Monday, June 28, 2010

လမိုက်ညနှင့် လက်ထပ်ခြင်း

လမိုက်ညနှင့် လက်ထပ်ခြင်း

ငါ့ရဲ့ အတိတ်ဟောင်းထဲမှာ
မိုးတိမ်တွေ ပြိုကျလာဦးမယ်
ကမ္ဘာကြီးကတော့ မုသာဝါဒတွေနဲ့ ဖောင်းပွ
ကာလလက်တံနဲ့အတူ ရွေ့လျားနေတဲ့
ကဗျာတစ်ပုဒ်ကတော့
ဒေါသတကြီးနဲ့ပဲ သူ့ကိုယ်သူ စုတ်ဖြဲပစ်လိုက်တယ်။

ချစ်ဦးသူရဲ့ မျက်နှာနွမ်းနွမ်း
ငါက ခေတ်ကြီးတစ်ခေတ်လုံး လွမ်းခဲ့ရတာ
သတိရလို့ ပြန်ပြီး တူးဖေါ်ကြည့်လိုက်တယ်
အနောက်တောင် မုတ်သုံလေရဲ့ ရယ်မောသံ
သူက မနက်ဖြန်တွေကို ငါ့ဆီက သယ်ဆောင်သွား
စကားတစ်ခွန်းတောင်မှ ပြောခွင့်မရလိုက်ဘူး။

စကားလုံး အကျိုးအပဲ့တွေနဲ့
ဒုက္ခပင်လယ်သေတစ်ခု၊ငါ့ခန္ဓာကိုယ်ထဲ ၀င်ပုန်းနေတယ်
အရှေ့မှာ မှောက်ထားတဲ့ ဖဲတစ်ချပ်တော့ရှိရဲ့
ဘာဖဲလည်းဆိုတာ ငါကိုယ်တိုင်မသိ
မိုးတိမ်တွေ တအိအိပြိုကျလာခါနီးပြီ

အတိတ်ဟောင်းကလည်း
ငါ့ဆီတဖြည်းဖြည်း ချဉ်းကပ်လာနေပြီ
သစ်ခြောက်ပင်ရဲ့ လက်ဖျံရိုးတွေက
လမင်းကို ရိုက်ချလိုက်တယ်။

အကျည်းတန်လွန်းတဲ့ လမိုက်ည
ငါ့ရင်ခွင်ထဲကျမှ လှချင်လည်း လှစေတော့
ဘ၀ဆိုတာ ကိုယ့်အကျိုးပေးနဲ့ ကိုယ်။ ။

ကိုနိုင်း
မဟေသီ၊အောက်တိုဘာ၊Y2K၊စာ-၁၂

No comments:

Post a Comment