မေမေမွေးတဲ့မြို့ကလေး
လူမသိသူမသိ ဒဏ္ဍာရီများစွာ
သွပ်သွင်းထားတဲ့ မာယာရှင်မူးမြစ်ဟာ
မလောက်လေး မလောက်စား ထင်ချင်စရာ ကောင်းနေတုန်း
တကယ့်တကယ်ကျတော့
“လူသားစားသတ္တ၀ါကြီးတစ်ကောင်ပါပဲ”လို့
ငယ်ငယ်က မေမေ ကျွန်တော့်ကို ပြောဖူးတယ်။
အဲဒီ့မြစ်ကြီးရဲ့ ပုခုံးကိုမှီပြီး
“ရေဦး”ဆိုတဲ့ အညာမြို့ပေါက်စကလေးဟာ
တိုးတိုးတိတ်တိတ် ငြိမ်သက်
အိမ်နြေ္ဒရှိရှိ ငုတ်တုတ်ထိုင်နေလေရဲ့။
အဲဒီ့မြို့ကလေးမှာပေါ့
ကျွန်တော့်ကို ပိုးလိုမွေးခဲ့တဲ့ မေမေ့ကို
မေမေ့ရဲ့ မေမေက ပိုးမွေးသလို မွေးခဲ့တယ်။
မေမေမွေးတဲ့ မြို့ကလေးမှာပေါ့
နံနက်ခင်း ကောက်ညှင်းပေါင်း အငွေ့တထောင်းထောင်း
အကြော်စုံ(လတ်လတ်ဆတ်ဆတ်)
နွားနို့မလိုင်များ ပေါလောပေါ်နေသော
သဘောခပ်ကောင်းကောင်း လက်ဖက်ရည်ဆိုင်များ
(လတ်လတ်ဆတ်ဆတ်)
မီးတိုင်အောက် အုတ်ခုံပေါ်
ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပျော်ကြသော ဂစ်တာဝိုင်းများ
(လတ်လတ်ဆတ်ဆတ်)
မျက်စိတဆုံး မြေနီလမ်း လေညှင်းခံ ခြေလှမ်းများ
(လတ်လတ်ဆတ်ဆတ်)
စက်ဘီးတွေနဲ့ ဗိုက်ပြည့်နေတဲ့ မြို့ကလေး
“တခွပ်ခွပ်”စည်းချက်များ အသက်ဝင်နေတဲ့ မြို့ကလေး
ယဉ်တစ်မျိုးလှ ပါးကွက်ကြား အပျိုမတို့ရဲ့ မြို့ကလေး
ရွှေအိုရောင် ဆည်းဆာအလှကို ရှင်းရှင်းလင်းလင်း
မြင်ခွင့်ရတဲ့ မြို့ကလေး
မြစိမ်းလွင်ပြင်နုတို့ ယိမ်းထိုးထူပြောနေတဲ့ မြို့ကလေး
အရုဏ်ဦး တုံးမောင်းခေါက်သံသဲ့သဲ့နဲ့ မျက်နှာသစ်တတ်တဲ့
မြို့ကလေး။
အညာဆန်လို့ ရိုးသတဲ့လား
“မေမေမွေးတဲ့မြို့ကလေး”ဟာ
ဆည်းလည်းသံလေနုအေးမှာ
တမာရနံ့သင်းသင်း
အပူအပင်ကင်းကင်း…
အရာရာကိုရောင့်ရဲ
စကားလည်း အလွန်နည်းလှတယ်။ ။
ဖိုးဆောင်း
(ရုပ်ရှင်တေးကဗျာ၊ဧပြီ၊၂၀၀၃၊စာ-၁၂)
Saturday, April 3, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment