Friday, May 28, 2010

ကုန်စိမ်းဘူတာ

ကုန်စိမ်းဘူတာ

အသံမမြင်ရဘဲ လီဗာ လွတ်ပုတ်နေတဲ့ ဘူတာ
တက်သုတ်ရိုက်ပြီး ထမ်းကြ ပိုးကြ အော်ကြ ဟစ်ကြ
ဝေေ၀ဆာအောင် ပွင့်နေတဲ့ ဒေသသီးနှံ ကုန်စည်ဗရပွ
ခြင်းတောင်းနဲ့ တစ်မျိုး ကျန်ကျောင်းအိတ်နဲ့တစ်မျိုး
ခရီးသည်ကို စိတ်ဆိုးတာလည်း ဒီဘူတာပါပဲ

ပါဆယ်(ရထား) သံကြားမှ ကိုယ်စိတ်နှလုံးရွှင်ကြည်နိုင်သူများ
ငွေရဖို့ ငွေကိုရင်းသူ ငွေရဖို့ လူကိုရင်းသူ
ရုံးလုလင်၊ခရီးသည်၊ကုန်သည်ပွဲစား၊သီးနှံရောင်းသူ၊နေ့ပြန်သမား
အရက်သမား၊အရူး၊ရနံ့အရောင်ထူထူပြစ်ပြစ်
တိုးတိုးဝှေ့ဝှေ့ကြိတ်ကြိတ်
တစ်ယောက်နဲ့တစ်ယောက် နင်းတက်နေရာတစ်ခုအတွက် မနက်ခင်းတွေပျက်ခဲ့ပြီ
ဒါကိုပဲ ၀မ်းစာဆိုပြီး လက်ပိုက်ကြည့်နေတဲ့ဘူတာ

မြို့ပြကြီးကို ရွှေဖရုံနဲ့မြှူဆွယ်၊ပန်းဂေါ်ဖီနဲ့ မြှူဆွယ်
နံနံပင်နဲ့မြှူဆွယ်၊ပြောင်းဖူး၊သခွားသီး၊ဗူးသီး
မြေကြီးက ထွက်သမျှ အသီးအရွက်အရောင်စုံနဲ့ မြှူဆွယ်
တစ်ပဲခြောက်ပြားတွေ ရွှေဖြစ်ပြီး လောဘတွေ ထောင်းထောင်းထအောင် သီးနေလည်း
ဘူတာလေးက ရိုးသားတုန်းပဲလေ
ဘူတာလေးဟာ ရထားတွေဆုံပြီးတဲ့ အခါ
ဖုတ်ဖက်ခါရင်း သိက္ခာတစ်တိုကို အားပါးတရဖွာလို့
သူ့အရှေ့ဆီကို ငေးရီနေတော့တယ် နေ့စဉ်။ ။

တီကျူး
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၁၅

No comments:

Post a Comment