Saturday, April 24, 2010

တိုင်ကပ်နာရီ

တိုင်ကပ်နာရီ

ခင်ဗျားက
ကိုယ့်အကြောင်းကိုယ်ပြောဖို့ချောင်းနေသူလား၊
ကျွန်တော်က
ကိုယ်အကြောင်းကိုယ်ပြောဆိုခြင်းမှ
ထွက်ပြေးနေသူပါ။

သတိထား
သတိထား...သတိထား
သစ်ပင်အမြင့်ကြီးပေါ်တက်တဲ့အခါသတိထား
ကိုယ့်အကြောင်းကိုယ်ပြောတဲ့အခါ
သတိထား။

ငှက်တွေဟာ ပျံရင်းသေကြတယ်
လူတွေကတော့
ကိုယ့်အကြောင်းကိုယ်ပြောရင်းသေကြတယ်။

သိပ္ပံပညာအကြောင်းဟာ
သိပ္ပံပညာမဟုတ်ပါဘူး
ဂီတအကြောင်းဟာလည်း ဂီတမဟုတ်ဘူး
ခင်ဗျားပြောတဲ့ ခင်ဗျားအကြောင်းဟာ
ခင်ဗျားဖြစ်နိုင်ပါ့မလား။

ပန်းကလေးတွေဟာ
တစ်ပွင့်ပြီးတစ်ပွင့် သူတို့အကြောင်းသူတို့ပြောရင်း
သေဆုံးကြရ၊
ကြယ်ကလေးတွေ
တဖြုတ်ဖြုတ်ကြွေကျနေတာ
သူတို့အကြောင်းသူတို့ပြောနေတာပါ၊
အချိန်တွေ ဘယ်လိုသေဆုံးရတယ်ဆိုတာပြောပြဖို့တော့
တိုင်ကပ်နာရီတစ်လုံးနဲ့မလုံလောက်နိုင်ဘူးပေါ့။

သတိထား
သစ်ပင်အမြင့်ကြီးပေါ်တက်တဲ့အခါ သတိထား။ ။


ပိုင်စိုးဝေ
မြားနတ်မောင်၊ဂျူလိုင်၊၂၀၀၃၊စာ-၉

No comments:

Post a Comment