Thursday, May 20, 2010

မျဉ်းဖြောင့်များ

မျဉ်းဖြောင့်များ

မေမေက
လတစ်စင်းရဲ့ အတွင်းအဇ္ဈွတ္တကို သင်ပေးတယ်
သားက
ကိုယ့်ရင်ဘတ်ကိုယ် မီးပြန်ညှိတဲ့ကောင်
မေမေက
လေပြည်တွေရဲ့ အသွားအလာကို သင်ပေးတယ်
သားက
ကိုယ့်ပါးစပ်ထဲကို မုန်တိုင်းတွေ သွတ် သွတ်သွင်းတဲ့ကောင်
မေမေက
အပြစ်ကင်းတဲ့ လမ်းကလေးတွေအကြောင်း ပြောတယ်
သားက
ကိုယ့်ခြေထောက်ကိုယ် ပိုးထိုးကျောက်တွေပေါ် လျှောက်ခိုင်းတဲ့ကောင်
အဲသလို အိမ်ဝေးသားဆိုးလေးရဲ့ အပြစ်
ခြောက်လသား အရေထူဖ၀ါးက
တလင်းပြင်ထဲ လေတယ်
အချိန်တန်တော့
မေမေ့အိမ်ကလေးရဲ့အတွင်းသားအနှစ်ကို လွမ်းတတ်ရဲ့။
မေမေ
သားစားကျက်မရှိတဲ့ ကွင်းပြင်ထဲ ရောက်တဲ့အခါ
နောင်တရ ခရာသံတွေ
ရှိုက်ကြီးတငင် ဖွင့်ထုတ်ပစ်လိုက်တိုင်း
အဝေးတိမ်အုပ်ထဲက
အနက်ရောင် ပန်းနှစ်ပွင့် ပန်တဲ့ကောင်မလေးက
သားကို လက်ယပ်ခေါ်တယ်။
မေမေ
မေမေကရောဟင်။ ။


မင်းတင်ကျော်(ဒိုက်ဦး)
ရုပ်ရှင်တေးကဗျာ၊နိုဝင်ဘာ၊၂၀၀၁၊စာ-၇

No comments:

Post a Comment