Saturday, April 24, 2010

မျိုသိပ်ထားတဲ့ကိစ္စ

မျိုသိပ်ထားတဲ့ကိစ္စ


ဒီလေထုထဲမှာပဲ
ဘယ်နှစ်ခါ ပြန်ပြန်ရှင်နေမှာလဲလို့
မေးတယ်။

မနေ့ခပ်နွမ်းနွမ်းက ကောင်းကင်ပါ
တိမ်စိုင်တွေအုပ်လိုက်
ငါမြင်ဖူးပြီးသားပေါ့
ယခင်အနံ့ထက်ပိုစူးတဲ့
လေပြေက နည်းနည်း
လေးပင်တယ်။
ပါးပြင်ပေါ်က လှိုင်းတွေကို
ငါရိတ်သိမ်းပြီးစ
နှစ်ပေါင်းများစွာကလိုပဲ

ရှိုက်နမ်းနေကျ
အပြစ်ပါးပါးလေး
ရင့်မှည့်ဖို့

သနပ်ခါးမသွေးတဲ့ နေ့များများလိမ့်ပြို
အဲ့သလို မျက်ရည်နဲ့ညပါ
မငိုနဲ့ကွယ်
ထားတော့
ဒီမြစ်ရေမှာ ငါမူးအောင် ချိုးခဲ့တဲ့
အလွမ်းနဲ့
လှေကားထစ်တွေကို ဖျက်ရအောင်နော်

ငါက
သစ်ရွက်လေးတစ်ရွက်ကိုတောင်မှ
စိမ်းစိမ်းကြည်ကြည် ဖဲ့ချွေဖူးခဲ့တာမှ
မဟုတ်ခဲ့တာ။

ရိုင်းပြတဲ့ မုတ်သုန်မိုးတွေလည်း
သူ့အလိုကျ ရှိစေလို့
မငြိုငြင်တတ်ခဲ့တာ
ရဲရဲကြီး မေ့စွမ်းနိုင်ခဲ့ပြီး
ရဲရဲကြီး လွမ်းဆွတ်ခဲ့ဖူးတဲ့
မရက်စက်လိုခြင်းသာ
ရင်ထဲကို ကြည့်စွမ်းတဲ့
လှိုင်းဖမ်းကမ်းခြေလို
အစာနာပိုခဲ့တာ
(အထူးသဖြင့်)
နားလည်ခွင့်မရှိတဲ့
လမ်းလျှောက်ရင်လှနေဆဲဖြစ်တဲ့
ပေါ့ပါးရယ်သွေးခဏလေးတွေ ရှည်လျားစွမ်းတဲ့
ဘယ်အရပ်က ကြည့်ကြည့် ကြည်လင်တဲ့
တိမ်ရုပ်တစ်ရုပ်ကို
အလှမွေးဖို့
မြေကမ္ဘာယောင်ဆောင်ခဲ့သူ။ ။


ဇော်ထွဋ်နိုင်
ရနံ့သစ်၊ဇွန်၊၂၀၀၁၊စာ-၁၇

No comments:

Post a Comment