဲ့ သွားဟာ ဘဂဒက်စစ်မြေပြင်လိုကိုက် ချီလီငလျင်လိုကိုက်
သွားမနှုတ်ဘဲ အကြောဖြတ်လိုက်ရင်ရော လည်ချောင်းထဲ ချက်ချင်းပဲ သွားကိုဆေးတဲ့ ရေထိုးပိုက်ငယ်လေး
အထိအတွေ့ရလာပြီး အော်ဂလီဆန်မိ ကူးလက်စ စိတ်ဟာ မိုးထဲ ရေထဲ လေထဲ မျောပါသွားတဲ့အထိ
သွားဟာ မသွားဖြစ်သွားအောင်ထိ ဆက်တိုက်ဆက်တိုက်ကိုက် မားဆိုးဘာကြောင့် အာရပ်ကို သတ်
ပစ်ရသလဲဆိုတော့ အပူဒဏ်ကြောင့်တဲ့ သွားလည်း နည်းနည်းကိုက်ချင်ကိုက်နေမှာပေါ့
ဒါကိုကျတော့ ကာမျူးက ထည့်မရေးဘူး။ ။



လွန်းဆက်နိုးမြတ်
၂၃.၃.၁၀
နံနက်၀၀း၅၀နာရီ