Monday, July 12, 2010

အလံတိုင်

အလံတိုင်

စက်မှုလယ်ယာ မွှေနှောက်လို့
ကိုယ့်မြေကိုယ့်ယာစွန့်
နယ်သစ်ပယ်သစ် အလုပ်အကိုင်သစ်ရှာရတယ်
ငါဟာ“အုတ်ကီး”လား။
အခြေမဲ့ အနေမဲ့မို့ ရောက်ရာအိပ် တွေ့ရာစား
ခြေထောက်ကြို ခြေထောက်ကြား
မျက်တောင်ညို မျက်ထောက်ဆိုးတွေကြား
ကိုယ့်အတတ်နဲ့ကိုယ် ခရီးလှည့်လည်သွားရတယ်
ငါဟာ“ဂျစ်ပစီ”လား။
ဒီနေ့လည်း မသေချာ
နက်ဖြန်အတွက်လည်း မသေချာ
ဝင်ငွေရစရာ အလုပ်အကိုင်မရှိ
လူဆိုတဲ့ အမှတ်လက္ခဏာကလွဲ
နိုင်ငံသားလို့ ပြောရလောက်အောင်
သက်သေခံကတ်ပြားလည်းမပါ
သူငယ်ချင်းတစ်ယောက်အိမ် စုနေ
လက်ရှိခဏကို အလျဉ်းသင့်သလို ဖြေရှင်းရတယ်
ငါဟာ “ပီဆာနိုး”လား။
ကျွန်ဘ၀ကတော့ လွတ်မြောက်ပြီ
နေစရာအိမ်မရှိ စားစရာမရှိ
စစ်တပ်ကို အိမ်လုပ်
ဘ၀တူချင်း ပြန်စစ်ခင်းရတယ်
ငါဟာ“နီဂရိုး”လား။
အလိုမတူလို့
ဘ၀ကနေ စွန့်ခွာတဲ့အခါ
“ဗန်ဂိုး”မှာ သေနတ်တစ်လက်ရှိတယ်
“မာယာကော့ဖ်စကီး”မှာ သေနတ်တစ်လက်ရှိတယ်
“ဟဲမင်းဝေး”မှာ သေနတ်တစ်လက်ရှိတယ်
“ဂျက်လန်ဒန်”မှာ သေနတ်တစ်လက်ရှိတယ်
“ကာဝါဘာတာ့”မှာ သေနတ်တစ်လက်ရှိတယ်
“ကတ်ကိုဘိန်း”မှာ သေနတ်နှစ်လက်ရှိတယ်

မြို့မငြိမ်းသာ ဖိနပ်တစ်ရံသာ ချန်ထားခဲ့
ဒါပေမဲ့
အချစ်ဟာ အချစ်ပဲ စစ်ဟာ စစ်ပဲ
နိုင်ငံရေးဟာ နိုင်ငံရေးပဲ
တော်လှန်ရေးဟာ တော်လှန်ရေးပဲ
အနုပညာဟာ အနုပညာပဲ။

“မြိုမငြိမ်း”လို “ဗင်းဆင့်”လို
“ဟဲမင်းဝေး”လို“မာယာကော့ဖ်စကီး”လို
“ဂျက်လန်ဒန်”လို “ကာဝါဘာတာ့”လို
“ကတ်ကိုဘိန်း”လို
ငါ့ကိုယ်ငါ သတ်မသေနိုင်ဘူး။

“သန့်ရှင်းသော လက်တစ်စုံပေါ်
ဘာအမှုန်မှ မငြိတွယ်ပါစေနဲ့”

သမ္မတကြီးလုပ်ပြီး ရှစ်နှစ်အကြာ
သန်ရှင်းတဲ့ လက်တစ်စုံ
အိမ်ပြန်သယ်နိုင်ခဲ့တယ်တဲ့
“သောမတ်ဂျက်ဖာဆင်”ရေ
ခင်ဗျားကို လေးစားတယ်။

“ငါတို့ဟာ
မနက်ဖြန်မှာ သူရဲကောင်းတွေ ဖြစ်ရင်ဖြစ်
မဖြစ်ရင် အာဇာနည်တွေ ဖြစ်ကုန်လိမ့်မယ်”တဲ့။
နိုင်းမြစ်ဝှမ်းကို ဆန်တက်ခဲ့
“နယ်လ်ဆင်”ကို သတိရတယ်
“ဂျော့”လို
“လင်နီ”ကို ငါမသတ်ရက်ဘူး
“ဟာစရီပါး”လို
လူမြင်းတစ်ကောင် ငါအဖြစ်မခံနိုင်ဘူး
ပဉ္စမံတစ်ယောက်လို
ငါ့ကိုယ်ငါ ရောင်းမစားနိုင်ဘူး
ဘေးဒုက္ခနဲ့ ကြုံတဲ့အခါ
ကိုယ့်ရင်သွေးကိုယ်ပိုက်
“အဲလစ်ဇာ”လို
ရေခဲမျောတုံးတွေပေါ် ဖြတ်ပြေးမယ်။

“ဖော့ရက်စ်ဂန့်”လို
ငါ့ခြေထောက်တွေ
သန်မာသည်ထက် သန်မာအောင်
ငါလေ့ကျင့်မယ်။

“ကွန်မန်ချီ”တစ်ယောက်လို
ကိုယ့်မြေကိုယ့်ယာအတွက်
ကိုယ့်အသက်အိုးအိမ်စည်းစိမ်အတွက်...
ကိုယ့်မျိုးနွယ်အတွက်...
နောက်ဆုံးမြေ တစ်လက်မကျန်သည်အထိ
ငါခံတိုက်မယ်။
အချစ်ရေ
ကိုယ့်အလံနဲ့ကိုယ် အန္တရာယ်သင့်နေခဲ့
ငါဟာ အလံတိုင်လေးပါ။


လူအိမ်
သောင်းပြောင်းထွေလာရယ်စရာ၊မေ၊၂၀၀၃၊စာ-၁၅

No comments:

Post a Comment