Thursday, April 29, 2010

လမ်းသလားခြင်း ၁၂၃၄၅၆၇၈

လမ်းသလားခြင်း ၁၂၃၄၅၆၇၈

အခန်းအောင်းရေးခဲ့တဲ့ ကဗျာတွေဟာ ပျင်းရိစရာပဲ
ငါ ရေးသားခဲ့တဲ့ ကဗျာတွေထဲကနေထွက်ပြီး
ငါ လမ်းသလားရမယ်။

ငါ့အတွက် မြို့ကလေးဟာ ဟောင်းနွမ်းနေရှာပြီ
ငါနေထိုင်ခဲ့တဲ့ မြို့လေးထဲကနေထွက်ပြီး
ငါလမ်းသလားရမယ်။

အဲဒီမှာ...
ပိရမစ်တွေ၊ယာခင်းတွေ၊ရေတံခွန်တွေနဲ့
တစ်စုံတစ်ခုတော့ သစ်သစ်လွင်လွင် ရှိနေရလိမ့်မယ်။
အဲဒီသစ်လွင်မှုတွေ ဖမ်းဆုပ်ပြီး
ငါပြန်လာတဲ့အခါ
ကဗျာတစ်ပုဒ်ကို နံပါတ်စဉ်အများကြီးဖွဲ့မရေးတတ်လို့
နံပါတ်စဉ်အများကြီးနဲ့ ကဗျာတစ်ပုဒ်ရေးဖွဲ့မယ်။

ရိုးရာဂီတသာတပ်မက်တဲ့ ကော်ဖီဆိုင်ပုပုလေးတွေရဲ့ တေးသွားဆီ
ငါလမ်းသလားမယ်။
ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ အတွေးအခေါ်အသစ်စက်စက်ဆီ
ငါလမ်းသလားမယ်။
“တင်”တုတပ်ဆင်ထားတဲ့ မိန်းမလျာတွေရဲ့ ရယ်မောသံဆီ
ငါလမ်းသလားမယ်။
စက္ကူနဲ့ပြုလုပ်ထားတဲ့ ရောင်စုံမီးပုံးလေးတွေရဲ့ ဖယောင်းမီးတောက်ဆီ
ငါလမ်းသလားမယ်။
ဝေလီဝေလင်း ခရေပွင့်ထကောက်တတ်တဲ့ ယာဉ်ကျေးမှုဆီ
ငါလမ်းသလားမယ်။
ဆံပင်ကြိုးစည်းထားတဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ဂစ်တာတစ်လုံးဆီ
ငါလမ်းသလားမယ်။
ဆယ့်နှစ်ရာသီစီးဆင်းတဲ့ စမ်းချောင်းသွယ်လေး နံဘေးနားဆီ
ငါလမ်းသလားမယ်။
ဆီးနှင်းထူထပ်တဲ့ ဆောင်းအသစ်တစ်ခုရ့ ချယ်ရီတောလေးဆီ
ငါလမ်းသလားမယ်။

ဘယ်လို ပိရမစ်အဆောက်အဦးပဲဖြစ်ဖြစ်
တစ်နေ့တော့ ပျောက်ကွယ်သွားမှာ သေချာနေပေါ့
ယာခင်းတွေက ဥတုစက်ဝန်းထဲ
စိုက်ပျိုးကြ
ပြီး...ရိတ်သိမ်းလိုက်ကြနဲ့။
ရေတံခွန်တွေက တဟဲဟဲအော်မြည်စီးဆင်းဆဲ
မြို့ဟောင်းကလေးနဲ့ ပျင်းရိဖွယ်ကဗျာတွေအတွက်
ငါကတော့ သစ်လွင်မှုတွေရှာဖွေကာ
လမ်းသလားပြီးရင်း
လမ်းသလားမယ်
လမ်းသလားခြင်း ၁၂၃၄၅၆၇၈။ ။


လွန်းဆက်နိုးမြတ်
ရုပ်ရှင်အမြုတေ၊ဇွန်၊၂၀၀၆၊စာ-၈၀

No comments:

Post a Comment