Saturday, April 3, 2010

ကြေးဝါရုပ်တု

ကြေးဝါရုပ်တု

ဟောဒီ မြို့လယ်ခေါင်ကြီး
ငါ့ကို ဒီအတိုင်း ရပ်ခိုင်းထားကြတာ ဘာလုပ်မလို့ပါလိမ့်
တကယ်တော့ ငါ့မှာ သွားချင်တဲ့ နေရာရှိတယ်
ပြောချင်တဲ့ စကားလုံးရှိတယ်
အတိတ်ကာလဆန်တဲ့ ငါ့အရေပြား ၀ါညစ်ညစ် အရောင်မတောက်နိုင်တော့ဘူး
ငါရုန်းလိုက်တာနဲ့
ငါ့အသားတွေ တစ်စစီ ပဲ့ကျ ကြေမွကုန်မှာ
ငါ မသေတဲ့အကြောင်း နေ့တိုင်း အော်ပြောတယ်
မော်တော်ကားတွေလည်း မကြားဘူး
လူတွေက ဦးထုပ်နဲ့ တုတ်ကောက်နဲ့ လက်ဆွဲအိတ်နဲ့
လမ်းလျှောက်တဲ့ အလုပ်ပဲ အရေးတကြီး လုပ်နေကြ
ဒီလိုနဲ့ ကြေးဝါရောင်မျက်နှာနဲ့ ရုပ်တုတစ်ခုရဲ့ အော်သံဟာ
နေလုံးတစ်လုံး ပျောက်ကွယ်သွားတိုင်း နာကြဉ်းမှုတစ်ထပ် တက်လာခဲ့
ငါ ဒီအတိုင်း ရှင်သန်မနေချင်တော့ဘူး။
ဂုဏ်ပြုတာရော မထေမဲ့မြင် ဟာသလုပ်တာရော နှစ်ခုစလုံးကြောက်တယ်
ရုပ်တုတစ်ခုအဖြစ် ပြီးပြည့်စုံသွားတဲ့အခါ
ကိုယ်ပိုင်အတွေးအခေါ်အားလုံး ပျောက်ဆုံးသွားရ(ဦးခေါင်းအသုံးချစရာ မလိုလို့)
ငါ့ကို ပင်လယ်ကြမ်းပြင်အောက် ပစ်ချရင်တောင်
ဒီအတိုင်း တစ်သက်လုံး ရပ်နေရမယ့် အကောင်ပါ
အခြားမြို့တစ်မြို့က မိတ်ဆွေရုပ်တုဆီ စာတစ်စောင်ရေးဖို့
သူ့ရဲ့လိပ်စာကို ပေးပါ(ဒီလိုလေ…)
လူကြီးမင်းခင်ဗျာ…သင်ဟာ လီဆယ်ထားတဲ့ ကျမ်းစာတစ်စောင်ကို
ဖတ်နေရခြင်း မဟုတ်ပါ
ကျွန်တော်ဟာ ဒီမြို့ကလေးမှာ ရုပ်တုတစ်ခုမျှသာ ဖြစ်တဲ့အတွက်
ကျွန်တော့်အကြာင်းကို မပြောပြနိုင်ပါဘူး
ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ(ဘ၀)အနုပညာအားလုံး
ဝံပုလွေလို ပန်းပုဆရာလက်ထဲ ပေးအပ်ခဲ့ရ
ကျွန်တော်ဟာ လူတွေ နားမလည်နိုင်တဲ့
စကားများကို ပြောကြားသူအဖြစ်။
ဒီရာစုနှစ်ထဲ ကျန်ရစ်ခဲ့ပြီလား…
တဆိတ်-ကျွန်တော့်အကြောင်းကို စုံစမ်းပြီး
ကျွန်တော့်ဆီ အမြန်ဆုံး အကြောင်းကြားပေးစေလိုပါတယ်။ ။

ပိုင်
(သောင်းပြောင်းထွေလာရယ်စရာ၊ဖေဖော်ဝါရီ၊၂၀၀၃၊စာ-၇)

No comments:

Post a Comment