“ခင်ဗျားတို့ရှေ့ကို ရောက်လာတဲ့ နေ့စွဲတစ်ခုနဲ့ နာရီကို ကြည့်ပါ”
ဖွဲ့စည်းခြင်း(၂)
ကျွန်တော်က စာမသင်ချင်ဘူး ဆေးထိုးအပ်ကြောက်တယ်
သူ့အလိုလို တတ်ပြီးသား လမ်းကို လျှောက်ချင်တယ်
ကျွန်တော့်သားကို မိန်းမက ရိုက်တယ် ကျွန်တော်က ရိုက်တယ်
ကျွန်တော့်မိန်းမက ကျွန်တော့်ကို ဆဲတယ်
(မချစ်လို့ မဟုတ်မှန်း လူတွေက သိကြတယ်)
မှန်ဗွီရိုကို ကက်ဆက်တိတ်ခွေတွေကို
ကျွန်တော်က အကြည့်နဲ့ ခွဲခဲ့တယ်
သနပ်ခါးကျောက်ပြင်က မိန်းမသားရှိတယ်ဆိုတဲ့ သင်္ကေတပေါ့
ကျွန်တော်က
ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုးလား(ရုပ်ဆိုးတယ်)
သည်းခြေဆိုတာ အရှင်လတ်လတ် ကြက်နဲ့ငါးတွေမှာပဲ တွေ့ဖူးတယ်
အရူးဆေးတွေမှန်း သိရက်နဲ့ နေ့စဉ်သုံးစွဲတယ်
အဲဒီတုန်းက ကျွန်တော့်ပုံတူကို ရေးပေးတဲ့ မိတ်ဆွေပန်းချီဆရာနဲ့
ကျွန်တော့်ကဗျာတွေကို သူက ပန်းချီလို့ သတ်မှတ်ပြီး
သူ့ပန်းချီကားတွေကို ကျွန်တော်က ကဗျာလို့ သတ်မှတ်ခဲ့တယ်
မန္တလေးကို ကျွန်တော်က ခွဲခဲ့တယ်(ပြီးတော့ ကျွန်တော်ပဲ လွမ်းနေတယ်)
ကိုယ့်ကိုယ်ကို အမုန်းများနေလို့ မိန်းမယူတယ်
လမ်းက ကျွန်တော်ဟာ သူ့လူလို့ အလုခံရတဲ့အထိ
အတိတ်ကို မေ့လို့ရတဲ့အထိ ပျော်ရွှင်တယ်
ဆံပင်ရှည်ကို ဖြတ်ပစ်လိုက်တဲ့ ၂၄.၄.၉၇နေ့စွဲနဲ့
ရန်ကုန်ကို မနက်(၈း၃၁)မိနစ်မှာ
စတင်ခြေချခဲ့တဲ့နေ့စွဲ ၅.၅.၉၇ကို စာအုပ်ပုံအဟောင်းထဲ
လက်ကျိုးဖူးတဲ့ ဓာတ်မှန်ကော်ပြားနဲ့အတူ ပြန်ရတယ်
ကျွန်တော့်မှာ ပျော်ရွှင်တာ မရှိဘူး သရုပ်မမှန်တာ မရှိဘူး
ကျွန်တော်မပျော်ရွှင်တဲ့အတွက် သူတစ်ပါးကိုလည်း
စက္ကူစွန်လေးတွေ လွှတ်နေတာ မကြည့်ချင်ဘူး
လူဟာ သကြားလုံးတစ်လုံးမဟုတ်မှန်း ပုရွက်ဆိတ်တွေက သိတယ်
ကျွန်တော်က ဘာမှမသိဘူး။ ။
ဟိန်းမြတ်ဇော်
ချယ်ရီ၊သြဂတ်၊၂၀၀၂၊စာ-၁၀
Subscribe to:
Post Comments (Atom)
No comments:
Post a Comment