ကျောနံပါတ်မှားသွားတဲ့ပုံပြင်
ဒီအသက်အရွယ်ထိ
သဘာဝတရားကြီးက အလွမ်းနဲ့ပဲ
ပစ်ခတ်တယ်
မေမေရယ်
ကျွန်တော့်ဆံပင်တွေသာ
ကမ္ဘာမြေပေါ်
တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ကျသွားခဲ့ပေါ့။
ချစ်ခြင်းမေတ္တာအရိပ်အောက်
ငြိမ်းအေးစွာခိုလှုံခွင့်
မှိုတက်နေတဲ့ ကျောပိုးအိတ်ထဲ
မနက်ဖြန်အတွက် မျှော်လင့်ချက်တွေထည့်လို့။
ဘ၀တစ်ခုလုံးရဲ့
နာရီစက်သံလေးအိုစာလာတာကလွဲရင်
ကျွန်တော်ဟာဘာကိုမှ မပိုင်ဆိုင်ရသေးပါဘူး။
သစ်ရွက်ကြွေသံတွေကြားတိုင်း
မျက်ဝန်းမှာ နှင်းငွေ့တွေဆိုင်းလာတတ်ရဲ့။
မေမေရယ်
ကျွန်တော်က
မှားယွင်းပြီးသားတေးတစ်စကိုပဲ
နှလုံးသားနဲ့ အထပ်ထပ်သီဆိုနေမိခဲ့တာပါ။
ညပြာပြာ လရောင်ဝေးဝေး
မရေမရာ အိပ်မက်အစအနတွေနဲ့
သွေးရိုးသားရိုး နောက်ကျခြင်းများ။
ကောင်းကင်က အမြင့်ပျံငှက်တွေဆီ
တစ်ရံတစ်ခါမော့ကြည့်ဖြစ်တယ်
ပန်းမပွင့်သေးတဲ့ ဥယျာဉ်လေးအတွက်
တောင်းဆုတွေ များပြားလွန်းတယ်။
မေမေရယ်
မိုးခါးတွေရွာသွန်းနေတဲ့ လမ်းအပြန်
မေမေ့အိပ်ယာဝင်ပုံပြင်ထဲက
အဖော်ကွဲသိုးငယ်ကလေးဟာ ကျွန်တော် ဖြစ်နေပါပေါ့လား။ ။
လွန်းဆက်နိုးမြတ်
ပိတောက်မြေ၊စက်တင်ဘာ၊၂၀၀၄၊စာ-၂၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment