Monday, April 5, 2010

ခဏရပ်တန့်ထားခိုက်

ခဏရပ်တန့်ထားခိုက်

ငါ့အခန်းနံရံပေါ်မှာ
အ၀ါရောင်ကြောင်ရှိတယ်
ငါ့အီးမေးလ်အကောင့်ထဲမှာ
နောက်ကျောကိုပဲ ရွေးထိုးတတ်တဲ့ ဓားတစ်လက်ရှိတယ်( ငါဘယ်တော့မှ ဖွင့်မကြည့်ဘူး)
ငါကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်ကားက ရုံမတင်တော့ဘူး
ငါချစ်ချင်တဲ့ မိန်းမက မမွေးဖွားတော့ဘူး
ဆံပင်ရှည်ပြန်ထားမယ်
ပိုက်ဆံရှာနည်းသင်ရမယ်
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရခဲ့တဲ့ အတွေ့အကြုံအရ
ရက်စက်တတ်ဖို့နဲ့ ရယ်မောတတ်ဖို့ ငါ အချိန်ပေးလေ့ကျင့်ရမယ်( ဗီဇအရ သိပ်တော့မလွယ်ကူ)
ငါကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ ပညာက ခေါင်းကြောမာခြင်း
ဂျင်းဘောင်းဘီနဲ့ တီရှပ်အသစ်မ၀တ်နိုင်တာကြာပြီ
ငါပန်းခြံတွေကို ရှောင်ကွင်းပြီး လမ်းလျှောက်တယ်
ဘုရားမသွားဖြစ်ဘူး(သရဏဂုံတော့အမြဲတင်တယ်)
ဘာပဲလုပ်လုပ် အရင်ကထက် ငါပိုတွေးတယ်
တွေးသလောက် ယုံကြည်မှုမဲ့တယ်
ငါ့လက်ထဲ ဘာမှ ကိုင်မထားတဲ့ နေ့ရက်တွေဆို
မြစ်ဆိပ်ဖက် ငါရောက်တယ်
လူတွေ အရိုးစွဲပြီးသား သတင်းက
ငါဟာ ချောင်နေတဲ့မူလီ လွတ်နေတဲ့မှန်ကွဲစ
လူခြေတိတ်တဲ့ တချို့ညတွေမှာ
တိတ်တိတ်လေး ငါငိုကြွေးတယ်(ကိုယ့်ကိုယ်ကို ဘယ်လိုမှ ညာလို့မရတဲ့အချိန်တွေ)
ငါ အခု အရင်က ပြီးခဲ့တာတွေ ပြန်မတွေးဘူး
တခြားသူတွေ သတိမထားမိသလို
ငါ့လက်ဖျံပေါ်က အရှုံးအနိမ့်ဆန် ဒဏ်ရာတွေကို ငါမမြင်ဘူး
ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ် မွေးနေ့တွေကို ငါမုန်းတယ်
ကိတ်စအတော်များများကို ငါအမြဲနှစ်ခါပြန်လုပ်ရတယ်(အချစ်ရေး နှစ်ခါပြန် သစ်စာဖောက်ခံရတာအပါအ၀င်)
ဘ၀က အသက်ကြီးလာလေလေ
ကြယ်ကြွေညတွေ များလာလေလေ
ငယ်ငယ်တုန်းကလို ပြန်ဖြူစင်မလားအထင်နဲ့
မူကြိုကျောင်းရှေ့ ငါသွားထိုင်တယ်
လေထဲက အဓိပ္ပါယ်မရှိတဲ့ စက်ကူစွန်တွေကို အဓိပ္ပါယ်ရှိရှိ ငါငေးတယ်(အဓိပ္ပါယ်ဆိုတာဘာလဲ)
အရပ် ၅ပေ ၇လက်မခွဲ ကိုယ်အလေးချိန် ၁၅၀ပေါင်
ချစ်မှုပြုတာနဲ့ ဘောလုံးကန်ရတာကြိုက်သူ
ငါ့သရုပ်မှန်ဟာ စိပ်မွှာတွန့်ခေါက်နေတဲ့ နှင့်ဆီပွင့်ဖတ်တွေလား
လူမှုဒုတ်ခတွေအတွက် မရေရာဝိုးတ၀ါး အဖြေထုတ်ရင်း
တောထအောင် ပိန်းပိန်းပိတ်နှင်းမြူတွေရဲ့
မနက်ခင်းမှာ ထိုင်မိတယ်
အရိုးကွဲမတတ်နှင်းတွေအေးစက်နေလည်း
ပူလောင်မှုနဲ့ ငါ့အရေပြားဟာ အငွေ့တအူအူ
ငါ့အသေားအရေက ဟိုတုန်းကလောက် မဖြူတော့။ ။

လွန်းဆက်နိုးမြတ်

No comments:

Post a Comment