Thursday, April 29, 2010

အရိုင်း

အရိုင်း

ဘယ်ဆီကိုမှ မဆက်သွယ်ချင်တဲ့ စိတ်နဲ့
လမ်းမကို ငေးတယ်။
ပတ်သတ်လာသမျှလူတိုင်းအပေါ်
ငါ့အတွေးက ပြန်မပြောနားမထောင်
ငါဟာ အချစ်ရေးမှာ ကံမကောင်းတဲ့ မြစ်ပဲ
မကြာခဏ ရည်းစားပြောင်းထားတယ်
သေသေကြေကြေ
တစ်ယောက်မှ သဘောမတွေ့ဘူး။
ဘ၀ကို ဆယ်လိုတိတ်လေးလို
ခွေလိပ်ကပ်တွယ်ထားလိုက်ချင်တယ်
သဲပေကျံနေတဲ့ဆပ်ပြာကို တိုက်မိခဲ့ပြီ
သွေးတောင့်အောင်ရပ်နေရတဲ့
အိမ်ရှေ့က ဗာဒံပင်ကြီးလည်း သေခါနီးပြီ
ပျော်ရွှင်မှုဟာ ငါ့ဆီကနေ
မနေ့ကပဲ ဆိုက်ကားငှားပြီး ထွက်သွားတယ်
ဈေးတောင် ဆစ်ပြုနေပုံမရပါဘူး။
ငါနဲ့ ဆယ်မိုင်ကွာပြီး
လမ်းပတ်လျှေက်တတ်တဲ့ကောင်
အဲဒီကောင်နာမည် အောင်မြင်မှုဆိုလားပဲ
ငါ့ဖြစ်တည်မှုတွေ အထစ်အငေါ့ဖြစ်ရပုံ
အလောင်းအစားဝါသနာမပါလည်း
အချိန်တန်တော့
အရှုံးကြီးက ရင်ဝမှာရဲလို့
အရိုင်းစိတ်လေး လက်သပ်မွေးမိတယ်
စကားလုံးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေတဲ့
ကမ္ဘာ။ ။


လွန်းဆက်နိုးမြတ်

ဖက်ရှင်မဂ္ဂဇင်း၊မတ်၊၂၀၀၇၊စာ-၁၅

No comments:

Post a Comment