ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်
ငါဟာ ရွက်လွှင့် ငါဟာရွက်လွှင့်ဆိုတဲ့ သီချင်းကို အော်ဆိုတယ်
ပြုဖူးခဲ့တဲ့ အပြစ်တစ်ခုအတွက် လူတွေကဲ့ရဲ့ကြတာ ဆန်းသလား
အိမ်ရှေ့လမ်းထွက်လျှောက်ရင်တောင် မြင်တဲ့သူက မတော်တဆလိုလို
( တကယ်က တမင်တကာ ) တံတွေးကို အသံမြည်အောင်ထွေးတယ် မျက်နှာ
ကို လေဖြတ်ထားသလို ရွဲ့ကြည့်တယ် အကြောင်းရှိလို့ အခေါ်အပြော
လုပ်ရင် ရွံသလိုလို တွန့်သလိုလို မကောင်းတတ်လို့ စကားပြန်ပြော
လိုက်ရတာလို့ သတင်းဖြန့်မယ် အဘိုးက တော်သလောက် အဖေက
ရည်မွန်သလောက် ဒင်းတို့ကျမှ မိုက်ရိုင်းလိုက်ကြတာ ကြုံကြိုက်လို့
တွေ့တဲ့အခါ အဝေးကြီးက ပတ်ရှောင်ပြ ပြီးရင် လက်ညှိုးငေါက်ငေါက်
ထိုး မကောင်းပြောကြ အုပ်စုဖွဲ့စည်ကားနေတဲ့ကြား ရောက်သွားရင်
ရှဲခနဲ ချက်ချင်း လူစုကွဲသွားကြ တစ်ကြိမ်တစ်ခါမှ မသိကျွမ်းဖူးသူ
ကတောင် ယောင်တောင်တောင်နဲ့ အမြင်ကတ်ခြင်းခံရ ဒီလိုနဲ့ ခုနစ်ရက်
ပြည့်လို့ လမ်းမှာတွေ့တော့ အလကားနေရင်း ပြုံးပြတာကြုံတယ်
ဒီအင်္ကျီ ဘယ်ကဝယ်သလဲ ဒီဖိနပ်နဲ့ သိပ်လိုက်တာပဲ အကြောင်းမဲ့သပ်
သပ် ထမင်းစားဖိတ်ကျွေးတာခံရ မတွေ့ချင်လို့ ရှောင်သွားရင်တောင်
နောက်က ဇွတ်အတင်း လိုက်နှုတ်ဆက်ကြ တော်လွန်းလို့ အိမ်ကသား
သမီးတွေကို ဆုံးမတိုင်း ထည့်ထည့်ပြောရတယ် မျိုးရိုးက ဂွတ်ရှယ်
ဘမျိုးဘိုးတူ သားသမီးတွေလေ အကြောင်းမရှိ အကြောင်းရှာ ဖုန်းတ
ဂွမ်ဂွမ် လှမ်းဆက်ကြ ကိုယ်ရေးကိုယ်တာပြဿနာအတွက် အကြံဥာဏ်
တွေ တောင်းလားတောင်း ထင်းရေးမီးရေး လာတိုင်ပင်လို့တိုင်ပင် ဘာမဆို
ခင်ဗျားထောက်ခံမှုလေးပါမှ လုပ်ဝံ့တယ်ဆိုသူကဆို ဒီမှာတော့ ဆရာကြီး
စတိုင်လ်နဲ့ပဲ နေရတော့မလိုလို ဘဝင်ပဲ မြင့်ရတော့မလိုလို အနေအထားမှာ
နောက်ထပ်ခုနစ်ရက်တစ်ခါ ပြည့်ပြန်တော့ ငါဟာရွက်လွှင့်
ငါဟာ ရွက်လွှင့်ဆိုတဲ့ သီချင်းက တစ်ကနေ ပြန်စပါလေရော ။ ။
လွန်းဆက်နိုးမြတ်
၆ . ၂ . ၀၉
နံနက်၀၀း၁၀ နာရီ
နာမ်မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment