Friday, May 28, 2010

အဆင်ပြေသလိုကြည့်ပြော

အဆင်ပြေသလိုကြည့်ပြော

နယ်သစ်ပယ်သစ်မှာ မိတ်ဆွေသစ်နဲ့ အဆင်ပြေသလို ကြည့်ပြော
လူအုပ်ထဲ လမ်းလျှောက်ရင်း တိုးတိုက်မိတဲ့အခါ
အဆင်ပြေသလို ကြည့်ပြော
အိမ်ပြန်နောက်ကျလို့ မိဘက မေးရင် အဆင်ပြေသလို ကြည့်ပြော
အဆင်ပြေသလိုသာ ကြည့်ပြောလိုက်
“ဘာများအလိုရှိပါသလဲရှုင်”တဲ့
မီနီမားကတ်အရောင်းသမလေးက မေးတယ်
အဆင်ပြေသလို ကြည့်ပြော
လူကြီးမင်းရဲ့ ဂုဏ်သရေရှိစွာ ဖြတ်သန်းခဲ့တဲ့
ဘ၀အပေါ် သုံးသပ်ချက်တွေအတွက်
အင်တာဗျူးသမားလေးတစ်ယောက်ကို အဆင်ပြေသလို ကြည့်ပြော
ရင်ခွင်ထဲက ကောင်မလေး စိတ်ကောက်နေတဲ့အခါ
အဆင်ပြေသလို ကြည့်ပြော
နားထောင်၊အဆင်ပြေသလို ကြည့်ပြော
သတ်မှတ်ရက်အတွင်း မပြီးစီးတဲ့ အလုပ်တွေအကြောင်း
နှဖူးပြောင်ပြောင်အလုပ်ရှင်ကို အဆင်ပြေသလို ကြည့်ပြော
ချိန်းဆိုထားတဲ့ ကတိက၀တ်တွေ လွဲချော်သွားခဲ့ရင်
စီးကရက်ဗူးကို ထိုးပေးရင်း အဆင်ပြေသလို ကြည့်ပြော
သေသေချာချာတည်ကန်လိုက်ပေမယ့်
ဘားတန်းပေါ် ကျော်တက်သွားတဲ့ ပင်နယ်တီဘောလုံးအတွက်
နည်းပြဆရာကို အဆင်ပြေသလို ကြည့်ပြော
ကြည့်ပြော၊အဆင်ပြေသလို
ဘယ်ကိစ္စမဆို ခေါင်းမမာရဘူး အဆင်ပြေသလို ကြည့်ပြော
ဒီလိုပဲ ဘယ်ကိစ္စမဆို မပျော့ညံ့ရဘူး
အဆင်ပြေသလို ကြည့်ပြော
အကျဉ်းအကျပ်တစ်ခုထဲ
မတော်တဆရောက်တဲ့အခါ အဆင်ပြေသလို ကြည့်ပြော
ပျော်ရွှင်မှုတစ်ခုဆီ
အမှတ်မထင် စိုက်ဝင်မိရင် အဆင်ပြေသလို ကြည့်ပြော
ကြားလား၊အဆင်ပြေသလို ကြည့်ပြော
အခုနေ တစ်ယောက်ယောက်က
လူကြီးမင်းဘာလုပ်နေသလဲမေးလာရင် အဆင်ပြေသလို ကြည့်ပြော
ဒီကဗျာရဲ့ အဓိပ္ပါယ်အကြောင်း
ထပ်မေးလာရင်လည်း အဆင်ပြေသလို ကြည့်ပြော
ဘယ်အချိန်မှာပဲဖြစ်ဖြစ်
ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်
ဘယ်ဘာသာစကားနဲ့ပဲဖြစ်ဖြစ်
ဘယ်အရပ်ဒေသမှာပဲဖြစ်ဖြစ်
အမြဲတမ်း အဆင်ပြေသလို ကြည့်ပြော
ထပ်ပြောမယ်
အဆင်ပြေသလို ကြည့်ပြော။ ။


လွန်းဆက်နိုးမြတ်

ဖက်ရှင်၊နိုဝင်ဘာ၊၂၀၀၈၊စာ-၁၆

No comments:

Post a Comment