Saturday, April 3, 2010

အသံ

အသံ

ညရဲ့
တိတ်ဆိတ်ခြင်းထဲက
အသံကို
ကြားလိုက်ရတယ်။

တိတ်ဆိတ်ခြင်းထဲမှာ
အသံရှိတယ်ဆိုတာလည်း
ယုံလိုက်ရတယ်။
အဲဒီအသံကို
တကယ်ပဲကြားလာရခြင်း
ဖြစ်တယ်။
ဟော…
ပြောရင်း
အသံတွေဟာ
လေချွန်လာသလိုမျိုး
အဝေးက
တစ်စတစ်စ
စူးစူးရှရှပြေးလာနေကြပြီ။
မုန်တိုင်းတွေ
ပင်လယ်လှိုင်းရိုက်သံတွေ
မိုးကြိုးထစ်သံတွေ
သစ်ကိုင်းကျိုးသံတွေ
အိမ်ပြိုသံတွေ။
နောက်
တစ်စတစ်စ
ပြန်ဝေးသွားတဲ့အခါ
လေပြေလေညင်းတွေအဖြစ်
ပန်းပွင့်ကလေးတွေ
ခြွေသွားခဲ့ပြန်ရဲ့။
ညဟာ
ငြိမ်ကျသွားတယ်။
တိတ်ဆိတ်ခြင်းဟာ
တိတ်ဆိတ်ခြင်းအဖြစ်နဲ့ပဲ
ရှိနေတော့တယ်။
အဲဒီအသံတွေကို
ဖမ်းမမိတော့ဘူး။ ။

ပိုင်
(အနှစ်စိမ်း၊ခေတ်ပေါ်ကဗျာနှင့် ခံစားမှုဆောင်းပါး၊စာ-၁၁၊၁၂)

No comments:

Post a Comment