Friday, May 28, 2010

ရှင်သန်နေတယ်

ရှင်သန်နေတယ်


ခြံထဲမှာ စကားပြောတတ်တဲ့သစ်ပင်တွေစိုက်ထားတယ်
ရေစင်ပေါ်က တက်ကြည့်ရင် ခပ်လှမ်းလှမ်းက စိုက်ခင်းတွေကိုမြင်ရတယ်
အုပ်စုဖွဲ့ခရီးနှင်နေတဲ့ တိမ်တွေကိုလည်းမြင်ရရဲ့
ဒီရက်ပိုင်း ရေးဖွဲ့ဖြစ်သမျှမှာ ငါ ဆိုတဲ့ စကားလုံးမပါတာကောင်းတယ်
ကိုယ်စိုက်ထားတဲ့ သစ်သီး ကိုယ်စားသုံးခွင့်ရတာက ပိုကောင်းတယ်
လာမယ့်နွေဦးမှာ ခရီးရှည်တစ်ခုထွက်ဖို့ပြင်ဆင်ရမယ်
ဒါဟာ စိတ်ကူးစိတ်သန်းအသစ်တွေရရှိလာဖို့အကြောင်းဖန်ခြင်းပဲ
ခရီးထွက်တဲ့အခါ မိုင်ပေါင်းများစွာ ပြန့်ကျယ်တဲ့မြက်ခင်းပြင်ထဲ တစ်နေကုန်အောင် လှဲနေမယ်
ဦးခေါင်းထက်မှာကောင်းကင်ပြာပြာဟာ လွင့်နေတဲ့ တိမ်စိုင်တွေနဲ့ ကမ္ဘာလည်နေတာကို ခံစားမယ်
မြို့လေးတစ်မြို့က ဘီယာဆိုင်တစ်ဆိုင်ကိုလည်း ဆင်နားရွက်တံခါးလေးတွန်းဖွင့်ပြီး ခဏ၀င်နားမယ်
သဘောင်္ထိပ်ဦးမှာ ထိုင်ရင်း အပျော်တမ်းငါးမျှားတံလေးကိုင်လို့ ပင်လယ်ဆီလည်းသွားရဦးမယ်
ပေါင်တံရှည်မလေးတွေနဲ့ မိတ်ဆွေတွေဖြစ် ဇာတ်လမ်းတွေ ဘာတွေတောင် ဖြစ်ချင်ဖြစ်ဦးမပေါ့
မစားသောက်ဖူးတဲ့ ညစာတွေနဲ့ မရင်းနှီးခဲ့ဖူးတဲ့ ရိုးရာဓလေ့တွေကိုတော့ ဒိုင်ယာရီထဲ ရေးမှတ်ခဲ့ရမယ်
လူုဆိုတာ သဘ၀တရားကို အကုန်အစင်နားမလည်နိုင်ပေမယ့်
နားလည်ဖို့တော့ ကြိုးစားသင့်တယ်မဟုတ်လား
ကိုယ်က အနုပညာသမားဆိုတော့ ချစ်ခြင်းမေတ္တာကိုပဲ
နားလည်တတ်အောင် ရင့်ကျင်ခဲ့ပါတယ်
“ဟယ်လို စာပို့သမား” “ ရော့ ဒါ ခင်ဗျားအတွက် အဝေးက စာတွေ”
စာအိတ်တွေကိုဖောက်လိုက်တော့ ခိုဖြူလေးတွေပျံထွက်သွားပြီး
စကားပြောတတ်တဲ့ သစ်ပင်တွေပေါ်သွားနားတယ်
ဒါကြောင့်ပဲ ပေးပို့သူလိပ်စာတပ်မထားတဲ့ စာအိတ်တွေဟာ
အဝေးက မိတ်ဆွေတစ်ချို့ဆီကမှန်း အလိုလိုသိလိုက်ရပေါ့
သိပ်မကြာခင်က ပြန်ဆယ်ထားတဲ့ ရေတွင်းကလေးထဲ ငုံ့ကြည့်တော့
ကြည်လင်နေတဲ့ သံဝေဂတစ်ခုကို မြင်တယ်
ကြိုးတန်းရှည်မှာ လှမ်းထားတဲ့ အဖြူရောင်ရှပ်အင်္ကျီဟာ
လေတိုက်တိုင်း တဖျပ်ဖျပ်လွင့်ခါလို့
တစ်ခါမှ မမည်းညစ်ခဲ့ဖူးသလိုပုံစံမျိုးနဲ့လေ
သစ်တစ်ပင်ရဲ့ခြေရင်းမှာ စာအုပ်တွေထိုင်ဖတ်ရင်း
သစ်ပင်တွေအတိုင်း ကိုယ့်ဒဏ်ရာကိုယ်မေ့တတ်လာတယ်
ရှည်နေတဲ့ မုဆိတ်ကျင်စွယ်တွေရိတ်ပြီးရင်တော့
မြို့ကလေးဆီ သစ်စေ့အသစ်တွေ သွားဝယ်မယ်
စကားလုံးတွေမပါဘဲ မိတ်ဆွေတွေဆီစာပြန်မယ်
စကားပြောတတ်တဲ့ သစ်ပင်တစ်ပင်က ဒီင်္လိုပြောဖူးရဲ့
“တစ်ခါတစ်ရံမှာ ခံစားချက်ဆိုတာ စကားလုံးတွေမဟုတ်ကြဘူး
တိတ်တိတ်ကလေး ဆက်သွယ်ထားတဲ့
ယိုင်နဲ့နဲ့ကြိုးတံတားလေးတစ်ခုလောက်ပါပဲ” တဲ့
မိုးတွေ တအုန်းအုန်းရွာတဲ့အခါ
ခရီးကနေ ကိုယ်ပြန်ရောက်မယ်။ ။


လွန်းဆက်နိုးမြတ်

အိုင်ဒီယာ၊ဇူလိုင်၊၂၀၀၉၊စာ-၁၄
(ဒီကဗျာကို အိုင်ဒီယာမှာ ဖော်ပြခံရတော့ “မိုးတွေ တအုန်းအုန်းရွာတဲ့အခါ”ဆိုတဲ့စာကြောင်းဟာ ပါမလာခဲ့ပါဘူး။
အခုတော့ ကျွန်တော် အပြည့်အစုံရေးထားပါတယ်။အရသာမပျက်တော့ဘူးပေါ့ခင်ဗျာ)

No comments:

Post a Comment