မြစ်ယောင်ယောင်
ဝန်တင်သင်္ဘောကြီးတွေ တရွေ့ရွေ့
မြစ်ကိုတော့ ကိုယ်မမြင်ရသေးဘူးပေါ့။
ဟိုလှမ်းလှမ်းက မတ်ရပ်
လူတစ်ယောက် တစ်စုံတစ်ရာကိုအော်နေ
လက်နှစ်ဖက်ကို ပါးစပ်ဘေးမှာ စုကာပြီး
အသံကို ဘယ်လောက်ကြီးကျယ်လောင်အောင်
အားစိုက်ထုတ်လွှင့်လိုက်သလဲ
ကိုယ်ကတော့ အော်နေတာကိုပဲရိပ်မိပြီး
ဘာသံကိုမှ မကြားရ
ဝေးလွန်းလို့လားဆိုတော့လည်း မဝေးပါဘူး
နားတွေပင်းပြီလားဆိုတော့လည်း မပင်းပါဘူး
ဒီလိုပါပဲ အော်သူကအော်ပြီး
ကြားသူက မကြားရတာ
အဲဒီအနီးအဝေးတွေနဲ့
အဲဒီနားကောင်းမကောင်းနဲ့
အမြဲတမ်း မသက်ဆိုင်ဘူးတဲ့
လေသံတီးတိုးပွတ်သပ်
ကိုယ့်ဘေးမှာ ရပ်နေတဲ့ တစ်စုံတစ်ယောက်ကပြောတယ်
မြစ်ကိုတော့ ကိုယ် မမြင်ရသေးဘူးပေါ့
သူ့ကိုတော့ သံသယနဲ့ကြည့်လိုက်တယ်
သိသလိုလို သိယောင်ယောင် တစ်စုံတစ်ယောက်ဆိုတာကလည်း
မျက်လုံးက အကန်းလို ကြောင်တောင်တောင်နဲ့
ခြေထောက်က ၀ါးလုံးကြီးလို တောင့်တင်းတင်းနဲ့
ကိုယ့်အမြင်ကို သိသွားသလိုပဲ
မျက်လုံးဆိုတာလည်း အခါခပ်သိမ်းမြင်ဖို့မဟုတ်
ခြေထောက်ဆိုတာလည်း အခါခပ်သိမ်းသွားဖို့ မဟုတ်တဲ့
ထပ်ပြောပြန်တော့တယ်
မြစ်ကိုတော့ ကိုယ် မမြင်ရသေးဘူးပေါ့
သင်္ဘောကြီးတွေ ရွေ့ရွေ့ဝေး။
တော်ပါပြီကွာ
ဟောဒီ…သဲသောင်စပ်တွေမှာ
ညနေခါ ရေလာမခပ်တော့ပါဘူး
မင်းတို့မြစ်တွေက မှော်ဆန်လွန်းတယ်လို့
ပြောပြီး ကိုယ်ပြန်ခဲ့။ ။
စန်းဦး
(ရုပ်ရှင်အမြုတေ၊ဇွန်၊၂၀၀၃၊စာ-၁၂)
Saturday, April 3, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment