Friday, May 28, 2010

မက်လင်ပင်ကြီးအောက်မှာ

မက်လင်ပင်ကြီးအောက်မှာ

ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့ သေတ္တာကို
ဒီမနက်မှာ တစ်ဖန်
ဖွင့်ကြည့်လိုက်တော့
မက်လင်ပင်ကြီးများ ပေါက်ရောက်နေတာ တွေ့ရ။

ငါလေ
မက်လင်ပင်ကြီးတွေအောက်မှာ
တစ်ယောက်တည်းလျှောက်သွား
စာအုပ်တစ်အုပ်လောက် ရေးဖို့ စဉ်းစားမိ
အဲဒီစာအုပ်ဟာ“အကယ်၍”ဆိုတဲ့ စကားလုံးမပါတဲ့
စာအုပ်ပေါ့ကွာ။

ငါလေ မက်လင်ပင်ကြီးတွေအောက်မှာ
နာရီပေါင်းများစွာ ကြာမြင့်ခဲ့
ဝါကျတစ်ကြောင်းမှလည်း မရခဲ့ပါဘူး။

ချစ်ဇနီးရေ
မက်လင်ပင်ကြီးတွေအောက်မှာ
အမြဲပဲအေးစိမ့်နေတာဟာ
တစ်စုံတစ်ယောက် ငိုကြွေးခဲ့တဲ့ မျက်ရည်တွေ
စွတ်စိုယိုစိမ့်နေခဲ့လို့ပဲ ဖြစ်မှာပေါ့။ ။

နေမျိုး
၃.၂.၂၀၀၀တွင်ကွယ်လွန်ခဲ့သော
ချစ်ဇနီး မ၀င်းမေကွယ်လွန်ခြင်း(၂)နှစ်ပြည့်အမှတ်တရ
မဟေသီ၊သြဂတ်၊၂၀၀၂၊စာ-၁၃

No comments:

Post a Comment